ကဗျာ

ညိုထက်ညို – အသံထွက် အစစ်အမှန်မှာ

 

ညိုထက်ညို – အသံထွက် အစစ်အမှန်မှာ 

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၄

အသည်းနှလုံး ရှိရာဆီမှာ

ကမ်းရိုးတန်း ရှိရာဆီမှာ

လေကြီးမိုးကြီး

ရိပ်ကြီးမည်းမှောင်

အရောင်တွေ လာနေပြီ

ငါ့ဆီ အရောင်တွေ လာနေပြီ

မန္တလာမှာ

အပြန်တစ်ရာမက

ဆိုချင်ကချင်

အမေမာရယ်

သေချာတာပေါ့

ပြည်တော်ဝင်သီချင်းနဲ့

ပျော်ပြီးရင်းပျော်

ရွှေပြည်တော်သည်

လေပြည်ငယ် ဆော်သွင်းမြူးမယ်ပေါ့

ဆရာဝဏ်ရယ်

လာချင်တာပေါ့

ပိတောက်တွေ လှိုင်တဲ့နွေမှာ

ခမောက်တွေ နိုင်စေရမယ်လေ

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်

ဟောဒီမှာ ဖိုးမောင်လာပြီပေါ့

ဆရာမြရယ်

လာရမှာပေါ့

ဟောဒီကောင်ဟာ

ပလူမွေး ပလူတောင် ကတည်းက

ဆရာ့အရောင်နဲ့ ပါးပြောင်ခဲ့သူပေါ့

ဆရာငြိမ်းရယ်

ကဗျာယိမ်းမှာ

ကျွန်တော်လဲ အထာမစိမ်းခဲ့သူပေါ့

နေညိုညို ရေညိုညိုမှာ

အနုပညာ ထေတွေးကလေးနဲ့

ဘ၀ကို ဖြေဆေးပေးကြသေးတာပေါ့

အောင်ဇေယျတု

ငွေခရုနဲ့

အမေစုရေ

သပြေနုချိန်ဟာ ရောက်လာရမှာ မလွဲ

ကျွန်တော်တို့ နွှဲကြရမယ်လေ

အဝေးဆီ

ကျွန်တော် မျှော်ငေး

ဆရာဖော်ဝေးရေ

လျှာပေါ်မှာ ထွန်ကြောင်းအရစ်ရစ်

ခေတ်ကြီးက ထုဆစ်ခဲ့

ဒဏ်ရာတွေ ငါးရစ်တက်ခဲ့လေရဲ့ဗျာ

ကမ္ဘာမကြေ

ကဗျာတွေနဲ့

သော်ကပင်ကလေး အောက်က

ဆရာမောင်သော်ကရေ

ဒီကောင့်ရင်ထဲ

ဆရာ့မီးခြစ်တစ်ဆံ လောင်စွဲ

ဘယ်သူငြှိမ်းခွင့် ရှိလေလိမ့်မလဲဗျာ

ဆရာဂျမ်းရေ

ကဗျာကမ်းကို

ဆရာ့လှေကလေး ပြန်ကပ်ခဲ့ပါဦး

ကျွန်တော် လိုက်ခဲ့ဦးမယ်လေ

ကမ္ဘာကြီးရယ်

ကန့်လန့်ကာကြီးရယ်

ကမ္ဘာတစ်ခြမ်းကို

ကဗျာနဲ့ ထမ်းထမ်းထားတတ်တဲ့

ဆရာချောရယ်

ကြယ်ပြာလေးနဲ့ ထမင်းစားကြမယ်

ထမင်းစစ်စစ် စားကြမယ်

ပြီးရင် ကဗျာကသိုဏ်းနဲ့

ကဗျာဆိုင်းကို တီးကြမယ်လေ

ကဗျာမှော်တွေနဲ့

အစ်ကိုကြီး ညိုထက် (လမ်းသစ်ဦး) ရေ

ဆရာတော် ကိုပညာ့ကျောင်းကိုလေ

ဗဟိန်းထက် နဲ့ သွားကြမယ်

အဲဒီမှာ မြင်းစီးရင်း

ဆရာကြည်အောင့်ကို ပြန်ရှာကြမယ်လေ

လေးမရေ

တွေးသမျှ ရေးချမိတာတွေကလဲ

မင်း ရွတ်ဖို့ ဆိုဖို့ မျှသာပဲ

မင်းခြံထဲမှာလေ

ငါ့ဖို့ ကဗျာတွေ စိုက်ပေးပါဦးကွယ်

တောကျောင်းရေ

ပြောကောင်း ဆိုကောင်းအောင်

ငါ့ခွက်ထဲ မင်းကဗျာ တစ်ပက်နှစ်ပက် ထည့်ပါဦး

ပြီးရင် မင်းနဲ့ငါ

ဖရေဇာမှာ

သွားရည်စာ သွားစားကြမယ်လေ

ဆုမွန်ရေ

မင်းကတော့ လွယ်လင်မြို့လေးဆီက

မြန်မာပြည်ရဲ့ ဒေါက်တာ နော်မန်ဗက်သွန်းပေါ့

ဟောဒီ မင်းအစ်ကိုရဲ့ အဆုတ်တစ်ခြမ်းကို

မင်း နေပူထဲ ထုတ်လှန်းပေးပါဦး

ခြင်္သေ့ကျွန်းဆီက

သူငယ်ချင်း ပန်ဒိုရာရေ

မင်းငါ့ကို ၀ိုင်တွေ တိုက်ဦးမှာလား

ငါလာဦးမယ်လေ

နေမ၀င် မြစ်ကမ်းနံဘေးမှာ နှင်းတွေဖွေးရင်

လင်းအေးထင်ရေ

မင်းဆီမှာ ကဗျာ ဒီနှစ် အထွက်ကောင်းပါရဲ့လား

ငါ မျှော်မိတယ်လေ

အစ်ကိုကြီး ကိုစည်သူရေ

နယူးယောက်ကိုတော့

နယူးလိုက်ဖ်မှပဲ လာလည်တော့မယ်ဗျာ

အဲဒီတော့မှ ကျွန်တော်တို့

ချစ်ကြောင်းခင်ကြောင်း ဆက်ပြောကြတာပေါ့

တင့်ထူးရေ

မင်းကတော့ ရေမီးမစုံလဲ

လေထီးခုန်ရဲတဲ့ ကဗျာစစ်သည်ကြီးပဲပေါ့

ယရက်နဲ့ န နာရီမှာ မင်းငါ့ဆီ လာခဲ့ပါဦး

မဲဆောက်က

ရဲလဲမကြောက်

သရဲလဲ မကြောက်တဲ့

ငါ့ညီမောင်မျိုးရေ

မင်း ငါ့ကို အဖော်လုပ်ပေးမှာလား

ငါလာခဲ့မယ်လေ

အမှောင်တွေမသမ်းခင်

အစ်ကိုကြီး ကိုဆောင်းယွန်းရေ

အောင်ပန်းကို သွားကြရအောင်လေ

အဲဒီမှာ ကဗျာရှိလေရဲ့

အဲဒီမှာ တာရာရှိလေရဲ့

တို့တွေ တုတ်မထမ်း ဓားမထမ်း

ကဗျာတွေပဲ ထမ်းပြီး

ကဗျာလမ်း ကဗျာစခန်းမှာ

ကဗျာပန်းတွေ ဆွတ်ခဲ့

မာန်ကြီးရဲ့

ကမ္ဘာကို ကဗျာနဲ့ ခါးစောင်းတင်ဖို့ မာန်ကြီးရဲ့

နေ့မီးညမီးဆက်လို့

အကောင်းဆုံး အကွက်နဲ့

ငါ ခြေနှုတ်ခြေသိမ်း သွက်ချင်မိတယ်ကွာ

ညိမ်းညိုရေ

လက်ဖျားမှာ ကဗျာတွေ သီးတဲ့တစ်နေ့

တို့တွေ တွေ့ကြသေးတာပေါ့

ချဉ်ပေါင်ဟင်းကလေး သောက်ရင်း

ငါးပိရည်ကလေး ဆမ်းရင်းနဲ့

အားလုံးကို ကျေးဇူးတင်ပါတယ် ။ ။

ညိုထက်ညို

 

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts