(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ တိုက်ဂါးဘီယာစက်ရုံက ခြံစည်းရိုးခတ်နေသည့် နေရာသည် သီးနှံစိုက်ခင်းမြေဖြစ်နေသည်ဟုဆိုပြီး ထိုဒေသရှိ စိုက်ပျိုးရေး လုပ်ကိုင်နေသူများက ကန့်ကွက်နေကြသည်။
မြဲမြံအောင်စိုက်ခင်းဟု အမည်ရသော ဧက ၁၀၀ နီးပါးရှိသည့် ထိုနေရာတွင် သီးနှံစိုက်ပျိုးလာသည်မှာ အနှစ် ၂၀ ခန့် ကြာပြီဖြစ်ကြောင်း၊ ဆက်လက် လုပ်ကိုင်ခွင့် ရရန် သက်ဆိုင်ရာဌာနများသို့ တင်ပြ တောင်းဆိုထားကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြောသည်။
စိုက်ပျိုးရေးသမားတဦးဖြစ်သည့် မအေးခိုင်က “ဒီမြေနေရာကို အရင်က ဘယ်သူ ပိုင်ပါတယ်လို့ ပြောဆိုခြင်း တစ်ခါမှ မရှိခဲ့ပါဘူး။ ဆိုင်းဘုတ်များလည်း တပ်ထားခြင်း မရှိခဲ့ပါ။ အခု လပိုင်းမှ စတင်ပြီး တိုက်ဂါးဘီယာစက်ရုံက သူတို့ ပိုင်ပါတယ်ဟု ဆိုကာ ခြံစည်းရိုးများ ဝင်ရောက်ခတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။
“ပိုင်ဆိုင်မှု အထောက်ထားများ တောင်းဆိုသော်လည်း သူတို့ မပြနိုင်ခဲ့ပါဘူး” ဟု သူက ဆက်ပြောသည်။
စိုက်ခင်းလုပ်ကိုင်သူတယောက်ဖြစ်သည့် ဦးသံချောင်းကလည်း အစိုးရကိုယ်တိုင် စီမံကိန်းဖော်ဆောင်မည် ဆိုလျှင်ပင် တန်ရာတန်ကြေးရမှ ဖယ်ပေးနိုင်မည်ဟု ပြောသည်။
“ကျနော်တို့ကတော့ လွန်ခဲ့တဲ့ နှစ်၂၀ ထဲက နေထိုင် စိုက်ပျိုးလာတာ။ သူတို့ တိုက်ဂါးဘီယာ တစ်ဦးတည်း ပိုင်ဖို့အတွက် ကျနော်တို့ အားလုံးကို ဖယ်ခိုင်းတာ။ မဖယ်ပေးနိုင်ဘူး” ဟု ဦးသံချောင်းကပြောသည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ပျဉ်းမပင် စက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခြံစည်းရိုးခတ်မည်ဟု အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ ဆုံးဖြတ်ချက် ချရာတွင် စိုက်ပျိုး လုပ်ကိုင်သူများနှင့် ညိုနှိုင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း စိုက်ခင်းတွင် လုပ်ကိုင် နေထိုင်သူများကပြောသည်။