တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများ လွတ်မြောက်ရေး

တူမောင်ညို – ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများ လွတ်မြောက်ရေး 

(မိုးမခ) ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်

ဗိုလ်ရွှေမန်းနှင့်ဗိုလ်သိန်းစိန်အင်တာဗျူးရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာသည်။ ပြောစကားတွေနဲ့ လေသံကိုယှဉ်ကြည့် လိုက်လျှင် ဗိုလ်သိန်းစိန် နားတော့မည်ဆိုတဲ့ အချက်ကို လူတိုင်းလွယ်လွယ် ကောက်ချက်ချနိုင်ပါလိမ့်မည်။

ကြံ့ဖွံ့ပါတီထဲ၌ ဗိုလ်ရွှေမန်းကို ယှဉ်ပြီး ၂၀၁၅ တွင် သမ္မတအဖြစ် အရွေးခံမည့်သူမရှိသည်မှာ ထင်ရှားသည်။ ဗိုလ်သိန်းစိန် ကားသူ၏ နောက်ဆုံးနေ့များတွင် ဗိုလ်ရွှေမန်းပီပီပြင်ပြင်ကနိုင်ဖို့ ဇာတ်ပို့နိုင်မည့်အကွက်များကိုသာ အပြန်အလှန် အတိုင်အဖောက် ညီညီ သရုပ်ဆောင်ပေးသွားတော့မည်မှာ ထင်ရှားနေသည်။

ဗိုလ်ရွှေမန်းပြောစကားတွေထဲတွင် ရှင်းရှင်းလင်းလင်းပြောသည့် အချက် ၂ ခုသာတွေ့ရသည်။

–     ၂၀၁၅ ရွေးကောက်ပွဲကို တည်ဆဲ “၂၀၀၈ အခြေခံဥပဒေ”  အတိုင်းသာ ကျင်းပသွားမည်။

–    သူ “သမ္မတ” လုပ်မည်။

ကျန်တာတွေက ဟိုလိုလို၊ သည်လိုလို၊  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေးကိစ္စများနှင့်ပတ်သက်၍ ရေရာတိကျသည့်စကားမပြော၊  တစ်ဖက်ကို တွန်းပို့ထိုးချပြီး မဲဆွယ်သကဲ့သို့ အပြောကလေးဖြင့် သူဘက်သူဗြောင်ယက်၍ ဤသို့ပြောသည်။

“၄၃၆ကိစ္စ အဓိကပြင်ဆင်ဖို့မှတ်ယူကြိုးစားနေကြောင်း”၊“အောင်မြင်ခြင်း/မအောင်မြင်ခြင်းကတော့ ကဏ္ဍတစ်ခုဖြစ်ကြောင်း” ဆုတ်သာတက်သာခပ်ဆွဆွလေးပြောပြီး၊ “အောင်မြင်ခြင်း/မအောင်မြင်ခြင်းကတော့ သမ္မတနှင့်ကာချုပ်တို့အပေါ်မှာ မူတည်တယ်လို့ သုံးသပ်ကြောင်း” ပြောသည်။

ဤအပြောက အတိုက်အခံများသည် (ဒီချုပ်ကိုရည်ရွယ်ပုံပေါ်သည်) သူ့အပေါ် အဓိကယုံကြည်ကိုးကွယ်နေရုံမျှမက သမ္မတ ဗိုလ်သိန်းစိန်နှင့်ကာချုပ်ဗိုလ်မင်းအောင်လှိုင် တို့ကိုလည်း မျက်ကွယ်မပြုကြနှင့် သူတို့ထံလည်း အသနားခံကြလို့ ပြောနေခြင်းဖြစ်သည်။

ဗိုလ်ရွှေမန်းက “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” သည် သမ္မတနှင့်ကာချုပ်တို့အပေါ်မူတည်ကြောင်း ပြောပြီး၊ သမ္မတနှင့် ကာချုပ်တို့ ဘက်သို့ ပြင်ဆင်ရေးဘောလုံးကို ပုတ်ထုတ်လိုက်သည်ကို ဗိုလ်သိန်းစိန်က (VOA)နှင့်အင်တာဗျူးတွင် “၄၃၆ပြင်ဆင်ရေး” သည်  လွှတ်တော် မှာသာ အဓိကတာဝန်အရှိဆုံးဖြစ်တယ် လို့ ပြန်လည်တွန်းပို့သွားပြန်သည်။

