ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နာဇီ ပါတီ ဗမာပြည်

ငြိမ်းချမ်းအေး – နာဇီ ပါတီ ဗမာပြည်

မိုးမခ။ ဒီဇင်ဘာ ၀၁၊ ၂၀၁၄

 

 

 ဒီဇင်ဘာ (၁) ရက်နေ့ ထုတ် အစိုးရ သတင်းစာ ပါ ပြည်ထောင်စုအစိုးရအဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည် ဆိုသည့် “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း”

 

ကိုးကွယ်ယုံကြည်မှု သဘော၊ ဘာသာတရား ဟာ ပုဂ္ဂလိက ကိစ္စ သက်သက်၊ တကိုယ်ရေ ဆန္ဒ၊ လွတ်လပ်စွာ ရွေးချယ်မှု သာ ဖြစ်ရမယ်။  ဘယ် အာဏာပိုင်၊ အစိုးရ၊ ဥပဒေ၊ ဘုန်းကြီး၊ ဘာသာရေး ခေါင်းဆောင် ဆီက မှ ခွင့်တောင်း စရာ မလိုဘူး။   အသိအမှတ်ပြုခံစရာ အတည်ပြုချက်ယူစရာ မလိုဘူး။

ယုံကြည်မှု ရှိလို့ ကိုးကွယ်ပြီ ဆိုရင် ဘုရား နဲ့ လူကြားမှာ ဘယ် အရာ က မှ ကြားခံ စရာ မလိုဘူး။  

 

အဲ့သလိုပဲ ယုံကြည်မှု မရှိလို့ မကိုးကွယ် ဘူး၊ ပြောင်းမယ် ဆိုရင်လည်း ဘယ့် သူကောင်းသား ကို မှ ဦးတင် ခွင့်ခံစရာမလိုဘူး။  ဘုရား ကိစ္စ မှာ ခွင့်တိုင် စရာ အကြောင်းမရှိဘူး။  ခွင့်မဲ့ ပျက်ကွက် ဆိုတာ မရှိဘူး။

ကိုယ့် ဘာသာ  ကြိုက်တဲ့ အယူဝါဒ တခုကို ဒီနေ့ ကိုးကွယ်မယ်၊ နောက်နေ့ မကြိုက်ရင် မကိုးကွယ်ဘူး၊ တခြား ရှိပြီး အယူဝါဒ ဘာသာ တခုခုကို ပြောင်း ကိုးကွယ်ချင် ကိုးကွယ်မယ်။  ကိုယ့်ဘာသာ ဘာသာအယူဝါဒအသစ် တခု ကို ထူထောင်ချင် ထူထောင်မယ်၊ ဘာသာမဲ့ အဖြစ်လည်း နေချင်နေမယ်။  

 

သူတပါး ကို မထိခိုက်သရွေ့ မစော်ကားသရွေ့ ငါသာလျှင် ဘုရား ဧကန် ဖြစ်တယ် ဆိုခွင့် ရှိတယ်။  ယုံကြည်သူများက နောက်လိုက် လိမ့်မယ်။

 

ဒါတွေ အားလုံးကို ဥပဒေ နဲ့ ချုပ်နှောင်ထားစရာ အကြောင်းမရှိဘူး။  လူသားတဦး ရဲ့ လွတ်လပ်တဲ့ အခွင့်အရေး သက်သက်ပဲ တည်ရှိနေသင့်တယ်။

 

ကိုးကွယ် ရာ ဘာသာ ဆိုတာ လူသားရဲ့ တဦးချင်း ဘဝ ကိစ္စသက်သက်။  ဘယ် ဘုရား ကို ရှိခိုး မယ်၊ မရှိခိုးဘူး ဆိုတာ ဟာ ကိုယ့် ဘာသာ ည ကျ ဘယ် ယောက်ျား နဲ့ အိပ်မယ်၊ ဘယ် မိန်းမ နဲ့ အိပ် မယ်၊ ယောက်ျားချင်း လိင်ဆက်ဆံမယ်၊ ဒါမှမဟုတ် မိန်းမချင်း အိပ်မယ် ဆိုတဲ့ အရွယ်ရောက်ပြီး လူသား တဦးရဲ့ ကာမ ဆက်ဆံပုံ ရွေးချယ်ခွင့်လိုပဲ အစိုးရ၊ လွှတ်တော်၊ ဥပဒေ၊ ဘုန်းကြီးကျောင်း (ဘုရားကျောင်း) ကနေ မိဘ၊ မောင်ဖွား၊ သူငယ်ချင်း၊ အပေါင်းအသင်း အထိ ဘယ်သူ့အ ပူ၊ ဘယ်သူ အ ရေး မှ မဟုတ်ဘူး။

