မိုးမခကို ပေးတဲ့စာ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၄

သူငယ်ချင်းတို့ရေ …

ဒီတပတ် များလိုက်တဲ့အလုပ်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ။ ဒါနဲ့ စာမရေးတော့ဘူးလို့ စဉ်းစားနေတုန်း ချစ်သူငယ်ချင်းကြီး ဝင်းဆွေ က Viber ကနေ သူ့မကျေနပ်ချက်ကို ပြောလာတယ် …

“ဒီမိုအုပ်စု နဲ့ ကြယ်ပွင့်တွေ တွေ့ဆုံပွဲက ပွင့်လင်းမြင်သာမှု ဘာမှ မရှိဘူး။ မင်း ဘယ်လို ထင်မြင်လဲ” ဆိုတော့။

သူမို့လို့ “ပွင့်လင်းမှု မရှိဘူး” လို့ ပြောရက်တယ်။ ဒီလောက် နိုင်ငံတကာ နဲ့ မြန်မာတနိုင်ငံလုံး တွေ့မြင်အောင် ဓါတ်ပုံတွေရိုက်ပြီး၊ နိုင်ငံပိုင်သတင်းစာ ခေါင်းကြီးနဲ့ ဂျာနယ်စာစောင်တွေမှာ ခေါင်းဆောင်ကြီးတွေ တဦးနဲ့တဦး နွေးနွေးထွေးထွေး၊ ရင်းရင်းနှီးနှီး၊  ချစ်ချစ်ခင်ခင် နှုတ်ဆက်ကြ၊ နိုင်ငံ့အရေးအတွက် ကိုယ်စားလှယ်တဦး ဆယ်မိနစ်လောက် ပြောခွင့်ရတာကို ကြည့်လိုက်ရင် ဘယ်လောက် ပွင့်လင်မြင်သာမှု ရှိသလဲ။

*သမ္မတကြီးက မနေ့က (နိုဝင်ဘာလ ၂၀) ရက်နေ့ ဗွီအိုအေနဲ့ တွေ့ဆုံပွဲမှာ ဒီလိုတွေ့ဖို့ ဆက်လုပ်သွားမယ်လို့တော့ မတင်မကျ ပြောသွားခဲ့တယ်။ နားထောင်ကြည်လိုက်။

အဲဒီအရေးကိစ္စကို ဒီမှာရှိတဲ့ အသိမိတ်ဆွေတချို့ ရဲ့  အမြင်ကို မေးကြည့်တော့

“တနေ့တမျိုး မရိုးအောင် လုပ်ပြတတ်တဲ့ မှော်ဆရာ ဗိုလ်ချုပ်ကြီးတွေရဲ့  အကွက်တွေက ဗြောင်လိမ်ဗြောင်စားကြီး လူတိုင်းသိတယ်။ ခင်များ မသိဘူးလား” လို့ အပြောခံရတယ်။

အေးလေ … သူတို့ ပြောလဲပြောစရာ။ ငါလည်း ဒီလောက်တော့ ရိပ်မိမြင်မိပါတယ်။ ဆိုင်းမဆင့်ဗုံမဆင့် တွေ့ကြဆုံကြ၊ စကားပြောကြမယ်လို့ မောင်းထုကြေညာလိုက်တော့ ဦးစွာသတိထားမိတာက အမှတ်သညာနည်းတဲ့ အဖိနှိပ်ခံ ရွှေနိုင်ငံသားတွေ အုတ်အုတ်ကျက်ကျက်၊ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသလို။ အကျိုးစီးပွားရှေ့ ရှု နိုင်ငံတကာ အုပ်စုတွေကလည်း jump on the bandwagon ~ အများညီ၍ “ဤ”ကို “ကျွဲ” ဆိုကာ ကြိုဆိုလိုက်ကြတယ်။ ဘဇာ့ကြောင့် ဗိုလ်သိန်းစိန် နဲ့ လူတွေ့မခံတဲ့ ကာလုံတို့ ရုတ်ချည်းကတောကမျော တွေ့ကြဖို့ လုပ်ကြလဲဆိုတော့ လေးပွင့်ဆိုင် တွေ့ဆုံဖို့ တောင်းဆိုပြီး တနှစ်နီးပါး ပုတီးစိပ်အဓိဌာန်ပြု ဆုတောင်းစောင့်မျှော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မျှော်လင့်ချက်မဲ့နေတဲ့ နိုင်ငံသူနိုင်ငံသားတွေကို သောက်ဂရုစိုက်လို့ မဟုတ်။ ကျင်းပသွားခဲ့တဲ့ အရှေ့ အာရှ ထိပ်သီးအစည်းအဝေးပွဲကြီးကို တက်ရောက်လာမယ့် အမေရိကန်သမ္မတကို မျက်နှာချိုသွေး လုပ်ဖို့ဆိုတာ အခုလောက်ဆို အမြဲအညာခံ အလိမ်ခံနေရတဲ့ တို့ပြည်သူတွေ သိလောက်ပြီပေါ့။

ဒီလို ပေါ်တင်ကြီး လုပ်လိုက်တာကို ဗိုလ်သိန်းစိန်အစိုးရရဲ့  ပြန်ချင်ရာပြန် ကြားချင်ရာကြားတဲ့ ဗိုလ်ရဲထွဋ်ကတော့ အမေရိကန်သမ္မတ အိုဘားမား လာမှာမို့ ချိန်ကိုက်လုပ်တာ မဟုတ်ဘူးလို့ သူလုပ်နေကြအတိုင်း ဗြောင်ငြင်းဆိုလိုက်တယ်။ ဒါဆို ဗိုလ်ရဲထွဋ်ကို မေးချင်တာက လွန်ခဲ့တဲ့ တနှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားခဲ့တဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲကို ဘာဖြစ်လို့ အဖက်လုပ် အကြောင်းမပြန်၊ အရေးမလုပ်ဘဲ။ အခုမှ ကောက်ခါငင်ခါ အလွတ်သတင်းထောက် ကိုပါကြီးကို လူမဆန်စွာ (ပစ်)သတ်ပြီးမှ၊ အမေရိကန်သမ္မတ လာခါနီးမှ၊ အာဆီယံအစည်းအဝေး လုပ်ခါနီးမှ တွေ့ဆုံဖို့ လုပ်ရတာလဲလို့ မေးခွန်းထုတ်၊ ဝေဖန်ရင်တော့ ဗိုလ်ရဲထွဋ်တယောက် စိတ်ဆိုးပြီး ဖွဘုတ်ကနေ ပြန်ရန်တွေ့မှာ သေချာတယ်။

ဒီနေရာမှာ တခုပြောချင်တာက အမေရိကန်နဲ့ အဆင်ပြေရင် ဒီမိုကရေစီနိုင်ငံဖြစ်၊ တိုးတက်ပြောင်းလဲပြီလို့ ယုံမှတ်နေကြတဲ့ တို့ပြည်သူတွေ သိဖို့က အရင်းရှင် အမေရိကန်အစိုးရက အစောပိုင်းကာလ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ခဲ့တာတွေ၊ နိုင်ငံရေးအရ မဆက်ဆံခဲ့တာတွေ၊ စစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချ၊ ဖိအားပေးခဲ့တာတွေ လုပ်ခဲ့ပြီး အခုချက်ချင်း အားလုံးနီးပါးကို ခဝါချပြီး၊ ဘာမှမဖြစ်ခဲ့သလို ပြောင်းလဲဆက်ဆံလာတဲ့အကြောင်းက စစ်ယူနီဖောင်းချွတ်  တိုက်ပုံတောင်ရှည်ဝတ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေပါပြီ။ ပြုပြင်ပြောင်းလဲနေပါပြီ။ နိုင်ငံတော်ကြီးကို ဘယ်လို ရွှေ့ မယ်ပြောင်းမယ်၊ ရှေ့ တိုးမယ် နောက်မဆုတ်ဘူးဆိုတဲ့ ဗိုလ်ရှုပ်တွေရဲ့  စကားလုံးတွေကို ယုံလို့ မဟုတ်ဘူး။ အရှေ့ အာရှမှာ အမေရိကန် သြဇာကျဆင်းခဲ့တာကို ပြန်လည်အဖက်ဆယ် တည်ဆောက်ဖို့၊  အထူးသဖြင့် ကွန်မြူနစ် တရုတ်အစိုးရရဲ့  သြဇာလွှမ်းမိုးမှုကို တန်ပြန်ဟန့်တားနိုင်ဖို့အတွက် လုပ်နေတယ်ဆိုတာကို သိစေချင်တယ်။

အရင်းရှင် အမေရိကန်အစိုးရအနေနဲ့ သမိုင်းတလျှောက်လုံး သူ့ပြိုင်ဘက် အရှေ့ ဘက်မှာရှိတဲ့ ကွန်မြူနစ် တရုတ် နဲ့ ရုရှားတို့ ပြန်လည်ခေါင်းမော့လာပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်အင်အား ကြီးထွားလာမှာကို အစိုးရိမ်ဆုံး။ ဒါကြောင့် ဘာမူဝါဒ၊ ဘာပေါ်လစီမှ မရှိတဲ့ စစ်ဗိုလ်ချုပ် အာဏာရှင်တွေကို ပေးကျွေးဆက်ဆံပြီး တရုတ် နဲ့ ရုရှားတို့ကို  အချိန်မီတားမြစ်ဖို့၊ ဟန့်တားဖို့ ဖြစ်တယ်။ ကမ္ဘာတဝှမ်း ဒီမိုကရေစီစနစ် ထွန်းကားရေးကို လုပ်ဆောင်နေတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားမူဝါဒကို သေချာလေ့လာကြည့်ရင် အမေရိကန် အကျိုးစီးပွားအတွက် စစ်အာဏာရှင်တွေနဲ့ ပူးပေါင်း၊ သူ့အကျိုးကိုယ့်အကျိုး ပံ့ပိုးလုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို တွေ့နိုင်တယ်။

အရှေ့ အလယ်ပိုင်း အစွန်းရောက်ဝါဒီတွေကို ထိန်းချုပ်ဖို့ လက်သံပြောင်တဲ့ ဆဒမ်ဟူစိန် ကို ထောက်ခံခဲ့တယ်။ အီဂျစ် မူဘာရတ် ကို ထောက်ပံ့ခဲ့တယ်။ ဆော်ဒီ အာဏာရှင်ကို ကျားကန်ပေးနေတယ်။

တချိန်က တရုတ်-ရုရှား ကွန်မြူနစ်တို့ကို ချေမှုန်းဖို့ တောင်ကိုရီးယား စစ်အုပ်စု၊ အင်ဒိုနီးရှား စစ်အာဏာရှင် ဆူဟာတို၊ ဖိလစ်ပိုင် မားကိုစ်၊ ထိုင်းစစ်တပ်တို့ကို အမေရိကန်ရဲ့  လက်တွဲဖက်တွေ။

အာဖရိကတိုက် နဲ့ တောင်အမေရိကတိုက်မှာလည်း များစွာသော စစ်အာဏာရှင်တွေကို မွေးကျွေးတည်ဆောက်ပေးခဲ့တာကို တွေ့နိုင်တယ်။

ဒါကိုကြည့်ရင် အမေရိကန်အစိုးရအဖို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အစွန်းရောက်ဝါဒီတွေကိုပဲ စိုးရိမ်အလေးထားပြီး မူဝါဒမရှိ၊ အတွေးအခေါ်မရှိ၊ လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ စစ်အုပ်စု (အာဏာရှင်) တွေကိုတော့ အမေရိကန် အကျိုးစီးပွားအတွက် လိုရင်သုံး၊ မလိုရင် အချိန်မရွေး လက်နက်နဲ့ တန်ပြန်ဖယ်ရှားနိုင်တာကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့  ကလေးအကွက်တွေကို မသိတာမမြင်တာ မဟုတ်ဘူး။ သူ့အကျိုးစီးပွားအတွက် လတ်တလော ဥပက္ခာပြုပြီး တရုတ်ရဲ့  လှုပ်ရှားမှုတွေကို ဟန့်တာဖို့အတွက် မဟာဗျူဟာအရ ဆက်ဆံနေခြင်း ဖြစ်တယ်ဆိုတာ ဆင်သွားသလို တွေ့နိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာစစ်ဗိုလ်ချုပ်တွေ ရရှိတဲ့ လတ်တလော အကျိုးရလဒ်က အမေရိကန် နဲ့ အနောက်နိုင်ငံတွေကို မျှော်ကိုးအထင်ကြီးတဲ့ ပြည်သူတွေကို သူတို့ တည်ဆောက်နေတဲ့ ဘုရားစူး ဒီမိုကရေစီစနစ်ကို အမေရိကန်တောင် ထောက်ခံနေပြီဆိုပြီး ဘတ်နိုင်လိမ်နိုင်တာပေါ့။ ဒါနဲ့ ပတ်သက်လို စစ်ဗိုလ်ချုပ်တွေ ရင်ထဲနှလုံးသားထဲမှာတော့ ဒီလို အမေရိကန်နဲ့ ပြန်လည်ဆက်ဆံခွင့်ရအောင် သွယ်ဝိုက်အကျိုးဆောင် ဖိအားပေးခဲ့တဲ့ တရုတ်ကြီးကို (ဗိုလ်အောင်မင်း ပြောခဲ့သလို) ပိုလိုတောင် ကျေးဇူးတင်နေမှာ။ ဒါကြောင့် သမ္မတအိုဘားမားကို ဗိုလ်သိန်းစိန် သွားမကြိုခဲ့ဘူး။ ဒါပေမဲ့ တရုတ်သမ္မတကိုတော့ အပြေးကြိုခဲ့တယ် မဟုတ်လား။

အစမှာ ပြောခဲ့တဲ့ မှော်ဆရာကြီးတွေ ဝုန်းကနဲ ဒိုင်းကနဲ စီစဉ်ကျင်းပတဲ့ အာလာပ သလ္လာပ တွေ့ဆုံပွဲအကြောင်းနဲ့ ပတ်သက်လို့ ငယ်ငယ်တုန်းက တို့အမေ ပြောခဲ့တဲ့ စကားတခွန်ကို ပြန်ကြားရောင်မိတယ်။ တို့ငယ်ငယ်တုန်းက ကိုယ့်အသိစိတ်နဲ့ စာမကျက်၊ အိမ်အလုပ် ဝိုင်းမကူကြတဲ့ ငါတို့ညီအကိုတွေကို အမေက “နင်တို့တွေက ကြိမ်တို့မှလုပ်တဲ့ နွားတိရစ္ဆာန်တွေ ကြနေတာပဲ။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်မလုပ်ကြဘူး” လို့ ဆူပူဆုံးမတယ်။ အခုလဲကြည့် တို့ရွှေပြည်က နိုင်ငံ့အကျိုးပြု ဗိုလ်ချုပ်ကြီးတွေက ကိုယ့်တိုင်းကိုယ့်ပြည်အရေးကို ကိုယ်အသိစိတ်နဲ့ မဆုံးဖြတ် မလုပ်ဘဲ။ ကြိမ်တို့မှ၊ အစားကျွေးမှ လုပ်နေကြတော့ သူတို့လည်း တို့အမေ ပြောသလို ဖြစ်နေပြီ။