ကာချုပ် ဗိုလ်မင်းအောင်လှိုင်စေလွှတ်ထားတဲ့ စစ်သားအမတ်တွေကလည်း “ပုဒ်မ ၄၃၆ မပြင်ဆင်ရေး”ကို လွှတ်တော်သို့ တစ်ဖက်က တင်သွင်းနေပြီး၊ ကာလုံ၏လုပ်ပိုင်ခွင့်ထဲတွင် လွှတ်တော်ဖျက်သိမ်းပစ်နိုင်ရေး ပြဋ္ဌာန်းချက်အသစ်တစ်ရပ်ထည့်သွင်းပေးရန် တင်ပြနေကြသည်။

သို့ဖြင့် ၂၀၀၈ အခြေခံဥပဒေပြင်မည်ဆိုသည့် ဒီချုပ်ပါတီအနေဖြင့် ဗိုလ်ရွှေမန်းနှင့်ဗိုလ်သိန်းစိန်တို့ (ရှင်ကြီးနဲ့ကျား)၏ အကြား တွင် ဗျာများနေရပြီ။ ရှင်ကြီးကလည်း ရှင်ကြီးကောင်းမဟုတ်၊ အော့ကျောလန်“ရှင်ကြီးဆိုး”၊ ကျားကလည်း “ငစဉ်းလဲ”။ ရှင်ကြီးကလည်း ကျားတာဝန်၊ ကျားကလည်းရှင်ကြီးဘက်က အဓိကဟုဆိုနေကြသဖြင့် ကျနော်တို့၏ဇာတ်လိုက်  မဗေဒါ ပါဝင်ကပြနေသော လွှတ်တော် အလွမ်းဇာတ်သည် မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပေတော့မည်။

ဒီချုပ်ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကတော့ ဤသို့ပြောရှာပါသည်။

“ အစကတည်းကလည်း အန်ကယ်လ်တို့ အမြဲတမ်းပြောတယ်။ သင်္ချာနည်းနဲ့တွက်ကြည့်ပါ ၄၃၆ လည်း ကျနော်တို့ မနိုင်ပါ ဘူး။ ၅၉(စ) လည်း မနိုင်ပါဘူး။ ဒီလိုဆိုရင် ဘာဖြစ်လို့လုပ်နေလဲ။ ကျနော်တို့က ဒီမိုကရေစီကို ယုံကြည်လို့လုပ်တာ။ ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒ အဓိကပဲ။ အဲတော့ ပြည်သူ့ဆန္ဒတွေ ဒီလိုရှိတယ်ဆိုပြီး ကျနော်တို့ လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်မှာ ကျနော်တို့ ဒါတွေကို နှိုးဆော်တယ်။ ဒီဥစ္စာဟာ ကျနော်တို့ရဲ့ ကြိုးစားချက်” တဲ့။

ဒီချုပ်ပါတီသည် လူထုအင်အားကို မစို့မပို့သုံးပြီး စစ်တပိုင်းအုပ်စိုးသူများကို “အားပြသလိုလို”နှင့်“တရားချ”နေသည်၊ “စိန်ခေါ် သံပေးသလိုလို” နှင့် “တောင်းပန်တိုးရှိုး” နေသည်။ မည်သို့ပင်ပြောနေစေကာမူ “ပြင်ပြင်/မပြင်ပြင် ဝင်ကိုဝင်မယ်” လို့ ပြောကတည်းက ဂိတ်ဆုံးသွားပြီဆိုသည်ကို အားလုံးက ရင်နာနာနှင့် သိထားပြီးဖြစ်ပါသည်။

ယခုတော့ ပြင်ဆင်ရေးတပ်ဦး ခေါင်းဆောင်ကိုယ်တိုင်က “ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ အတွက်လည်း သူ့ (Process) အရသူ သွားရမှာ ဖြစ်သလို ၅၉(စ)ကို မပြင်ခင် ၄၃၆ ကိုပြင်ရမှာဖြစ်တဲ့အတွက် သူ့အဆင့်နဲ့သူရှိသလို၊ လုပ်ငန်းစဉ်အရ ဒီလိုဖြစ်ဖို့ သဘာဝကျ တယ်” လို့ ပြောနေသည်။ ဖြောင့်မတ်သောဥက္ကဋ္ဌကြီး၏ အစီအစဉ်အတိုင်းမသွားလျှင်ပင် “သဘာဝမကျ” ဟု ဆိုလိုချင်သလော။

အုပ်စိုးသူများကို ဖိအားပေးရာတွင် လူထုအင်အား/ လူထုဆန္ဒကို မစို့မပို့သုံး၍မဖြစ်/ ပြ၍မဖြစ်၊ အုပ်စိုးသူများနာခံကျိုးနွံ သွားသည်အထိ ပီပီပြင်ပြင်ပြတ်ပြတ်သားသားပေးဖို့လိုအပ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ပေးခဲ့သော လူထုဆန္ဒ ၅ သန်းနီးပါး ကို အုပ်စိုးသူများက ပမာမထား၊ လျစ်လျူရှုခဲ့သည်မဟုတ်ပါလား။

ကျနော်တို့ပြည်သူများသည် အတိုက်အခံပါတီအပေါ် မျှော်လင့်အားကိုးနေလျှင် အရာရာကို သည်းခံခြင်းဖြင့်သာ ကျော်ဖြတ်ရ ပေတော့မည်။ အုပ်စိုးသူများ၏သဒ္ဒါသရွေ့နှင့်သာ တင်းတိမ်ရောင့်ရဲနေကြရပေတော့မည်။

တောင်ပေါ်မြေပြန့် တပြည်လုံးအနှံ့ပေါ် ပေါက်ဖြစ်ပွားနေသောလှုပ်ရှားမှုမီးပွားကလေးများကို လူထုအရေးတော်ပုံမီးတောက် ကြီးအဖြစ် ပေါ်ပေါက်ကူးစက်လောင် မြိုက်စေပြီး မိမိတို့၏ လိုလားချက်များကို တောင်းဆိုတိုက်ပွဲဝင်မှ ဖြစ်လိမ့်မည်။ စစ်တပိုင်းအုပ်စိုးသူ ရှင်ကြီးဆိုးနဲ့ကျားငစဉ်းလဲများ အကြားတွင် ခယဝပ်တွား၊ ဗျာများနေသော အတိုက်အခံများကိုပါ လွတ်မြောက်အောင်ကယ်တင်ပေးကြရ လိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများ လွတ်မြောက်ရေး
  1. ၁။ ထောက်ပြစရာတွေ အများကြီးထဲက တစ်ခုကိုပြရရင် ဒေါ်စုရဲ့ ( ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ချင် လွတ်လပ်လိမ့်မယ်။ တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူး။ ) လူသိရှင်ကြား ဝေဘန်ချက်တစ်ခုပါပဲ။ ကျနော့အမြင်ကို ပြောရရင် လွတ်လပ်မှာလည်းမဟုတ်သလို တရားမျှတမှုလည်း ရှိမှာမဟုတ်ပါဘူး။ ၂။ ပြင်ပြင် မပြင်ပြင် ၀င်ကိုဝင်မယ် ဆိုတာကိုလည်း အဲဒီစကား ကြားကတည်းက တစ်သက်လုံးဖုံးခဲ့သမျှ တစပြင်ရောက်မှ အကုန်ပေါ်သလို ဖြစ်တာတော့ တော်တော်ကို အရုပ်ဆိုးတယ်။ ၃။ ဒီအတိုင်းသွားရင် ဒီလူကရေစီစနစ်နဲ့ပဲ ညားမှာအသေအချာပဲ။ ၄။ စားထားတာလည်း သုံးချိုးနှစ်ချိုးကုန်ပြီဆိုတော့ မစင်မှန်းတော့ သိကိုသိသင့်ပြီ။ ၅။ ဆရာဦးဝင်းတင်ပြောသလို ဖောက်ထွက်ရမယ်။ မဟုတ်ရင်တော့ မျောပြီ။

  2. The longer the journey, the more likely dassk to be lame duck.

    She is now, in subtle way, becoming lame and lamer and lamer and finally will become lame duck.

    She was encircled by that trio, t s, s m,and m a hl.

    Something must happen to save that situation.

    Salvaging action is required and it is mandatory.

Comments are closed.