 

လက်ယာ အရင်းရှင် စနစ် မှာ အဖောက်ပြန်ဆုံးက ဖက်ဆစ် စနစ် ပဲ။  လူသား အချင်းချင်း စီးပွား ဖိနှိပ် ရုံမက လူမှု နိုင်ငံရေး အခွင့်အရေး ကို ဖိနှိပ် ရက်စက်မှု အပေါင်း၊ လူမဆန်မှု အပေါင်း သရဖူ ဆောင်းခဲ့တာ ဖက်ဆစ် နိုင်ငံ၊ စနစ်တွေပဲ။

 

အခု စစ်ခရိုနီ အရင်းရှင် စနစ် တိုင်းပြည်မှာ အခြေတည်ရုံမက မူဝါဒ တွေ၊ ဥပဒေ တွေ၊ သဘောထားတွေ ဟာ အစွန်းရောက်လာပြီး စစ်အာဏာရှင် ဖက်ဆစ် တိုင်းပြည် ကနေ စစ်ခရိုနီ အရင်းရှင် ဖက်ဆစ် တိုင်းပြည် ကို ဦးတည် နေပြီ။

 

စစ်အာဏာရှင်စ နစ် ခေတ်မှာတော့ စစ်တပ် ကို အသုံးချ လူထု ကို ဖိနှိပ်မှု ပုံစံ ဖက်ဆစ် တိုင်းပြည် ဖြစ်ခဲ့တယ်။  အခု စစ်ခရိုနီ အရင်းရှင် ဖက်ဆစ် တိုင်းပြည်မှာတော့ ဖိနှိပ်လိုသူ တွေ ဟာ လွှတ်တော် ကို အသုံးချ၊ ဥပဒေ ကို အသုံးချ လူသား အခွင့်အရေး ကို ထိန်းချုပ် ခြယ်လှယ် လွှမ်းမိုးစေတယ်။

 

အခု ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဥပဒေ အတွက် ခပ် လွယ်လွယ် ခပ် တိမ် တိမ် လူပြိန်း အများ နဲ့ အမျိုး ဘာသာ သာသနာ အသံကြားရင် အမြီးကုပ် ခေါင်းငုံ့ လက်ခံချင်သူများ အကြိုက် ဘာ အကြောင်းပြ သလဲ။  မိန်းကလေး များ ဘာသာကွဲ နဲ့ အိမ်ထောင်ကျ ရင် ဇွတ် ဘာသာပြောင်းရမှု မဖြစ်အောင် ကာကွယ်  နိုင်တာပေါ့ ဆိုပြီး အကြောင်းရှာတယ်။  ဒီ ကိစ္စ မျိုးတွေ  အားလုံး အတွက် ဗုဒ္ဓ ဘာသာ မြန်မာ အမျိုးသမီးများ အတွက် အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ၊ အမွေဆက်ခံ ခြင်း ဆိုင်ရာ တည်ဆဲ ဥပဒေ တွေ ရှိပြီး ဖြစ်တယ်။

 

အခုမှ အပိုဆာဒါး အစွန်းရောက် အမျိုးသားရေး မှိုင်းလုံး နဲ့ အတူ အမျိုး၊ ဘာသာ၊ သာသနာ သကာဖုံးထားတဲ့ နာဇီခေတ် ဥပဒေ တွေ သွတ်သင်း လာစရာ မလိုဘူး။

 

ဗုဒ္ဓ ဘာသာ မြန်မာ မို့ လက်သင့် မခံတောင် နှာစီး ငြိမ်နေကြရင် နောင် တနေ့မှာ ဥပဒေ ပြု လွှတ်တော် ဆိုတဲ့ နေရာမှာ စစ်သား တင်မက ဘုန်းကြီး ပါ မြင်ရမယ်။  ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွား၊ နိုင်ငံရေး အရာရာမှာ စစ်အုပ်စု ရဲ့ ဖိနှိပ်မှု ကို ခံရရုံမက ဘာသာရေး ခေါင်းဆောင်များ ရဲ့ သဘောကျ ခြယ်လှယ်မှုကိုလည်း ခံရမယ်။

 

ဒီနေ့ ကိုးကွယ် ရာ အမှု၊ အိမ်ထောင်မှု သားမွေး အပြု  ကို ဘာသာရေး ခေါင်းဆောင် တချို့ ဝင် စွက်ဖက် လာပြီ။  နောက် တနေ့ ဘာ ဝတ်၊ ဘာ စား၊ ဘာ ပြော အထိ ပါ (ဥပဒေ အရ) လာ စွက်ဖက်မယ်။

 

တိုင်းပြည် အနာဂတ် ကို ဘာသာရေး ခေါင်းဆောင်များ လွှမ်းမိုးခံ ဗမာပြည် ကို မြင်ချင်သလား။

 

မိမိ သား၊ မြေး မျိုးဆက် ဘာ ဝတ်၊ ဘာ စား၊ ဘာ ကိုးကွယ်၊ ဘယ်သူနဲ့ အိပ် ကို ဘုန်းကြီး အလိုကျ ဆောင်ရွက် နေရတဲ့ အဖြစ် မြင်ချင်လား။

 

လူနည်းစု ဘာသာ လူမျိုး တွေ ကို နှိပ်ကွပ် လို တာ ပဲ၊ ငါတို့ အနေသာကြီး မထင်လေနဲ့။  ဒီနေ့ လူနည်းစု တွေကို ပစ်မှတ်ထားတယ် ဆိုရင် နောင် တနေ့မှာ လူများစု တွေလည်း ခံရမယ်။

 

အခုလည်း ခံ နေရတာပါပဲ။  တုံးအောက် က ဖားချင်း မှာ စနစ် က အထိုက်အလျောက် ပစားပေးမှုကြောင့် နည်းနည်း အနေ၊ အစား ချောင်နေတော့ ခံ လို့ ခံရမှန်း မသိချင် ဖြစ်နေကြတာ များတယ်။  သွေးက တစိမ့်စိမ့် ထွက်၊ အနာ က တမျှဉ်းမျှဉ်း ဆိုတော့ အနာမှန်း ခံရမှန်း မသိ ဖြစ်နေတာလည်း ပါတယ်။  နောက် တခု က အနာကို ယဉ်ပါး တပ်မက် သွားတာလို့လည်း ဆိုနိုင်တယ်။

 

တလျှောက်လုံး သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်၊ ဒီဘက်မှာ စစ်အာဏာရှင် ခေတ် နဲ့  သာ ရင်းနှီးကျွမ်းဝင် နေရတော့ အုပ်စိုးသူ မင်း နဲ့ မင်းဆရာ ဘုန်းကြီး အလိုကျ နေ ထိုင် လာခဲ့ရတဲ့ လူမှု ဘဝ ကို ကျင့်သားရ နေ၊ ဓလေ့ ဖြစ်နေတော့ ဖိနှိပ်လို့ ဖိနှိပ်မှန်း မသိ၊ လူသား အခြေခံ အခွင့်အရေး ချိုးဖောက်လို့ ချိုးဖောက် ခံရမှန်း မသိ ဖြစ်နေကြတယ်။  ဒီ ဖိနှိပ်ခံရမှု ပုံစံခွက် ကို ခေါက်ရိုးကျိုးနေတယ်။  

 

ဒီ အနေအထား မှာ တသက်လုံး မှိုင်းတိုက် ခံထားရတဲ့ သည်းခြေကြိုက် အမျိုး၊ ဘာသာ သာသနာ ပါလာတော့ ထိထိရောက်ရောက် ကန့်ကွက်လိုမှု နည်းကြတယ်။

 

အခု လွှတ်တော် ကို ရောက် လာပြီ ဖြစ်တဲ့ 

၁) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊  

(၂) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ 

(၃) မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း နဲ့ 

(၄) တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်း (၄) ခုမှာ ဗမာလူ့အဖွဲ့အစည်းရဲ့ အစဉ်အဆက် ယောက်ျားကြီး ဝါဒီ များ အားသာ အလွဲသုံးစားပြုရာ ဖြစ်နေတဲ့ တရားဝင် မယားပြိုင် ယူခွင့် ရှိနေမှု ကို ပဲ ပယ်ဖျက် တစ်လင် တစ်မယား ဥပဒေကိုပဲ ပြဋ္ဌာန်း ဖို့ တောင်းဆိုရပါမယ်။ 

 

ကျန် (၃) ခု ကိုတော့ လူများစု၊ လူနည်းစု၊ အမျိုးသား၊ အမျိုးသမီး အားလုံး ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံ လိုပဲ ပြင်းပြင်းထန်ထန် အရေးပေး ကန့်ကွက်ရမှာပါ။

 

အဲ့သလိုမှ မဟုတ်ရင် ဖိနှိပ်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများက လွှတ်တော် က အတည်ပြု တရားဝင် ပြဋ္ဌာန်း ကျင့်သုံးနိုင်ရာ နာဇီ ပါတီ ဗမာပြည် ကို အနာဂတ် မျိုးဆက် ခံစားရမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး

ဒီဇင်ဘာ ၀၁၊ ၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ငြိမ်းချမ်းအေး – နာဇီ ပါတီ ဗမာပြည်

Comments are closed.