ပြောလက်စနဲ့ ဆက်ပြောရရင် … မင်းတို့ မြင်တဲ့အတိုင်း တိုင်းပြည်ရဲ့  အဓိကလိုအပ်ချက်ဖြစ်တဲ့ ကိုယ့်တိုင်းပြည် ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး ဖြေရှင်းလုပ်ပုံကိုင်နေပုံကို ကြည့်လိုက်အုံး။ ပိုးစိုးပက်စက် ရနေတဲ့ နိုင်ငံပိုင်ဘဏ္ဍာငွေတွေကို ကိုယ့်အိတ်ထဲထည့်၊ ခါးပိုက်ဆောင် ခရိုနီတွေနဲ့ မျှဝေစားနေပြီး။ အလှုလက်ဖက်နဲ့ မျက်နှာလုပ်ဆိုသလို နော်ဝေ၊ ဥရောပ၊ အမေရိကန် အလှုငွေတွေနဲ့  မြန်မာငြိမ်းချမ်းရေးစင်တာဖွင့်ပြီး လုပ်နေကြတော့ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ။ အလှုရှင်တွေ အကြိုက်၊ ပေးကမ်းသူတွေခိုက်အောင် ဟန်ပြလုပ်ရုံကလွဲ ဘာမှ ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်လုပ်နိုင်ကြမှာ မဟုတ်ဘူးဆိုတာ ပေါ်လွှင့်နေတယ်။

အဲဒီမှာ ပြောချင်ရာ ပြောတတ်တဲ့ ဗိုလ်အောင်မင်းရဲ့  လက်တိုလက်တောင်းအဖြစ် နံမည်ခံ ဝင်ရောက်လုပ်နေကြတဲ့ တချိန်က တော်လှန်သူတွေကိုလည်း သနားမိတယ်၊ စိတ်ပျက်မိတယ်။ သူတို့ကို ယုံစားပြီး မြန်မာ့ငြိမ်းချမ်းရေးကို မျှော်လင့်နေရင်တော့ မျှော်နေသူ အမော၊ အရူးဖြစ်မှာ သေချာတယ်။

ဝင်းဆွေ မကျေနပ်တဲ့ ထိပ်သီးအပွင့်ကြီးတွေ တွေ့ဆုံကြတဲ့အကြောင်း အချုပ်ပြောရရင် ပန်းပန်လျက်ပါ မဗေဒါ နဲ့ ဘဲတစ်အုပ် Photo Op (photograph opportunity) ဟန်ဆောင်အပြုံး၊ ရှက်ပြုံးတွေနဲ့ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးနေတဲ့ ဓါတ်ပုံတွေပြပြီး မစ္စတာအိုဘားမားကြီး နဲ့ အာဆီယံ (အရှေ့ အာရှ) အစည်းအဝေး ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို “တွေ့လား ကျုပ်တို့ တွေ့ဆုံကြတယ်” လို့ ဗြောင်လိမ်ခဲ့တဲ့ လုပ်ဇာတ်ကြီးကို မိုးမခပင်တိုင်ဆောင်းပါးရှင် တူမောင်ညိုကတော့ “ဆယ်မိနစ် စကားပြောပွဲ” ဆောင်းပါးနဲ့ ပြတ်ပြတ်သားသား ဝေဖန်လိုက်တယ် (http://moemaka.com/archives/40582) ဖတ်ကြည့် – သိပ်ထိမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပွင်ကြီးတွေက သူတို့အကျိုးအတွက် လုပ်စရာရှိတာကို လုပ်ကြတယ်။

ဒါပေမဲ့ ဒါကို သိသိကြီးနဲ့ လိုက်လုပ်နေကြတဲ့  ဒီမိုအဖွဲ့သားတွေရဲ့  မရေမရာ လုပ်ဆောင်မှုတွေ၊ မပြတ်သားမှုတွေက ပြဿနာရှိတယ်။ ကြည့်လေ … ဓါတ်ပုံရိုက်ခံပြီး အရေမရ အဖက်မရ (၁၀) မိနစ် ပြောခွင့်ရပြီး “ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ” ဟိုမရောက် ဒီမရောက်၊ ရှေ့ မတိုးနောက်မဆုတ် နဲ့ ပေါ်တင်ကြီး အလိမ်ခံ အနင်းခံရပြန်တယ်။ ပြောရရင်တော့ ”မထူးတဲ့ဘဝ … တို့များအဖို့ ခံရတာများလို့ ထုံထိုင်းနေပါပြီ” လို့ အရက်သမား၊ ဖဲသမား၊ ကြက်သမား ယောက်ျားရိုက်လို့ အော်ငိုတတ်တဲ့ တို့လမ်းထိပ်က ဒေါ်ဘုမ လို ဖြစ်နေကြပြီ။

ဒီလို အလုပ်မဖြစ်တဲ့ လူကြီးတွေ၊ ဘယ်သူမှ ရွေးမကောက်ဘဲ လွှတ်တော်ထဲ သွားငိုက်နေပြီး တိုင်းပြည်အကျိုး၊ ပြည်သူ့အရေး ဘာဆိုဘာမှ ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိ၊ ပြုပြင်ပြောင်းလဲခြင်း မရှိ၊ ပြဌာန်းချင်တာ ပြဌာန်းနေတဲ့ အစိုးရ လုပ်ရပ်တွေကို သည်းမခံနိုင်တဲ့ ခွပ်ဒေါင်းတွေ တစခန်းထ ခေါင်းထောင်လာပြန်ပြီပေါ့။ မင်းတို့တတွေလည်း အချိန်ပေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မျိုးဆက်သစ်လူငယ် ကျောင်းသားတွေကို တတ်နိုင်သလောက် အားပေးပံ့ပိုးပေးကြကွာ။ အထူးသဖြင့် တို့တတွေ မှားခဲ့ချော်ခဲ့သလို မဖြစ်အောင် ဝိုင်းဝန်ပေးကြပါ။ တချိန်တည်းမှာ ဗိုလ်သိန်းစိန်အစိုးရလည်း တိုင်းပြည်ရဲ့  အနာဂတ်ကြယ်ပွင့် ကျောင်းသားတွေရဲ့  တရားနည်းလမ်းကျ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတာကို အကြမ်းမဖက် တွေ့ဆုံဆွေးနွေး အဖြေရှာကာ မှန်မှန်ကန်ကန်၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလုပ်ကိုင်သွားနိုင်ဖို့ အရေးကြီးတယ်။ ဒီလိုမဟုတ်ဘဲ တစိတ်ရှိ တို့မှာလက်နက်ရှိတယ်၊ ရှင်းစရာရှိတာကို ပြတ်ပြတ်သားသား ချေမှုန်းမယ်ဆိုရင်တော့ တို့နိုင်ငံ တိုင်းရေးပြည်ရေးလည်း “ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ” နဲ့ တဝဲလည်လည်  ဖြစ်နေအုံးမယ်။

တော်သေးပြီကွာ။ ပေရှည်ဆက်ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီး။ နောက်မှ မျိုးဆက်သစ် ကျောင်းသူကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပညာရေးဥပဒေကိစ္စ တို့တတွေ ပြောကြတာပေါ့။ ချစ်သူငယ်ချင်းအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး

*အမေရိကန်အစိုးရရဲ့  ဗွီအိုအေသတင်းဌာနကို ဗိုလ်သိန်းစိန် သီးသန့်တွေ့ဆုံ အင်တာဗျူး ပေးမှာပေါ့။ သူတို့က အခု စာတတ်နေကြပြီ။ တချိန်တုန်းကတော့ ဗွီအိုအေ၊ ဘီဘီစီ၊ ဒီဗွီဘီ လိမ်နေ၊ ညာနေတယ်လို့ အော်ဟစ် တားမြစ်ခဲ့ပြီး၊ အခု အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးအတွက် တခြားသတင်းဌာနတွေကို ဒီလို အခွင့်အရေး မပေးဘဲ။ ဗွီအိုအေ ကို နေပြည်တော်ဖိတ်ပြီး၊ ဗိုလ်သိန်းစိန်က သူ့အိမ်မှာ ဧည်ခံပြီး၊ လက်ခံတွေ့ဆုံ အင်တာဗျူး ပေးတာပေါ့။ ပိုင်တယ်နော်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts