အုန်းနိုင် – (၅/၉၀) ဂယက်နဲ့  အဖွဲ့ ချုပ် အအက်
(ဂန္ဓီခန်းမ ကြေငြာစာတမ်း (၁၇))၊ ဒီဇင်ဘာ ၃၊ ၂၀၁၄
အဖွဲ့ ချုပ်ကထုတ်လိုက်တဲ့  (၅/၉၀) မတိုင်ခင် (၄/၉၀) ထုတ်ကတည်းက မကျေနပ်ချက်က စနေတာ..။ ဒီမှာပြည်သူ့လွှတ်တော် လုပ်ငန်းဆိုင်ရာပြင်ဆင်မှု ကော်မတီကို ဗဟိုအလုပ်အမှုဆောင်က အောက်ကဗဟိုဦးစီးများကိုတောင်ညှိညှိနှိုင်းနှိုင်း မရှိပဲ ဖွဲ့ စည်းလိုက်လို့ ဗဟိုဦးစီးကော်မတီဝင်များတောင် အစုံအလင် မပါဘဲဖြစ်နေတာကို ပွစိပွစိ ဖြစ်နေုတုန်း .. ဗဟိုအလုပ်အမှုဆောင်က (၅/၉၀)ကို ထုတ်လဲထုတ်..။ န၀တ ထံကိုလည်း ပို့လိုက်တာပါ…။
ဒီ(၅/၉၀)ကြေညာချက်ထဲမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေးက ဟိုးနောက်ဆုံးရောက်သွားပြီး ရှေ့ ပိုင်း အစီအစဉ်တွေကို ဦးစားပေးထားတယ်..။ကျနော်တို့ အောက်ခြေမှာ ဖြစ်နေတာက ဂန္ဒီခန်းမအစည်းအဝေးရဲ့  အောင်မြင်မှုအရ နောက်တကြိမ် အဖွဲ့ ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုံညီအစည်းအဝေးကို ခေါ်ယူနိုင်ရင် ကျနော်တို့ တဖက်သတ် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းနိုင်ရမယ်လို့ ခံယူနေကြပါတယ်..။
န၀တ..က ၊ကျနော်တို့ ဂန္ဒီခန်းမအစည်းအဝေး လုပ်တဲ့ရက်မတိုင်ခင် ဇူလိုင်(၂၇)ရက်နေ့ ညမှာ (၁/၉၀)ကို ထုတ်လိုက်တာဟာ သူတို့ဘက်က ကျနော်တို့ကို လိုက်လျောမဲ့  အစီအစဉ်မရှိဘူး..။ ချေမှုန်းမဲ့ အစီအစဉ်ပဲ ရှိတယ်..။ သူတို့ဘက်က ကွန်ဖရန်တေးရှင်းပဲ..။ ဒါကိုသတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ တင်ပြတဲ့  အနေအထားအရ …ဆွေးနွေးပွဲကို တံခါးဖွင့်ထားတယ်.. ဒါပေမဲ့  ဆွေးနွေးပွဲ မဖြစ်ရင်လည်း ကျနော်တို့ နောက်တနည်းအတွက် အဆင်သင့်ရှိတယ်ဆိုတဲ့ သဘောကို အောက်ခြေက ယူဆထားတယ်..။ကျနော်တို့ ကိုယ်စားလှယ်အတော်များများလည်း ဒီအယူအဆရှိတယ်..။ အဲဒီလိုမျိုး မဟုတ်ပဲ အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်ဘက်က တတ်နိုင်သလောက် လိုက်လိုက်လျောလျောပဲ ဆက်ပြီးဆက်ဆံသွားရမယ်ဆိုတဲ့ လိုင်းကိုလည်း အောက်ခြေကို ရှင်းလင်းခြင်း မပြုဘူး..။ ဒါဟာ..ဗဟိုမှာ လိုင်းနှစ်ခုရှိနေတာလည်း ဖြစ်နိုင်တယ်..။ ဒါမှမဟုတ်..ဂန္ဒီခန်းမအစည်းအဝေးကြီးက ဒို့ဗဟိုအလုပ်အမှုဆောင်တွေကို လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်ပြီဖြစ်လို့
ဒို့လုပ်ချင်တာ လုပ်နိုင်တယ်လို့ ယူဆတာလည်း ဖြစ်နိုင်တယ်..။
ဘာပဲဖြစ်ဖြစ် အောက်ခြေအများစုက ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သွားစဉ် အိန္ဒိယမှာ ပြောခဲ့တဲ့  “ ကျနော်အကောင်းဆုံးကို မျှော်လင့်ပါတယ်..။ဒါပေမဲ့  အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ်” ဆိုတဲ့ စကားကို အလိုလို လက်ခံနေပါတယ်..။ ဒီအချိန်မှာ ဗဟိုအလုပ်အမှုဆောင်က ပြည်သူ့လွှတ်တော်ကို နောက်မှာထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကို ရှေ့တင်လိုက်တယ်..။ နောက်ပြီးတော့လည်း ဂန္ဒီမှာ ကျနော်တို့တောင်းခဲ့တဲ့ လွှတ်တော်ကို စက်တင်ဘာလအတွင်း ခေါ်ယူပေးပါဆိုတဲ့တောင်းဆိုချက်အရ… စက်တင်ဘာလကုန်အထိ စောင့်ရမှာကိုတောင် မစောင့်တော့ပဲ (၁၂.၉.၉၀)မှာ (၅/၉၀)ကို ထုတ်လိုက်တာဆိုတော့ အောက်ခြေက မကျေနပ်မှုတွေကြီးထွားလာပါတယ်..။
ပြီးတော့ ဂန္ဒီခန်းမ အစည်းအဝေးမှာ ကျနော်တို့တပြည်လုံးလွှတ်တော်ကိုယ်စားလှယ်များက အာဏာလွှဲခဲ့ တာက ဗဟိုဦးစီးအဖွဲ့ နဲ့ ဗဟိုအလုပ်အမှုဆောင်ကိုပါ..။ အခုတော့ ဗဟိုအလုပ်အမှုဆောင်က ဗဟိုဦးစီးအဖွဲ့ ကိုတောင် အပြည့်အစုံမတိုင်ပင်ပဲ ဗဟိုအလုပ်အမှုဆောင်ရဲ့  တသဘောတည်းနဲ့  လုပ်လိုက်တာဆိုတော့ ကျနော်တို့ အောက်ခြေက လက်မခံနိုင်ဘူး ဖြစ်နေပါတယ်..။
တချို့ လွှတ်တော်ကိုယ်စားလှယ်တွေက (၄/၉၀)နဲ့ (၅/၉၀)ကြေညာချက်တွေကို လုံးဝကန့်ကွက်တယ်..။ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုဦးစီးကော်မတီကို နှင်းအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေ ပြန်လည်ရုပ်သိမ်းတယ်လို့ ကြေညာတဲ့သူက ကြေညာကုန်ကြပြီ..။မန္တလေးမှာတော့ ဒီထက်ပို ပြင်းထန်ပါတယ်..။ ဘုန်းကြီးတွေကိုယ်တိုင်က ရန်ကုန်ကလာသူတွေ၊တခြားမြို့ က လာသူတွေကို (၅/၉၀) သမားဆို ဆေးဖော်ကြောဖက်မလုပ်ဘူး.. ဆိုတာမျိုးတွေအထိ.. ဖြစ်လာတယ်။
န၀တ ကလည်း အောက်တိုဘာ(၅)ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ (၁၇.၉.၉၀)နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အစည်းအဝေးအမှတ်စဉ် (၅/၉၀)ကို ထုတ်ပြန်ပေးပို့ခဲ့ကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က န၀တထံ တွေ့ဆုံဆွေးနွေးရန် အဆိုပြုလာပါကြောင်း၊ န၀တကမူ ကြိုတင်ကြေညာထားပြီးဖြစ်တဲ့အတိုင်း န၀တသည် နိုင်ငံရေးပါတီတရပ် မဟုတ်သည့်အတွက် နိုင်ငံရေးကိစ္စရပ်များကို ဥပဒေကြောင်းရာ ပြင်ပမှ ဆွေးနွေးမည်မဟုတ်ကြောင်းလို့ ပြန်ကြားလိုက်ပါတယ်..။
ဒီတော့ အားလုံးခြုံကြည့်လိုက်ရင် န၀တရဲ့ (၁/၉၀)ကို ကျနော်တို့က သတင်းစာရှင်းလင်းပွဲမှာ လက်မခံပါဘူးလို့ ပြောခဲ့ပေမယ့် လက်ရှိ (၅/၉၀)ကြေညာချက်ရဲ့  လုပ်ရပ်ကလက်ခံလိုက်တာပဲ ဖြစ်တယ်လို့ အောက်ခြေက ယူဆပါတယ်..။
ဘာပြုလို့လဲဆိုတော့ (၁/၉၀)ရဲ့  အပိုဒ်(၁)မှာ လွှတ်တော်ကို န၀တ ကပဲ ခေါ်ပေးမယ်..။ ကိုယ့်ဖာသာကိုယ် မခေါ်ရဘူး..။
အပိုဒ်(၁၄)က အာဏာလွှဲပြောင်းရေးကို အတွင်းရေးမှူး(၁)က ရှင်းလင်းပြီးဖြစ်တယ် (အတိအကျတော့ မဖော်ပြပဲ ဇဝေဇ၀ါ လုပ်ထားတယ်)။
အပိုဒ်(၁၅)အရ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရုံနဲ့ အာဏာသုံးရပ်အလိုလို မရဘူး..။
အပိုဒ်(၂၁)အရ ယာယီဖွဲ့ စည်းပုံနဲ့လည်းအာဏာလွှဲပြောင်းယူမှာကို လက်မခံဘူး..။ အဲဒီလို လုပ်ရင် အရေးယူမယ်..။
အပိုဒ်(၂၀)အရပဲ အခုရွေးချယ်ထားတဲ့  ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေရေးဆွဲရမဲ့  သူတွေပဲ ဖြစ်တယ်..။
ဒါဆို (၁/၉၀)ကြေညာချက်က လမ်းကြောင်းအကုန် ပိတ်ထားတယ်..။ တစ်ခုပဲ ဖွင့်ပေးတယ်..။ အခြေခံဥပဒေရေးဆွဲတာပဲ လုပ်ပါ.။ (ဒါတောင် ဘယ်မှာလုပ်ရမှာလဲ၊ဘယ်တော့ လုပ်ရမှာလဲ မသေချာဘူး..။ဒီတော့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကလည်း ပိတ်နေတဲ့  အပေါက်တွေ ဖွင့်ဖို့ မကြိုးစားတော့ဘူး..။ ပွင့်နေတဲ့  မလွယ်ပေါက်ကပဲ တိုးတော့မယ်ဆိုတဲ့ သဘောနဲ့  အခြေခံဥပဒေရေးဆွဲရေးကို ပဲ လုပ်မယ်ဆိုတာကို အဖွဲ့ ချုပ်ရဲ့  (၅/၉၀)ကြေညာချက်မှာ ရှင်းရှင်းကြီး ပေါ်နေပါတော့တယ်..။
ဂန္ဒီအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မိုးလား..ကဲလား။အခုတော့ စက်တင်ဘာလတောင် ကုန်အောင် မစောင့်တော့ဘဲ န၀တရဲ့  (၁/၉၀)လမ်းကြောင်းထဲ ၀င်သွားတာကို အားလုံးက မကျေနပ်ကြပါ..။ ဒီရက်များ အတွင်းမှာပဲ အဖွဲ့ချုပ် ပြန်ကြားရေးက ထုတ်နေတဲ့ သတင်းလွှာတစောင်ရဲ့ မျက်နှာဖုံး ဓါတ်ပုံမှာ ဂန္ဒီညီလာခံကို ရက်စွဲမှားယွင်းမှုနဲ့  ဆက်လက် ထုတ်ဝေခွင့် ရုပ်သိမ်းခံလိုက်ရပါတယ်..။
ဖြစ်ပုံက ဒီလိုပါ..။ ဂန္ဒီအစည်းအဝေး အပြီးမှာ ထုတ်တဲ့သတင်းလွှာမျက်နှာဖုံးမှာ ဂန္ဒီခန်းမရဲ့ စကာေးပြာစင်မြင့် မျက်နှာစာအဆင်အပြင် ဓါတ်ပုံကို ထည့်ဖို့စီစဉ်ကြတော့ (၂၈.၇.၉၀)၊ (၂၉.၇.၉၀)ဆိုတဲ့ ရက်စွဲက မပါဘူးဖြစ်နေတယ်…။ဒီမှာ သတင်းလွှာအဖွဲ့ ရဲ့ တာဝန်ရှိသူများက ဓါတ်ပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး ရက်စွဲထည့်လိုက်တယ်..။ ဒီရက်စွဲက မတော်တဆလား တမင်လားမသိ..။(၂၈.၉.၉၀) (၂၉.၉.၉၀)လို့ ပါသွားတယ်..။ ဒီသတင်းလွှာဟာ တပြည်လုံးပြန့်သွားပါတယ်..။ ဇူလိုင်လ အစား စက်တင်ဘာလဖြစ်သွားတယ်..။ ဂန္ဒီက လွှတ်တော်ခေါ်ဖို့ တောင်းဆိုထားတဲ့  ရက်ချိန်းကလည်း စက်တင်ဘာလအတွင်း ဖြစ်နေတယ်..။ဒါကိုအကြောင်းပြပြီး သတင်းလွှာ ထုတ်ဝေခွင့်ကို ပိတ်လိုက်တာပါ..။
ဦးကြည်မောင်နဲ့  ဦးချစ်ခိုင်ကိုလည်း ဖမ်းလိုက်ပါတယ်..။ ကိုယ်စားလှယ်တော်တော်များများပဲ မန္တလေးကို တက်သွားကြတယ်..။နီးစပ်ရာ လက်သိပ်ထိုးပြီး ဖိတ်ကြားတာတွေလည်း ရှိတယ်..။ ကျနော့်ကိုလည်း သဲကုန်းကိုယ်စားလှယ် ဦးသိန်းထွန်းကတဆင့် အင်္ဂပူကိုယ်စားလှယ်ဦးမြ၀င်းက ဖိတ်တယ်လို့ ဆိုတယ်..။ဦးသိန်းထွန်းက ကျနော်တို့ကို အသက်ကြီးသူများ မို့ လို့ မပြောပဲ ထားလိုက်ပါတယ်..တဲ့ ။ အသက်ကြီးတယ်လို့ သူဆိုတော့လည်း ထားလိုက်ပါတော့လေ..။အဲဒီတုန်းက ကျနော့် အသက်က (၅၇)နှစ်ပါ..။
မန္တလေးမှာ အခြေအနေတော်တော်တင်းမာပါတယ်..။ ဘုန်းကြီးကျောင်းတိုက်ကြီးများကလည်း လက်ခံပြီး ညီလာခံတခု လုပ်ဖြစ်တယ်လို့ ကြားရပါတယ်..။ ကိုယ်စားလှယ်၂၀၀ကျော် တက်ပြီး အမျိုးသားဒီမိုကရေစီပါတီက ဒေါက်တာစိန်ဝင်းကို လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်တယ်လို့ သိရတယ်..။
ဗဟိုအလုပ်အမှုဆောင်များကလည်း (၅/၉၀)ကြေညာချက်နဲ့  ပတ်သက်ပြီး ရှင်းကြလင်းကြ ..။ ကပျာကသီစာတွေထုတ်ကြ..။ပဲခူးတိုင်းအရှေ့ ခြမ်းက ဒိုက်ဦးနဲ့  အနောက်ခြမ်းကို အုတ်ဖိုမှာ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ရှင်းလင်းပါတယ်.။ဒီလိုနဲ့ပဲ ဂန္ဒီခန်းမကြေညာစာတမ်းက သတ်မှတ်ထားတဲ့ ရာဇသံရက်စွဲ စက်တင်ဘာ (၃၀)ရက်နေ့ နောက်ဆုံး ဆိုတာဟာ အလကားလိုလို…ဖြစ်သွားရပါတော့တယ်..။ အောက်တိုဘာလ(၉)ရက်နေ့အထိ ဒီကြေညာချက်(၅/၉၀)ကို ရှင်းလင်းလို့ မပြီးနိုင် ဖြစ်နေပါတယ်..။ (၆/၉၀)ဆိုတာတောင် ထပ်ထုတ်လိုက်ရပြန်ပါတယ်..။ (၆/၉၀ကိုနောက်ဆက်တွဲတွင် အကျယ်ပါသည်)
အဓိက ရလဒ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်း စည်းလုံးညီညွတ်ရေး ပျက်ပြားသွားတာပါပဲ…။ဂန္ဒီခန်းမညှိနှိုင်းပွဲက အားသွင်းပေးလိုက်တဲ့  စိတ်ဓါတ်အားမာန်တွေ လျှော့ကြသွားတာပါပဲ..။ဒီလိုဖြစ်တော့…န၀တကလည်း တိုးတိုးပြီး ဖိနှိပ်လာပါတယ်..။ဖမ်းတာတွေ များများ လာတယ်..။အဖွဲ့ ချုပ်ဗဟိုအမှုဆောင်လည်း တည်ငြိမ်မှုမရှိတော့ဘူး.။ အရင်သူတို့ (၄/၉၀)ကြေညာချက်နဲ့ ဖွဲ့ထားတဲ့  ပြည်သူ့လွှတ်တော် ပြင်ဆင်ရေးကော်မတီဆိုတာ ကိုလည်း ဘေးချိတ်ထား လိုက်ပြန်တယ်..။ တိုင်းအလိုက် ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ပြီးရွေးချယ်ရပြန်ပါတယ်..။ ကျနော်တို့ပဲခူးတိုင်းက ကိုယ်စားလှယ်တွေကို အောက်တိုဘာ(၂၁)ရက်နေ့မှာ ဖိတ်ပြီး ရွေးတယ်..။ တောင်ငူမြို့ နယ်စုက ဦးညွန့်ဝေ..။ညောင်လေးပင်မြို့နယ်စုက ဦးထွန်းကြွယ်..၊ပြည်မြို့ နယ်စုက ဦးသောင်းစိန်၊ သာယာဝတီမြို့ နယ်စုက ဦးအေးမြင့်နဲ့ ၊ ပဲခူးတိုင်းတာဝန်ခံ ဦးမြလေးတို့ ငါးယောက်ကို မဲပေးရွေးချယ်ခဲ့ ပါတယ်..။ကျနော်ဝင်ရောက် အရွေးခံပေမဲ့ မရပါ..။ ပြုတ်ပါတယ်..။
နောက်နေ့နေ့လည်(၁)နာရီမှာ ပေါင်းတည်ကို ပြန်ဖို့လုပ်နေတုန်း ကြည့်မြင်တိုင်မြို့ နယ် အဖွဲ့ ရုံးကို အရှာခံရပြီး ကြည့်မြင်တိုင်ကိုယ်စားလှယ် ဦးလှထွန်းလည်း အဖမ်းခံရတယ်လို့ သိရပါတယ်..။
ညနေ (၇)နာရီခွဲလောက် ပေါင်းတည်ဘူတာကို ရထားဆိုက်တော့ မြိုနယ်စည်းကော်မတီဝင် တော်တော်များများပဲ လာကြိုနေကြတယ်..။ မနက်က ပေါင်းတည်အဖွဲ့ချုပ်ရုံးလည်း အရှာခံရပြီး ဒေါ်စုမိန့်ခွန်းတိတ်ခွေအချို့ ၊ ဒေါ်စုစည်းရုံးရေးခရီးစဉ်ဗီဒီယိုအခွေအချို့ နဲ့  နိုင်ငံခြားသတင်းဆောင်းပါးတချို့ ကိုကျနော်ဘာသာပြန်ထားတဲ့ လက်ရေးမူစာရွက်စာတမ်းအချို့ ကို သိမ်းသွားလို့ သူတို့စိတ်ပူနေကြတယ်..။ ကျနော်အိမ်မပြန်သင့်ဘူးလို့ ဘူတာက လာကြိုပြောကြတာပါ..။ ကိစ္စမရှိပါဘူး..။ ဖမ်းချင်ရင်လည်း အခုဘူတာမှာကို စောင့်ဖမ်းမှာပေါ့..လို့ ပြောပြီး အိမ်ပြန်ကြပါတယ်..။ ပြည်အမ်အိုင်(၃)က လာရှာပြီး ပစ္စည်းတချို့ ကို ရှာဖွေပုံစံနဲ့ သိမ်းသွားတယ်..။
ဦးမြင့်သိန်းက လက်မှတ်ထိုးပေးလိုက်ရတယ်ဆိုတာ နောက်နေ့မှ သိရပါတယ်..။နဲနဲတော့ ကြမ်းလာပြီပေါ့..။
နောက်နေ့များမှာတော့ မြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေးနဲ့ တက်ကြွသူများ ပုံမှန်အစည်းအဝေးကို လုပ်ဖြစ်ပါတယ်..။ တိုင်းလွှတ်တော်ကိုယ်စားလှယ် အစည်းအဝေးရဲ့  အတွေ့အကြုံကို ရှင်းပြပြီး ဦးသန်းထွန်းနဲ့  ဦးမြင့်သိန်းက ပေါင်းတည်မြို့ နယ်ရုံး အရှာခံရတဲ့ ကိစ္စကို ရှင်းလင်းတင်ပြကြပါတယ်..။ဒီအစည်းအဝေးမှာပဲ အဖွဲ့ ချုပ်က ထုတ်ခဲ့တဲ့  (၅/၉၀)နဲ့ န၀တက ထုတ်တဲ့ (၁/၉၀)တို့ရဲ့  အဆက်အစပ်ကို ကျနော့်အမြင်နဲ့ ရှင်းလင်းပါတယ်..။
ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်မှာ နှစ်လိုင်းကွဲနေပုံပေါ်နေတဲ့ ကိစ္စကိုပါ..ရှင်းလင်းပြပါတယ်..။ ကျနော်တို့နယ်တွေကတော့ ဂန္ဒီခန်းမအစည်းအဝေးရဲ့  အရှိန်ကြောင့် တက်ကြွတုန်းရှိနေပေမဲ့  ဗဟိုမှာ ဂန္ဒီအစည်းအဝေးနဲ့ န၀တက ထုတ်တဲ့ (၁/၉၀)ကြေညာချက်ကို နှိုင်းယဉ်လေ့လာနေတာ..။ န၀တရဲ့  ခြေလှမ်း၊ အတွင်းစကားတွေအရ ဗဟိုအလုပ်အမှု ဆောင်နဲ့ ဗဟိုဦးစီးအဖွဲ့ အတွင်း ယိမ်းယိုင်မှုတွေ ရှိလာတာကို ရှင်းပြရပါတယ်..။ နဂိုက လည်း အခံရှိနေတာမို့ ဒီအပိုင်းမှာ မျိုးချစ်ကြီးတွေဟာ.. န၀တနဲ့ဒါမှမဟုတ်..ဗိုလ်နေ၀င်းနဲ့ အဆက်အစပ်ရှိနေပုံပေါ်တာတွေ ..။ ဦးကြည်မောင်က ရုံးတွင်းလူငယ်တွေကို နိုင်ငံရေးဟော ပြောချက်သဖွယ်..အနုနည်းနဲ့ အကြမ်းနည်းတို့ရဲ့  ခြားနားချက်ရှင်းပြတာကို ပေါက်ကြားသွားပြီး အဖမ်းခံရတာကိုလည်း ကြားထားတဲ့  အတိုင်း ပြန်ရှင်းလင်းပြောပြပါတယ်..။
နောက်ရက်တွေမှာ မန္တလေးက ပြန်လာတဲ့ ကိုယ်စားလှယ်တွေနဲ့  ရန်ကုန်မှာတွေ့ ၊ပြည်မှာတွေ့ ၊သဲကုန်းမှာတွေ့ ၊ တွေ့ ရပါတယ်..။သူတို့ရဲ့ အကြံအစည် တစွန်းတစကိုလည်း သိလာရပါတယ်..။ကျနော့် အနေနဲ့ ကတော့ ပြည်သူလူထု ထောက်ခံမှုရှိတဲ့ အဖွဲ့အစည်းတခု အနေနဲ့  တဖက်သတ်လွှတ်တော်ခေါ်မယ် ဆိုရင်လည်း ပြည်သူလူထုကြားထဲကပဲ လုပ်သင့်တယ်..။ လုပ်ချင်တယ်..။ အခုကို မန္တလေးက ဘုန်းကြီးများက ထောက်ခံနေတော့..ဒီဘုန်းကြီးကျောင်းဝင်းတွေ အတွင်းက လုပ်သင့်တယ်လို့ တင်ပြပါတယ်..။တချို့ က ပြည်ပ ထွက်ဖို့ အစီအစဉ် ရှိတယ်.။တချို့ က ကရင်နယ်မြေမဲသဝေါလောက်၊မာနယ်ပလောလောက်ကို ထွက်ပြီးလုပ်မဲ့  အစီအစဉ်တွေ ရှိကြောင်း တစိတစောင်း သိရပါတယ်..။ကျနော်ကတော့ ဒါကို မထောက်ခံပါ..။ လက်နက်ကိုင်နယ်မြေကို ထွက်သွားပြီး ကိုယ်ကလက်နက်မကိုင်တဲ့  (အကြမ်းမဖက်တဲ့) အစိုးရဖွဲ့ဖို့ဆိုတာ စိတ်ကူးယဉ်တယ်လို့ ထင်မိပါတယ်..။
(ဆက်လက်ဖော်ပြပါမည်)
(ဓာတ်ပုံ – ပေါင်းတည်၊ အင်န်အယ်ဒီရုံးက စာရွက်စာတမ်းများ၊ ၁၉၉၀)