Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဘန်နီဖြိုး၏ အိပ်မက်ကမ္ဘာတစ်ကိုယ်တော်ရှိုး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်

 

ဘန်နီဖြိုး၏ အိပ်မက်ကမ္ဘာတစ်ကိုယ်တော်ရှိုး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၁၄

အဆိုတော်ဘန်နီဖြိုး တစ်ကိုယ်တော်ပြုလုပ်မည့် အိပ်မက်ကမ္ဘာ ရှိုးပြုလုပ်မည့်အကြောင်းနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည်(၁) နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ  စင်ထရယ်ဟိုတယ် ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားမှူးအဖြစ် ဆရာလင်းနိုင်ဦး (အလင်းတန်းဂျာနယ်-အယ်ဒီတာ) မှ ဆောင်ရွက်ပြီး ရှေးဦးစွာ အဆိုတော်ဘန်နီဖြိုးမှ ပွဲပြုလုပ်ရခြင်း နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

“ကျနော်ဒီပွဲကို ကျနော့်ဘဝမှာပထမဦးဆုံး အကြိမ် လုပ်ရမှာဆိုတော့  ရင်တွေ အရမ်းခုန်ပြီးစိတ်လှုပ်ရှားနေပါတယ်။ ကျနော့် စတိတ်ရှိုးကို သီချင်းတွေဆို၊ နောက်နေ့ မေ့သွား တာမျိုး ကျနော့်ပရိတ်သတ်မဖြစ်အောင် ကျနော်လုပ်ထားပါတယ်။ ကျနော့်ရဲ့ အိပ်မက်စိတ်ကူးတွေကို အကောင်အထည်ဖော်တာပါ။ကျနော့်ရဲ့ ပရိတ်သတ်တွေကို အိပ်မက်ကမ္ဘာထဲ ရောက်သလိုကိုခေါ်သွားမှာပါ”  ဟု သူ၏ ပွဲ နှင့် ပတ်သက်၍ ပြောပြခဲ့သည်။

ဆက်လက်၍ ပွဲစီစဉ်သူ စိုးနိုင်ထွန်း(အီကြာကွေး) မှလည်း ဘန်နီဖြိုး တစ်ကိုယ်တော်ရှိုးသည် လာကြည့်သူများကို စိတ်လှုပ်ရှားဖွယ် အံ့အားသင့်မှုများ ပေးနိုင်သော ပွဲတပွဲ အဖြစ်စီစဉ်ထားကြောင်းပြောကြားခဲ့သည်။

ထို့နောက်စာနယ်ဇင်းဆရာများကိုယ်စား ဆရာမောင်မျိုး(ကြောင်နှစ်ကောင်) ကမုဒိတာစကားပြောကြားရာတွင် ဘန်နီဖြိုးသည် ကြိုးစားသည့်လူငယ်တစ်ယောက်ဖြစ်ကြောင်း၊ သူ့မှာ မိဘအပေါ်ရိုသေကိုင်းရှိုင်းမှုနှင့် သူ့မိဘ၏ ဆိုဆုံးမမှုကိုလည်းလိုက်နာသူလူငယ်လေး တစ်ယောက်ဖြစ်ကြောင်း ကိုလည်း အမှတ်တရမုဒိတာစကားပြောကြားခဲ့သည်။

ဘန်နီဖြိုး၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် သူ၏ သူငယ်ချင်းများကလည်း အားဖြည့်ကူညီသီဆိုပေးကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ပြုလုပ်မည်ဖြစ်သည်။ လက်မှတ်များကို ဒီဇင်ဘာ (၄)ရက်နေ့မှစ၍ ဝယ်ယူနိုင်မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts