အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် – ဒီဇင်ဘာလဆန်း ဒီလစကား

ဒေါ်အောင်ဆန်းစုကြည် – ဒီဇင်ဘာလဆန်း ဒီလစကား

ဒီစကား (၁ ၊၁၂၊ ၂၀၁၄)၊ ဒီလှိုင်း၊ ဒီဇင်ဘာ ၂၊ ၂၀၁၄

(၂၀၁၄) ရဲ့ နောက်ဆုံးလကို ရောက်လာပါပြီ။ (၂၀၁၅) ရွေးကောက်ပွဲကိစ္စတွေနဲ့ပါတ်သက်လို့ ရေးကြ၊ ဆွေးနွေးကြတာတွေလည်း အတော်များနေပါပြီ။ ဒီအပါတ် ဒီစကားမှာတော့ (၂၀၁၅) ကို ဖေဖေ့ အသက် (၁၀၀) ပြည့်နှစ် ရှု့ထောင့်ကရေးပါရစေ။

ကျွန်မရှေ့မှာ အဖွဲ့ချုပ်ကထုတ်ထားတဲ့ ရာပြည့်အမှတ်တရစားပွဲတင် ပြက္ခဒိန်လေးတစ်ခုရှိ ပါတယ်။ ဓါတ်ပုံတွေကြည့်လိုက်တော့ အားလုံးဟာ လူငယ်တစ်ယောက်ရဲ့ ပုံတွေပါပဲ။ ဖေဖေ ကွယ်လွန်ချိန်က အသက် (၃၂)နှစ်နဲ့ (၅) လသာ ရှိသေးတော့ ဒါဟာ မထူးဆန်းပါဘူး။ ထူးဆန်းတယ်လို့ပြောနိုင်တာက မျက်နှာထားရင့်ကြက်မှုပါပဲ။ ဗမာ့လွတ်လပ်ရေး တပ်မတော် ခေါင်းဆောင် အဖြစ်တာဝန်ယူပြီးနောက် ပုံတွေမှာ ထင်ရှားလာပါတယ်။ ဘုရင်ခံ ကောင်စီမှာ ပါဝင်ပြီး အစိုးရတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ စက်တင်ဘာလ (၁၉၄၆) ခုနှစ်နောက်ပိုင်းပုံတွေ ဆိုရင် လူငယ်လို့ဆိုနိုင်ပေမဲ့ အသက်မှန်းရခက်ပါတယ်။ လူငယ်တစ်ယောက်နဲ့ မလိုက်တဲ့ တာဝန်တွေ ထမ်းဆောင်နေရလို့ဖြစ်မှာပါ။

ယ္ခုခေတ်က ငယ်ရွယ်နုပျိုခြင်းကို မက်မောတဲ့ခေတ်ပါ။ ဆေးပညာ၊ ကျန်းမာရေးပညာ တိုးတက်မှုတွေကြောင့် လူ့သက်တန်းတွေရှည်လာတာနဲ့အမျှ ငယ်ရွယ်နုပျိုချင်လာကြ ပါတယ်။ လူငယ်တွေကလည်း လူကြီးပုံစံဖြစ်သွားမှာကို စိုးရိမ်ပုံရပါတယ်။ ဖေဖေတို့ခေတ် တုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ လူငယ်တွေက မြန်မြန် လူကြီးဖြစ်ချင်ကြ၊ လူကြီးကိုက် ဖမ်းချင်ကြပါတယ်။ ဘာ့ကြောင့်လဲလို့စဉ်းစားကြည့်ပါတယ်။ အဲ့ဒီတုန်းက လူ့သက်တန်းတွေ သိပ်မရှည်ပါဘူး။ အသက် (၆၀) ကျော်ရင်တောင် အသက် တော်တော် ကြီးပြီလို့ မြင်ကြပါတယ်။ ဖေဖေ တို့ခေတ်က မပြောပါနဲ့ဦး ကျွန်မ အသက် (၁၄) နှစ်မှာ ဖိုးဖိုး (မေ့မေ့ ဖခင်) အသက် (၈၈) မှာ ကွယ်လွန်သွားပါတယ်။ ကျွန်မတို့ အသိုင်းအဝိုင်းမှာ ဖိုးဖိုးနဲ့ ရွယ်တူ (၂) ဦးသာကျန်ပါတော့တယ်။ အားလုံးက ဖိုးဖိုး ဒီလောက် အသက်ရှည်တာကို အံ့သြချီးမွမ်း ကြပါတယ်။ အခုဆိုရင် (၈၈) နှစ်ဆိုတာ အသက်ရှည်တယ်ဆိုပေမဲ့ ထူးထူးဆန်းဆန်း မဟုတ်တော့ပါဘူး။ (၉၀) ကျော်တွေတောင် တစ်နေ့ တစ်ခြားများလာပါပြီ။

အသက် (၆၀) ကျော်ထိနေနိုင်ရင် အသက်ရှည်တယ်လို့ သတ်မှတ် နိုင်တဲ့ခေတ်မှာ အသက် (၃၀)ကျော်တွေဟာ လူကြီးတာဝန်အပြည့်အဝ ယူဖို့ အဆင်သင့်ဖြစ်တာက သဘာဝကျပါတယ်။ နောက်ပြီး အဲ့ဒီခေတ်က လူငယ်တွေအတွက် သီးခြားထူးထူး ထွေထွေ လုပ်ချင်စရာရယ်လို့ မရှိပါဘူး။ ဂီတ ကို ဥပမာပြောရပါမယ်ဆိုရင်၊ ကာလပေါ်သီချင်းတွေလို့ ပြောရမဲ့ ပြည်လှဖေတို့၊ ဘိလပ်ပြန်သန်းတို့၊ မေရှင်တို့ရဲ့ တေးတွေဟာ ဆယ်ကျော်သက်လေးတွေ အကြိုက်ရယ်လို့ သီးသန့်မဟုတ်ခဲ့ပါဘူး။ အခုခေတ်မှာတော့ လူငယ်တွေ ကြိုက်တဲ့ ဂီတသံတွေ၊ ပွဲတွေဟာ လူကြီးတွေ အကြိုက်နဲ့ သိသိသာသာ ကွာခြားမှုတွေ ရှိလာပါတယ်။ ဝတ်ပုံ၊စားပုံ မှာလည်းကွာခြားမှုတွေ များလာပါတယ်။ ဖေဖေတို့ခေတ်က အသက် (၂၀) ကျော် လူငယ်တစ်ယောက် ဝတ်ဆင်ပုံနဲ့ အသက် (၅၀)ကျော် တစ်ယောက်ဝတ်ဆင်ပုံက ဆင်တူနီးပါးပါပဲ။

အကြောင်းအမျိုးမျိုးကြောင့်ပဲဆိုပါတော့ ဖေဖေက အသက် (၃၀)ကျော်ပဲ ရှိသေးတဲ့ လူကြီးလို့ ပဲဆိုရမှာပါ။ တစ်နည်းပြောရရင် ရင့်ကျက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ နောက်နှစ်လောက်ကျရင် အသက် (၁၀၀)ပြည့်မွေးနေ့ကျရောက်တော့မယ်ဆိုတော့ အခုကမ္ဘာကြီးမှာ ဖေဖေ နဲ့ အသက်တူရွယ်တူတွေတောင် ရှိနေပါသေးတယ်။ (၃၃) နှစ်ကျော် တွေဆိုတာကတော့ အများကြီးပေါ့။ ဒါပေမဲ့ အရေအတွက်ထက်အရည်အချင်းက ပိုပြီး အဓိကကျပါတယ်။

လူတစ်ယောက်ရဲ့တန်ဖိုးကို ဘယ်လိုတွက်ကြလဲ။ ဘယ်လောက်အသက်ရှည်လဲ ဆိုတဲ့ အချက်က အရေးမပါလို့တော့မဟုတ်ပါဘူး။ အသက်ရှည်ခြင်းဆိုတာ မျိုးရိုး ဗီဇနဲ့ ပါတ်သက်မှု ရှိသလို၊ အနေ အထိုင် စိတ်နေ စိတ်ထားတို့နဲ့လည်းဆိုင်ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကို ကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်။ ဒါပေမဲ့လည်း အသက်အတိုင်း အတာ တစ်ခုနဲ့ တော့ မပြီးသေးပါဘူး။ နေခဲ့ရတဲ့ လူ့ အသိုင်းအဝိုင်း၊ ကမ္ဘာလောကကြီးကို ဘယ့်လောက်ကျေးဇူးပြုခဲ့လဲဆိုတာကသာ လူသားတစ်ယောက်ရဲ့တန်ဖိုးကို ထင်ပေါ်စေမှာပါ။ အသိပညာရှင် အတတ်ပညာရှင်တွေ လူတွေရဲ့အတွေးအခေါ် အပြု အမူ၊ အနေ အထိုင်တွေကို တဆင့်မြှင့်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ကျွန်မတို့ကမ္ဘာရဲ့ ကျေးဇူးရှင်ကြီးတွေပါပဲ။ ဖေဖေရဲ့ တန်ဖိုးကတော့ မြန်မာ့တပ်မတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေး ဗိသုကာ ဆိုတဲ့ ဂုဏ်ဒြပ်တွေကြောင့်ထက်၊ ကျွန်မတို့ ပြည်သူတွေလေးစား အတုယူနိုင်တဲ့ အရည်အချင်း တွေကြောင့်ဖြစ်တယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့်လဲ အသက် (၁၀၀) ပြည့်နှစ် ရောက်တော့မယ် ဖြစ်တဲ့လူငယ်ခေါင်းဆောင် တစ်ယောက်ကို နိုင်ငံရဲ့ ဖခင်သဖွယ် ယ္ခုထိအားကိုး ဂုဏ်ယူနိုင်တာပါ။

ဒီတစ်ပါတ်တော့ ဒီမျှသာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts