စာစုတို

အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး

အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄

ကျနော်တို့မြန်မာတွေက အလွန်အချော့ကြိုက်သည်။ တနည်းအားဖြင့် အမြှောက် အလွန်ကြိုက်သည်။ သက်ကြီးပိုင်းတယောက်တွေ့လျှင် အန်ကယ်၊ ဦးလေးခေါ်လျှင် မကြိုက်။ အကိုကြီးဟု ချော့ခေါ်မှ ကြိုက်သည်။ နဲနဲပိုအသက်ကြီးလျင် အဘဟု မြှောက်ခေါ်မှ ကြိုက်သည်။

မြန်မာပြည်အခြေအနေကို အမှန်အတိုင်းပြောလျှင် အမျိုးသားသစ္စာဖောက်၊ ပြည်ဖျက်၊ မျိုးမစစ်ဟုမြင်ကြသည်။ “ဆီကိုရေချိုး.. ဆေးရိုးမီး လှုံ .. ဆေးရိုးမီးလှုံဟု” ဆိုပြလျှင် အလွန်သဘောကျကြသည်။ ဘေးဘီက လူတွေကို ပတ်ပြီး ပြုံးပြုံးကြီး လက်မထောင်ပြတတ်ကြသည်။

တကယ်ကျတော့ ဆီကို ရေချိုးဖို့နေနေသာသာ မြန်မာလူထုရဲ့ ၉၉ ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းသော စားအုန်းဆီ အညံ့စားများကိုသာ စားသုံးနေကြရတာကို အားလုံးသိပြီးသား ဖြစ်ပါသည်။ ဆေးရိုးမီးလှုံဖို့နေနေသာသာ ပုံမှန်ချက်စားဖို့ ထင်းပင်လျှင် အလွန်ရှားပါသည်။ ရှိသမျှအပင်တွေပင် တရုတ်ပြည်သို့ ဒေသစာရီကြွချီကုန်ကြပြီ။

ငယ်ငယ်က သင်ခဲ့ရသော “မင်းသားသုံးပါးနှင့် မုဆိုး” ပုံပြင်ကို ထိုစဉ်က နားမလည်ခဲ့ပါ။ ပထမမင်းသားက ဓားကြိမ်းကြိမ်း၍ အမဲသားတောင်းသည်။ မုဆိုးက နဲနဲသာ ပေးသည်။ ဒုတိယမင်းသားက အကိုကြီးဟုခေါ်၍ တောင်းသည်။ မုဆိုးက နဲနဲသာ ပေးသည်။ တတိယမင်းသားက မိတ် ဆွေဟုခေါ်ပြီးတောင်းရာ အမဲသားတစ် အကုန်လုံးပေးလိုက်သည်။ ထိုစဉ်က ကျနော့်စိတ်ထဲတွင် ဘ၀င်မကျပါ။ အကိုကြီးဟု ခေါ်သူဟာ ပိုရင်းနှီးသည့် သဘောပါ၍ ဒုတိယမင်းသားကို ပိုသဘောကျပါသည်။ ဒုတိယမင်းသားကိုသာ အမဲသား ပိုပေးသင့်သည်ဟု ယူဆခဲ့ဖူးပါသည်။ မြန်မာပြည်သား အများစုသည်လည်း ကျနော့်လိုပင် “အကိုကြီး” ဟုခေါ်သောမင်းသားကို ပိုသဘောကျမည် ထင်ပါသည်။

ယခု စဉ်းစားတတ်သောအရွယ်ရောက်မှ အကိုကြီးခေါ်သူသည် မြှောက်ပင့်ခေါ်မှန်း သိလာရသည်။ မိမိကိုယ်တိုင်လည်း အခြားမြန်မာပြည် သားများနည်းတူ အမြှောက်ကြိုက်သူဖြစ်၍ ဒုတိယမင်းသားကို သဘောကျမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယနေ့ မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ကျနော့်စိတ်ကူးနှင့်ကျနော် ပုံဖော်ကြည့်သော မင်းသားသုံးပါးရှိသည်။ ယခင်စစ်အစိုးရသည်လည်း မင်းသားတပါး။ ယခုဦးသိန်းစိန်အစိုးရသည်လည်း မင်းသားတပါး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မင်းသားတပါး။ မည်သည့်မင်းသားက ပြည်သူလူထုထံ မည်သို့ခေါ်၍ မည်သို့စကားဆိုသည်ကို ကိုယ်တိုင်စဉ်းစားကြည့်ပါလေ။ မြန်မာပြည်သားများ အနေဖြင့် မည်သည့်မင်းသားအား အယုံကြည်ရဆုံး ဖြစ်သည်ကို မိမိကိုယ်တိုင် ဆုံးဖြတ်ကြပါလေ။ ယခုတကြိမ်တွင်တော့ .. ကျနော့်အနေဖြင့် “မိတ်ဆွေ” ဟုခေါ်သော မင်းသားကိုသာ ရွေးချယ်ထားပါသည်။

အဲဒိုဗေဒါ 26112014


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “အဲဒိုဗေဒါ – မြန်မာ့နိုင်ငံရေးနှင့် မင်းသားသုံးပါး
  1. Yes, good article. Culture Reform is need
    But even the beggers talk “a-ko-gyi/a-ma-gyi”
    Now all business/gov/religion talks “a-ko/a-ma”
    ADULT Education talk “a-ko/a-ma”
    “Mate-Swe” is for stranger…
    My view only

  2. လ ဘာ ဧျာ မိဘ ပြည်​ သူ များ ခင်​ ဗျား ​ပြော ​ပြော ပြီး

    အ ဆံ မရှိ ​သော
    အနှစ်​ သာ ရ မ ရှိ ​သော… ဆက်​ ​တွေး ကြည့်​ ​တော့

    Who might it be ?

Comments are closed.