သရော်စာ

ရန်လိုကျွဲ – သင်တန်းဆရာ ဘဘ

ရန်လိုကျွဲ – သင်တန်းဆရာ ဘဘ

ဒီဇင်ဘာ ၃၊ ၂၀၁၄

 

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ  ဖြစ်ပေါ်နေသော ဒုက္ခသီရိ နေပြည်တော်ကြီးတွင် စာဖတ်နေသည့် ချိုကုပ်ဒူးကြီး အလုပ်အကိုင် အသစ်ရနေပြီဆိုသောကြောင့် သူ့ကို အင်တာဗျူးရန်  သတင်းထောက် ရန်လိုကျွဲ သွားရောက်ရပြန်သည်။

ထုံးစံအတိုင်း သူ၏ နန်းတော်ကြီးတွင် တွေ့ကြ ဗျူးကြခြင်းဖြစ်၏။

သတင်းထောက်က ဦးစွာ နှုတ်ခွန်းဆက်လိုက်သည်။

ရန်လိုကျွဲ။     ။ ကျန်းခံ့သာလို့ မာပါစ ဘဘ။

ချိုကုပ်ဒူးကြီး။     ။ မာပါသကွဲ့၊ မာပါသကွဲ့။ သို့သော်လည်း ငါ့ရဲ့ကြိုင်လုံးငယ်ကတော့ မာလှတယ်လို့တော့ မဟုတ်ပါဘူး။ လူကြီးဆိုတော့လည်းကွာ…ဒီလောက်တော့ ရှိမပေါ့။

ကျွဲ။     ။ အဘ ဘာတွေ လုပ်နေသလဲ။

ဒူးကြီး။     ။ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကြည့်နေတာပေါ့ကွ။ ဒီပွဲကြီးကတကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ဂလိုဘယ်ပွဲကြီး၊ ဂလိုဘယ်ပွဲတွေကြည့်မှ ဘဘတို့က ဂလိုဘယ်ဘဘ ဖြစ်မယ်၊ ကမ္ဘာနဲ့ဝင်ဆံ့မယ်လေကွာ။  ကဲ… ဆိုစမ်း… မင်းရဲ့လာရင်းကိစ္စ။

ကျွဲ။     ။ ဟုတ်ကဲ့ပါ ဂလိုဘယ် … အဲ … ဘဘ။ ကျွန်တော်က နေပြည်တော် ကျောက်မျက်ပွဲတော်သတင်းယူရင်း ဒီဘက်မှာ ဘာတွေများ အပြောင်းအလဲတွေရှိသလဲဆိုတာ သိချင်လို့ လာခဲ့တာပါ။

ဒူးကြီး။     ။ အပြောင်းအလဲကတော့ အမြဲတမ်း ရှိနေပါလိမ့်မယ်။ မရှိလို့ မဖြစ်ဘူးကွ။

ချိုကုပ်ဒူးကြီးက စကားလည်းပြော၊ စားပွဲပေါ်မှ ကွမ်းအစ်ကိုလှမ်းယူပြီး ကွမ်းတစ်ယာ ယာပြီး စားသည်။ သူ အငြိမ်းစားယူပြီးကတည်းက ကွမ်းယာ ပိုစားဖြစ်သည်ဟူ၏။  ကွမ်းပလုပ်ပလောင်းဝါးပြီး  သတင်းထောက်ကိုမေးခွန်းထုတ်လေသည်။

ဒူးကြီး။     ။ ကဲ…ရှင်းရှင်းလင်းလင်း တိတိပပ ပြောစမ်း… မင်းဘာတွေကြားလာလို့ ငါ့ဆီရောက်လာပြန်တာလဲ။

ကျွဲ။     ။ ဒီလိုပါ… အဘ အလုပ်အကိုင် အပြောင်းအလဲရှိတယ် ကြားလို့ပါ၊ အခုဘောလုံးပွဲတွေ ကြည့်နေတယ် ဆိုတော့ အဲဒီအလုပ်အကိုင်သစ်က ဘောလုံးပွဲကြည့်တဲ့အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်၊ ဟုတ်ပါသလား။

ဒူးကြီး။     ။ (ကွမ်းကို ဗျစ်ခနဲ တစ်ချက် ထွေးရင်း) ခပ်ညံ့ညံ့သတင်းသမားထဲ မင်း ပါနေပြန်ပြီထင်ပါရဲ့။ ဘောလုံးပွဲကြည့်တယ်ဆိုတာ အလုပ်အကိုင်မဟုတ်ဘူးကွ၊ စိတ်အပမ်းဖြေတာ။ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးတာ။ တကယ်လို့များ ကမ္ဘာ့ဖလားမှာ တို့ ဒုက္ခသီရိတိုင်းပြည်ကြီး ဝင်ကန်နေတယ်ဆိုပါစို့ကွာ… အေး … အဲဒါဆို … ဘောလုံးပွဲကြည့်ပြီး ကိုယ့်အသင်းကို အားပေးခြင်းဟာ မျိုးချစ်စိတ်ရှိတယ်ဆိုတာကို ပြသရာရောက်တယ်ကွ။ မှတ်ထား …. သတင်းထောက်လေး၊ မင်းတို့ … ဘကုံးခြောက်လုံးသိရုံ၊ အသံဖမ်းစက်လေးဆောင်ထားနိုင်ရုံနဲ့ သတင်းထောက်တစ်ယောက်ရဲ့ ကွာလတီ ပြည့်စုံလေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်မထားနဲ့။

အဘ၏ လက်ချာကို စိတ်ဝင်စားဟန်ပြပြီး အတန်ကြာ နားသောတဆင်လိုက်သည်။

ချိုကုပ်ဒူးကြီး လက်ချာ ခဏနားပြီး ကွမ်းတစ်ချက်ထွေးထုတ်ချိန်တွင်ထပ်ဆင့်မေးခွန်း ကမန်းကတန်း ထုတ်လိုက်ရ၏။

ကျွဲ။     ။ ဒါဆို အဘရဲ့ အလုပ်အကိုင်အသစ်က ဘာဖြစ်မလဲခင်ဗျ။

ဒူးကြီး။     ။ သင်တန်းပေါ့ကွာ။ သင်တန်းပေးတဲ့အလုပ်။ ဒီမယ်… သင်တန်းဆိုတာတွေကို မင်းတို့မြို့မှာချည်းပဲ လုပ်လို့ရတယ် မထင်နဲ့၊ ငါတို့ဆီမှာလည်း လုပ်စားလို့ ရသကွ။

ကျွဲ။     ။ ဘာသင်တန်းလဲအဘ… မယ်ပြိုင်ပွဲဝင်နည်းသင်တန်းလား၊ ဘောလုံးပွဲခန့်မှန်းနည်းသင်တန်းလား။

ဒူးကြီး။     ။ ဟ… အဲဒါတွေနဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲကွ။ မင်း… ငါ့ကိုလာနောက်နေတာလား။

ကျွဲ။     ။ မနောက်ဝံ့ပါဘူးဗျာ။ ကျွန်တော်တို့ ဂျာနယ်တိုက်ကို ထောက်လှမ်းရေးတို့ဘာတို့က အမှုန့်ကြိတ်တော့မလိုလို ခြိမ်းခြောက်ပြီးကတည်းက ကျွန်တော် အနေအထိုင် အပြောအဆို ဆင်ခြင်ပါတယ်၊ မနောက်ဝံ့ပါဘူးဗျာ။ အဘတို့ကအကုန်သိ၊ အကုန်တတ်တယ် ဆိုတော့ မယ်ပြိုင်ပွဲနဲ့ ဘောလုံးပွဲဆိုင်ရာသင်တန်းတွေ ဖွင့်နေပြီလားလို့ သဘောရိုး မေးကြည့်တာပါ။

ဒူးကြီး။     ။ အေး… မေးတော့လည်း ဖြေရသေးသပ။ ငါ အခု ဖွင့်ထားတာ နိုင်ငံအုပ်ချုပ်နည်းသင်တန်း ဆိုပါတော့ကွာ။ နိုင်ငံခြားသားတွေကိုပဲပေးတာ။

ကျွဲ။     ။ ဟာ… အဘသင်တန်းက လူတန်းစားခွဲခြားသလို ဖြစ်မနေဘူးလား။

ကိုယ့်နိုင်ငံသားတွေကို  ဒီသင်တန်း တက်ခွင့်မပေးတော့ဘူးလား။

ရန်လိုကျွဲ၏စကားကြောင့် ချိုကုပ်ဒူးကြီး ဟက်ဟက်ပက်ပက် ရယ်မောလေ၏။

ဒူးကြီး။     ။ ဟားဟားဟား… ငါတို့ကောင်တွေက ဒီအပိုင်းမှာ

ကျွမ်းကျင်ပြီးသား။ သင်တန်း မလိုတော့ဘူး။

ကျွဲ။     ။ ဒါဆိုရင် အဘရဲ့ သင်တန်းကို ဘယ်နိုင်ငံက လာတက်ကြသလဲ။

ဒူးကြီး။     ။ ကမ္ဘာအရပ်ရပ်ကနေ သင်တန်းတက်ဖို့ စာရင်းပေးထားတာအများကြီးပဲ။

ငါ့သင်တန်းက ဂလိုဘယ်သင်တန်း ဖြစ်တော့မယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ထိုင်းဗိုလ်ချုပ်တွေ လာတက်ကြတယ်။

ကျွဲ။     ။ ဗျာ… ထိုင်းမှာက … သူတို့အာဏာသိမ်းပြီး အုပ်ချုပ်နေပြီလေဗျာ။

သင်တန်းတက်စရာ လိုသေးလို့လား။

ဒူးကြီး။     ။ သိပ်လိုတာပေါ့ကွ။ သူတို့ဆီမှာ အကြိမ်ကြိမ်အာဏာသိမ်းတာမျိုး မဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ  ငါသင်တန်းပေးလိုက်လို့ သိသွားကြပြီ။

သူတို့လွှတ်တော်ထဲ စစ်အရာရှိတွေ များများထည့်ဖို့၊ အပြောင်းအလဲဗျူဟာ များများခင်းဖို့  လိုအပ်ကြောင်း လက်ချာ များများ ပေးလိုက်ရတယ်။

ချိုကုပ်ဒူးကြီးသင်တန်းအတိုင်း လိုက်လုပ်မည် ဆိုပါလျှင် သူတို့နိုင်ငံရေးပုံစံက ဒုက္ခသီရိပုံစံမျိုး ရွှေရည်စိမ်ဒီမိုကရေစီ ဖြစ်လာတော့မည် ဟု ရန်လိုကျွဲ နားလည်လိုက်မိသည်။ သို့သော်လည်း ရန်လိုကျွဲ နားမလည်နိုင်သည့်အကြောင်းကိုလည်း ထုတ်ဖော် မေးမြန်းလိုက်သည်။

ကျွဲ။     ။ ဟုတ်ကဲ့…ရှင်းသလိုလိုတော့ ရှိသွားပါပြီ၊အပြောင်းအလဲဗျူဟာဆိုတာက အစိုးရအပြောင်းအလဲကို ပြောတာလား။

ဒူးကြီး။     ။ ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး။ ဆိုတာလိုတာကကွာ…အစိုးရပြောင်းလဲနေပြီ ဆိုတဲ့သဘော လူတွေ ထင်ယောင်ထင်မှားသွားအောင် လုပ်တဲ့ နည်းလမ်းတွေ သင်ပေးလိုက်တာ။ ဗျူဟာ ဆိုတဲ့ထဲမှာ  လူတွေရဲ့အာရုံကို ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်သွားအောင် အပြောင်းအလဲ ခပ်ကြီးကြီးတွေ၊ ပိစိကွေးလေးတွေ မျိုးစုံ ဖန်တီးပေးနေရမယ် ဆိုတာလည်း ပါသပေါ့ကွာ။

ဒုက္ခသီရိနေပြည်တော်မှ ယာဉ်ထိန်းရဲ  ပါးရိုက်ခံရခြင်း နှင့် မိတ္ထီလာပြည်ကြီး မီးဟုန်းဟုန်းတောက်သွားခြင်း ကဲ့သို့သော ဖြစ်ရပ်မျိုးကို ဆိုလိုချင်ဟန်ရှိသည်ဟု တွေးလိုက်မိသည်။

အတိုက်အခံခေါင်းဆောင် ဆိုတာကို အပြတ်ရှင်းပစ်လိုက်၊ ထောင်ထဲ ထည့်ပစ်လိုက်၊ ဒါမှမဟုတ် လွှတ်တော်ထဲ ကုလားထိုင်တလုံးပေးထားလိုက် စသဖြင့် ကိုင်တွယ်ပုံအဆင့်ဆင့်လည်း သင်ပေးလိုက်ရတယ် ဟု သင်တန်းဆရာ ချိုကုပ်ဒူးကြီးက ဆက်ပြောပြ၏။

ယင်းထက်ပိုပြီး အခွင့်အရေး မပေးဖို့၊ အတိုက်အခံက တစ်စုံတစ်ခု အသံပြုလာပါက ထိုအသံကို လူထု အာရုံမစိုက်စေရန် အပြောင်းအလဲကြီးငယ်အစုံအလင် ဖန်တီးရန် ပြင်ဆင်ထားသင့်ကြောင်းလည်း ပို့ချလိုက်သည် ဟူ၏။

သတင်းထောက် ရန်လိုကျွဲ အံ့အားသင့်နေစဉ်မှာပင် ချိုကုပ်ဒူးကြီးက နာရီတကြည့်ကြည့်ဖြစ်နေသည်။

ကျွဲ။     ။ အဘ… ဘော်လုံးပွဲက ညမှ လာမှာမဟုတ်လား။

ဒူးကြီး။     ။ ဘော်လုံးပွဲကတော့ ညမှ လာမှာပါ။ ဒါပေမယ့် ထိုင်းဗိုလ်ချုပ်တွေအတွက် အွန်လိုင်းကနေ ပို့ချရမယ့် အတန်းသစ်တစ်ခု ရှိနေတယ်။ ဒါ ဘာသာရပ်အသစ်ပဲ။ မင်း… ပြန်တော့။ ငါ စာသင်စရာ ရှိသေးတယ်။

ဒီကောင်တွေအတွက်လည်း အရေးကြီးတယ်။

ရန်ကုန်သား သတင်းထောက် ရန်လိုကျွဲ မျက်ခုံးပင့် အံ့သြသွားသည်။

ချိုကုပ်ဒူးကြီး လုပ်စားနေပြီလောဟု ထင်လိုက်မိသည်။ သင်တန်းကျောင်းထောင်၊ ကျူရှင်ကျောင်းထောင်ပြီး  မဟုတ်မတရား လုပ်စားတော့မည်လော။

ထိုင်းဗိုလ်ချုပ်တွေကို ညစ်စားတော့မည်လော။

ထိုသို့  ဟုတ်မဟုတ် သိနိုင်ရန် ပို့ချမည့် ဘာသာရပ် အမည်ကို မေးလိုက်သည်။

ကြားလိုက်ရသည့် အဖြေကြောင့်… ချိုကုပ်ဒူးကြီး လုပ်စားခြင်းမဟုတ်၊အမှန်တကယ် တတ်ကျွမ်းသည့် ဘာသာရပ်တစ်ခုကို ပို့ချခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။

သင်တန်းဆရာ ချိုကုပ်ဒူးကြီး ပြန်ဖြေသည်မှာ ….

“ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ၁၅ နှစ်ကြာ စိတ်ကြိုက်ရေးဆွဲပြီး စမတ်ကျကျ အငြိမ်းစာယူနည်း  ဘာသာရပ်” ဟူသတည်း။

(မော်ကွန်းမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပြီးသော သရော်စာ ဖြစ်သည်။)

 http://mawkun.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts