ဝေဖန်ရေးရာ ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – မြန်မာ့သမိုင်း စာမျက်နှာအချို့်ကို ဗိုင်းရပ်စ်ပိုး အကိုက်ခံရခြင်း

ဒေါက်တာဓမ္မပိယ (ITBMU) – မြန်မာ့သမိုင်း စာမျက်နှာအချို့်ကို ဗိုင်းရပ်စ်ပိုး အကိုက်ခံရခြင်း

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄

တန်ဖိုးရှိတဲ့ သမိုင်းစာအုပ်တစ်အုပ်မှာ စာမျက်နှာအချို့ကို ချကိုက်ခံရတဲ့အခါ ထိုပျောက်ဆုံးသွားတဲ့ စာမျက်နှာမှာပါသွားတဲ့ သမိုင်းအချက်အလက်များကို နှောင်းခေတ်စာဖတ်သူများက မည်သို့အစားထိုး၍ ဖတ်ကြမည်နည်း။ ချန်လှန်၍ ဖတ်ကြမည်လော။ သို့မဟုတ် ထည့်သွင်း၍ ဖတ်ကြမည်လော။ အကယ်များ ထည့်သွင်း၍ ဖတ်ကြမည်ဆိုလျှင် ဘယ်အကြောင်းအရာ (သို့မဟုတ်) ဘယ်လိုထင်မြင်ယူဆချက်များကို ထည့်သွင်း၍ ဖတ်ကြမည်နည်း။  စဉ်းစားမိတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းခေတ်တစ်ခေတ်လို့ သတ်မှတ်ခေါ်ဆိုလို့ ရနိုင်တဲ့ ၂၀၁၀-ခုနှစ်မှ ၂၀၁၅-ခုနှစ်သည် ဒီမိုကရေစီခေတ်ပြောင်းကာလလို့ သတ်မှတ်ပြောဆိုနိုင်တဲ့ ခေတ်တစ်ခေတ်ဖြစ်တယ်။ ဗေဒင်ဟော ဟောရရင် ထိုခေတ်များအတွင်းမှာ တိုင်းပြည်ကြီးသည် အကောင်းဖက်ကို ဦးတည်နေမယ်။ ပြည်သူတွေ ဆူညံမယ်။ ဆန္ဒ တွေကို ထုတ်ဖေါ်ကြမယ်။ ပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆိုကြမယ်။ တိုင်းပြည်ခေါင်းဆောင်တွေ အထင် အမြင်လွဲခံရမယ်။ စွပ်စွဲခံရမယ်။ နိုင်ငံတကာ ဆက်ဆံရေးတွေ ကောင်းမွန်လာမယ်။ စီးပွားရေးလုပ်ငန်းတွေ ပွင့်လင်းလာမယ်။ သို့သော် အစွန်းရောက်သမားများရဲ့ အားထုတ်မှုကြောင့် တိုင်းပြည်ကြီး ဘီးလူးခေါင်းစွပ် ခံရကိန်းရှိတယ် … စတဲ့အကြောင်းအရာများ ပါဝင်ကောင်း ပါဝင်ပေလိမ့်မယ်။  အကယ်၍သာ စာရေးသူသာ ဗေဒင်ဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဗေဒင်ကိန်းခန်းကို ဒီလိုပဲ ဟောကိန်းထုတ်မယ်။ သို့သော် စာရေးသူ အနေနှင့် ဗေဒင်ပညာရပ်ကို ကောင်းကောင်းကန်းကန်း မတတ်ကျွမ်းလေတော့ … ။

မျက်မှောက်ခေတ် နိုင်ငံတကာနိုင်ငံရေးအခြေအနေများကို သုံးသပ်ကြည့်မိတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျာအရ ဒီနှစ်မျိုးဟာ နိုင်ငံတကာသို့ ခရီးရက်ရှည် မသွားသင့်တဲ့ အချိန်အခါမျိုးလို့ ပြောဆိုနိုင်တယ်။ ဘာကြောင့်လဲဆိုရင် မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မမြင်နိုင်တဲ့အစွန်းရောက်မှုတွေကြောင့် နိုင်ငံတိုင်းလိုလို လုံခြုံရေးတွေကို နှစ်ဆတိုး၍ ချထားရတဲ့ အချိန်အခါဖြစ်တယ်။ ဒီအချိန်အခါမျိုးမှာ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ့်တာကို လုံခြုံအောင် စောင့်ရှောက်ကြရမှာဖြစ်တယ်။ လုံခြုံရေးတာကျိုးတဲ့နိုင်ငံများဟာ အထိနာဖို့ရှိတယ်။ အကျိုးတရားအနေနှင့် ကမ္ဘာလှည့်ခရီးသွားတွေ နဲပါးသွားမယ်။ စီးပွားရေးတွေ ကျဆင်းသွားမယ်။ ပြည်သူတွေ စိုးရိမ်စိတ်တွေ ပိုများလာမယ်။

မလေးရှားနိုင်ငံဟာ IS အစွန်းရောက်တွေကို ထောက်ပံ့အားပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ကမ္ဘာနိုင်ငံများက အထင်ရောက်နေတာကြောင့် မလေးရှားနိုင်ငံအစိုးရဟာ IS လို့ သံသယရှိသူများ၊ IS အဖွဲ့နှင့် ပူးပေါင်းပါဝင် ပတ်သက်နေသူများလို့ သံသယရှိသူများကို ရဲရဲရင့်ရင့် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်။ အခုဆိုလျှင် သံသယရှိ၍ ဖမ်းဆီးခံရသူပေါင်း (၃၇)ယောက်ရှိပြီလို့ မလေးရအစိုးရမှ ထုတ်ပြန်ကျေညာထား တာကို ဖတ်ရှုရတယ်။  အခြေအနေနှင့် အချိန်အခါကို နားလည်တတ်သိတဲ့ အစိုးရမျိုးလို့ ဆိုနိုင်တယ်။

အခြေအနေနှင့် အချိန်အခါကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စမျိုးမဟုတ်ပါ။ ဘာသာတူချင်းမို့ အားပေးလေ့၊ အားပေးထရှိတဲ့ မလေးရှားနိုင်ငံအစိုးရဟာ ဒီနေရာမှာတော့ အစွန်းရောက် သူနှင့် အစွန်းမရောက်သူတို့အကြား ဆင်နွှဲနေတဲ့ ဘာသာရေးမဟုတ်တဲ့ ဘာသာရေးအစ်ရှူးလို့ အကြောင်း ပြထားတဲ့ စစ်ပွဲကို ပါဝင်ပတ်သက်မှု မပြုလို၍ အဖြူနှင့်အမဲကို သဲကွဲစွာ ခွဲထုတ်ပြခဲ့တယ်။ ဒီဆောင်ရွက်မှု အတွက် တစ်ဖက်မှ ကျရောက်လာနိုင်တဲ့အန္တရာယ်ကို ရင်ဆိုင်ရမယ်ဆိုတာ သူတို့လည်း ကြိုတင်တွက်ဆ ထားပြီး ဖြစ်ပါလိမ့်မယ်။

နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေးလို့ဆိုတဲ့ ဒီသုံးပွင့်ဆိုင်အရေးမှာ ဘာသာရေးထက် နိုင်ငံရေးနှင့် အမျိုးသားရေးဟာ နိုင်ငံနှင့်လူမျိုးအတွက် သာလွန်၍ အရေးကြီးကြောင်း ကမ္ဘာအား သိစေခြင်းဖြစ်တယ်။ လေဆိပ်များ၊ ဘူတာရုံများ၊ ကားဂိတ်များ၌ လုံခြုံရေးများကို ပိုမိုချထားခြင်းဟာ ကြောက်လွန်း၍မဟုတ်ဘဲ သတိဆိုတာ ပိုတယ်မရှိကြောင်းကို နိုင်ငံခေါင်းဆောင်များသည် တိုင်းပြည်နှင့်လူမျိုးကိုအပေါ်မှာ တာဝန်ယူ စိတ်ရှိမှုကို ထင်ရှားပြသခြင်းဖြစ်တယ်။

ပြည်သူ၊ ပြည်သားများကိုယ်တိုင်ကလည်း လူသူသွားလာများတဲ့နေရာ၊ လုံခြုံရေးအားနည်းတဲ့နေရာ မျိုးတွေမှာ သွားတဲ့လာတဲ့အခါ သတိဝီရိယနှင့် သွားလာနေထိုင်ဖို့တော့ လိုတယ်။ ဥပမာ၊ ကုန်တိုက်၊ ရှော့ပင်းမောလ်၊ ဘူတာရုံ၊ ကားဂိတ်၊ စသော နေရာမျိုးတွေပါ။ လွန်လွန်ကဲကဲ စိုးရိမ်စရာတော့မရှိပါ။ သတိနှင့်သွား၊ သတိနှင့်စားနိုင်ဖို့ကို ကြိုတင်သတိပြုနိုင်အောင်သာ ရေးသားခြင်းဖြစ်တယ်။ သို့သော် ယနေ့ခေတ်ရဲ့ အခြေအနေသည် အစွန်းရောက်များ၏ အန္တရာယ်က ကြီးမားလှတာကြောင့် တစ်စုံတစ်ခု ဖြစ်လာခဲ့မည်ဆိုလျှင်မူ သက်သာနိုင်စရာအကြောင်းတော့ ရှိနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် မလွှဲသာ၊ မရှောင်သာ၍ နိုင်ငံရပ်ခြားကို ခရီးသွားကြရမည်ဆိုလျှင် သတိဝီရိယနှင့် သွားလာကြဖို့ တိုက်တွန်းလိုခြင်းပါ။ အောက်တိုဘာလ (၂၂)ရက်နေ့မှ အောက်တိုဘာလ (၂၈)ရက်နေထိ စာရေးသူ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ ရောက်ရှိနေခဲ့တယ်။ အောက်တိုဘာလ (၂၆)ရက်နေ့က ပီနန်ကျွန်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဘတ်တာ့ဝက်သ်မြို့မှာ မြန်မာတစ်ယောက် လည်လှီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်း တစ်ခု တက်လာတာကြောင့် မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ရွှေမြန်မာတို့အတွက် စိုးရိမ်မိတယ်။ စာရေးသူ အနေနှင့် ဒီလိုခရီးမျိုးကို မသွားလိုသော်လည်း မလွှဲသာ၊ မရှောင်သာ၍ သွားလာခဲ့ရတာကြောင့် ယခင်သွားလာနေကြ ခရီးစဉ်များလို မိမိနေထိုင်ရာဒေသမှ ဟိုဟိုဒီဒီ သွားလာလည်ပတ်ခြင်းကို အထူး ရှောင်ကြဉ်ခဲ့တယ်။

မြန်မာလူမျိုးများ ဒီနှစ်များအတွင်း ကံဆိုး၊ ကံကောင်များ ရောထွေးနေတဲ့အချိန်အခါလို့ ဆိုနိုင်ခြင်းပါ။ ကမ္ဘာ့ရင်းနှီးမြှုတ်နှံမှုများ၊ ဘောလုံးစတဲ့ အားကစားများမှာ ကမ္ဘာ့အဆင့်မှီ ဖြစ်ခဲ့သလို၊ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ မောင်တောပဋိပက္ခနှင့် မိတ္ထိလာပဋိပက္ခများဟာ ကမ္ဘာက ကြီးမားစွာ အထင်လွဲသွားစေတဲ့  သတင်းတွေဖြစ်ခဲ့တယ်။ အကျိုးဆက်အနေအားဖြင့် မြန်မာပြည်မှာ ဖြစ်ပွားခဲ့သော မောင်တောပဋိပက္ခနှင့် မိတ္ထိလာပဋိပက္ခများအပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ လူစုကွဲသွားတဲ့အခါမျိုးတွေမှာ ရိုက်နှက်ခံရ၊ သတ်ဖြတ်ခံရတဲ့ အမှုပေါင်းကလည်း ရာကျော်ရှိနေပြီဖြစ်ကြောင်း ၀မ်းနည်းစွာ သိခဲ့ရတယ်။

နောက်ပြီး အစ္စလာမ်မစ်နိုင်ငံများ (အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ ဆီးရီးယား၊  လက်ဘနွန် စသောနိုင်ငံများ) ၌ ̏မြန်မာသင်္ဘောသားများအား ကမ်းဆင်းခွင့်ကို အထူးပိတ်ပင်ခံထားရကြောင်း̋ သတင်းများကို ဖတ်ရှုရတယ်။ အကြောင်းပြချက်က အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုင်အက်စ် (IS) အဖွဲ့သား များသည် မြန်မာနိုင်ငံကို ဦးတည်တိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်ထားပြီးဖြစ်၍ မြန်မာသင်္ဘောသားများအား တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် အန္တရာယ်ကို အထူးစိုးရိမ်ရ၍ နိုင်ငံခြားသင်္ဘောလိုင်းများမှ မြန်မာ သင်္ဘောသားများအား အစ္စလာမ်မစ်နိုင်ငံများသို့ သင်္ဘောဆိုက်ကပ်ပါက ကမ်းဆင်းခွင့် ပိတ်ပင်ထားကြောင်း မြန်မာသင်္ဘောသားများ အသိုင်းအ၀ိုင်းထံမှ ကြားသိရခြင်းပါ။

ထိုသို့ဖြစ်နေရခြင်း၏ သမိုင်းအကြောင်းရင်းကို ပြန်လည်စိစစ်ကြည့်တဲ့အခါ အမှားနှင့်အမှန်ကို သဲကွဲစွာ မတင်ပြနိုင်ခဲ့တဲ့ မြန်မာမီဒီယာများ၏ အားနည်းချက်နှင့် ဘာသာရေးအစွန်းရောက်သူများက သတင်းမီဒီယာ များကို ပါးပါးနပ်နပ် အသုံးချလျှက် ကမ္ဘာသို့ သတင်းတင်ပြရာ၌ လက်ဦးမှုများ ရယူနိုင်ခြင်းဆိုတဲ့ အားသာ ချက်များရှိနေခဲ့တာကြောင့် မြန်မာနိုင်ငံသည် အကြမ်းဖက်ဝါဒီတို့ စုဝေးနေထိုင်ရာ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ကမ္ဘာ့ပြည်သူများက အမြင်စောင်းခဲ့ကြတယ်။

ဥပမာ၊ မြန်မာနိုင်ငံမှာ မောင်တောပဋိပက္ခနှင့် မိတ္ထိလာပဋိပက္ခများအပြီး သုံးလလောက်အလွန်မှာ  အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ဘင်္ဂါလီများ ပိုစတာများကို ကိုင်ဆောင်လျှက် ဆန္ဒပြခဲ့ကြတဲ့ ဖြစ်ရပ်ပါ။ ̏ မြန်မာနိုင်ငံတွင်း လူမျိုးတုန်း သတ်ဖြတ်နေခြင်းကို ချက်ခြင်းရပ်ပေး၊ ချက်ခြင်းရပ်ပေး̋ ဆိုတဲ့ ကျွေးကြော်သံတွေ၊ အိန္ဒိယနိုင်ငံမှာ ကျင်းပသွားတဲ့ ဗုဒ္ဓဘာသာညီလာခံကြီးမှာ အစ္စလာမ်ဘာသာရေး ခေါင်း ဆောင်ကြီးတစ်ယောက် ဆွေးနွေးတင်ပြသွားတဲ့အချက်မှာ – ̏ကမ္ဘာကြီးဟာ မတရားဘူးတဲ့၊ ဘာကြောင့်လဲ ဆိုရင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓ၈ယာမှာ မွတ်စလင်များက ဗုံးခွဲတိုက်ခိုက်တာကို တစ်ကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချခဲ့ ကြတယ်။ မြန်မာနိုင်ငံမှာ မူစလင်ငါးသိန်းကျော်ကို သတ်ဖြတ်ခံရတဲ့ကိစ္စမှာတော့ ငြိမ်သက်နေကြတယ်လို့ စိတ်လှုပ်ရှားစွာဖြင့် စွပ်စွဲပြောဆိုသွားခဲ့တဲ့ အခြေအနေမျိုးတွေဟာ ကမ္ဘာလူသားများကို အထင်မှား၊ အမြင်မှား တွေကို ဖြစ်စေနိုင်ခဲ့တယ်ဆိုတာ ယုံမှားမရှိ နားလည်မိခြင်းပါ။

နောက်ပြီး မောင်းတောမှာ အများစုက ဘင်္ဂါလီ၊ ရာခိုင်နှုန်းက (၉၆) ရာခိုင်နှုန်း၊ အနည်းစုက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးစု၊ ရာခိုင်နှုန်းက (၃) ရာခိုင်နှုန်း။ ဖြစ်ရပ်မှန်က အများစုက မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနိုင်ရန် အနည်းစုကို ၀ိုင်းသတ်၊ သူ့အိမ်၊ ကိုယ့်အိမ်ကို မီးတင်ရှို့ကြတဲ့ လူမှုရေးပြဿနာကို ဘာသာရေး ပြဿနာအသွင်ဖြစ်အောင် ကမ္ဘာကို သိကြားစေမှု၊ အများစုကို အနည်းစုဖြစ်အောင်၊ အနည်းစုကို အများစု ဖြစ်အောင် ကမ္ဘာကို အထင်အမြင်လွဲမှားစေမှု၊ နောက်ပြီး ဆိုက်တိုက်ဆိုသလို ဖြစ်ပွားသွားခဲ့တဲ့ မတ္ထီလာ အရေးအခင်းမှာ သံဃာတစ်ပါးကို ရက်ရက်စက်စက် သတ်ဖြတ်မှုကို ကမ္ဘာလူထု လုံးဝမသိရှိရအောင် ဖုန်းကွယ်နိုင်ကြပြီး၊ ရွှေရောင်းသူနှင့် ၀ယ်သူတို့အကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ရှေ့တန်းတင်ပြောဆိုခဲ့ကြ၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီး ဒုတိယအကြိမ် ထပ်မံဖြစ်ပွားလာသယောင် ကမ္ဘာ့သတင်းဌာနများမှ လွှင့်ထုတ်ခဲ့မှု များကြောင့် မြန်မာဗုဒ္ဓဘာသာရဟန်းတော်များကို အထွဋ်တင်လျှက် မြန်မာဗုဒ္ဓဘာသာဝင်များကို အကြမ်းဝါဒီ တို့အား အပ်နှင်းလေ့၊ အပ်နှင်းထရှိတဲ့ ဂျင်နိုဆိုက်ဒ် (Genocide) လူမျိုးတုန်းသတ်ဖြတ်မှုကြီးဖြင့် ကမ္ဘာ့ အလယ်မှာ စွပ်စွဲပြောဆိုခံလိုက်ရတဲ့ကိစ္စ။ ပြစ်မှုတွေထဲမှာ ကမ္ဘာလူထုက ခွင့်မလွှတ်နိုင်တဲ့ ကြီးလေးတဲ့ ပြစ်မှုကြီး။

ဒါကို မခံမရပ်နိုင်ဖြစ်ကြတဲ့ ဘာသာရေးအစွန်းရောက်များက (မွတ်စလင် အစွန်းရောက်ဝါဒီများက)  မြန်မာနိုင်ငံကို ဂျီဟဒ်ဒ် (Jihad) စစ်ပွဲ (မွတ်စလင် ဘာသာရေးစစ်ပွဲ) ဆင်နွှဲမယ်လို့ ကမ္ဘာကို ကျေညာခဲ့တယ်။ မြန်မာတို့ ကံကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။ အကယ်၍သာ ဘယ်သူဟာ အကြမ်းဖက်သူ၊ ဘယ်သူဟာ အပြစ်ကင်းသူလို့ ကမ္ဘာလူထုက သဲသဲကွဲကွဲ မသိခဲ့ဘူးဆိုလျှင် ယနေ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသည် လူမျိုးစု ပြဿနာများကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ဖိအားပေးမှုများအပြင်၊ ဘာသာရေးဖိနှိပ်မှုတွေကို ရပ်တန်းကရပ်ဖို့ တောင်းဖိုလာနိုင်တဲ့ ဖိအားပေးမှုတွေဖြင့် အကျဉ်းအကြပ်တွေနှင့် ရင်ဆိုင်နေရမှာဖြစ်တယ်။ သို့သော် ကမ္ဘာ့ လူသားတွေ၊ အထူးသဖြင့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အမှန်တရားကို သိမြင်ကြပြီ။ ဘယ်သူတွေက အကြမ်းဖက်ဝါဒီတွေဆိုတာ သဲသဲကွဲကွဲ သိလာကြပြီဖြစ်၍ အကြမ်းဖက်ဝါဒီများကို အကြွင်းအကျန်မရှိ ချေမှုန်း နိုင်ရန် နိုင်ငံပေါင်း (၃၀) ကျော် အတူပူးပေါင်း၍ စစ်မျက်နှာများဖွင့်လျှက် အကြမ်းဖက်ဝါဒီများအား တိုက်ခိုက် နေကြပြီဖြစ်၍ ကမ္ဘာ့လူသားများအတွက် စိတ်မကောင်းဖြစ်မိပါ၏။ သို့သော် … ။

ဗုဒ္ဒဘာသာသာတရားမှာ ကိုယ်က သူများကို မကောင်းကြံခဲ့လျှင် ထိုမကောင်းမှုသည် ကိုယ့်ထံသို့  တစ်နေ့မဟုတ်၊ တစ်နေ့နေ့မှာ ပြန်လည်ရောက်ရှိလာတတ်ကြောင်းကို ဟောပြထားတဲ့ ဗုဒ္ဓရဲ့ ကမ္မနိယာမကို သတိပြုမိခြင်းပါ။ ̏ဓမ္မံ သရဏံ ဂစ္ဆာမိ̋ ပါဘုရား။

ဘာသာရေး အစွန်းရောက်သူတို့ရဲ့ အကြမ်းဖက်ဝါဒသည် ဒေါသကို အခြေခံ၍။ ငြိမ်းချမ်းရေးကို လိုလားလျှက် အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေလိုသော မိတ်ကောင်းဝါဒသည် မေတ္တာကို အခြေခံထားသည် ဖြစ်သောကြောင့် ̏လူအချင်းချင်း၊ နှိပ်စက်ခြင်း (သတ်ဖြတ်ခြင်း)၊ ကင်းရှင်းကြပါစေ̋ ဆိုတဲ့ မေတ္တာတရားကို ပို့လွှတ်လျှက် လူသားအချင်းချင်း ခွင့်လွှတ်နိုင်သော မေတ္တာစိတ်များကို မွေးမြူနိုင်ကြဖို့ပါ။

အကယ်၍သာ သမိုင်းဖြစ်ရပ်များ၌ ဗိုင်းရပ်စ်ပိုး အကိုက်ခံထားရသော သမိုင်းအကြောင်းအချက် အလက်များကို သမိုင်းဖြစ်ရပ်မှန်များနှင့် အချိန်မီ အစားမထိုးနိုင်ခဲ့လျှင် နှောင်းခေတ်လူတို့ အဘယ်ကဲ့သို့ အစားထိုး၍ ဖတ်ကြမည်ကို မသိနိုင်၍ ဤဆောင်းပါးကို ရေးသားခဲ့ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ဒေါက်တာဓမ္မပိယ (ITBMU) – မြန်မာ့သမိုင်း စာမျက်နှာအချို့်ကို ဗိုင်းရပ်စ်ပိုး အကိုက်ခံရခြင်း
  1. မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမည်ပျက်နေရတာ သူတို့နိုင်ငံတွေကိုသတင်းမှန်တွေမရောက်လို့ပါ။ မြန်မာပြည်မှာဘာသာပေါင်းစုံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်နေကြတာ၊ မင်းလှမှာမူဆလင်ဘာသာဝင်တွေကို ရဟန်းတွေခေါင်းဆောင်တဲ့ဗုဒ္ဓဘာသာဝင်တွေကကယ်ပြီးရန်ကုန်အထိလိုက်ပို့ပေးတယ်ဆိုတဲ့သတင်းမျိုးတွေ အာရပ်နဲ့မူဆလင်နိုင်ငံတွေကိုရောက်ရပါမယ်။ မြန်မာပြည်မှာရှိတဲ့ မူဆလင်ဘာသာရေးအဖွဲ့အစည်းတွေကလည်းတရားဝင်ကြေညာချက်တွေ အင်္ဂလိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့ထုတ်ဝေပေးသင့်ပါတယ်။
    နောက်ပြီးကမ္ဘာပတ်ကာ မြန်မာပြည်၊မြန်မာတွေနဲ့ဗုဒ္ဓဘာသာကိုနည်းမျိုးစုံနဲ့နာမည်ဖျက်နေ၊ လုပ်ကြံသတင်းတွေလွှင့်နေတဲ့ လူတွေကို မြန်မာပြည်ကမူဆလင်အသင်းတွေက ရှုံ့ချကြောင်း ဒီကောင်တွေ့နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်ကြေညာချက်တွေ အင်္ဂလိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့အတိအလင်းကြေညာသင့်ပါတယ်။

    အဲဒီကြေညာချက်တွေထွက်လာတာနဲ့ မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များဟာ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမည်မပျက်တော့မည့်အပြင် မြန်မာပြည်ကမူဆလင်အသင်းတွေဟာလည်း မြန်မာပြည်သူလူထုကြီးရဲ့ လေးစားချစ်ခင် ယုံကြည်မှုတွေရလာမှာ သေချာပါတယ်။

    1. အင်မတန်ကောင်းတဲ့အကြံဖြစ်ပါတယ်။
      မြန်မာစစ်အစိုးရအဆက်ဆက်ကတော့ နာမည်မကောင်းခဲ့လို့ ဝိုင်းပယ်ခံနိုင်ငံဖြစ်ခဲ့ရပြီး မတရား ၀ါဒဖြန့်မှုကို ၊ မြန်မာနိုင်ငံ ၊ ဗုဒ္ဓဘာသာ၊ ဗမာတွေ နဲ့ရခိုင်တွေဟာ ကမ္ဘာတ၀ှမ်းမှာ ခံနေရပါတယ်။ သမိုင်းလိမ် ဓါတ်ပုံလိမ်တွေကို ပြပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင် အဓိကရုဏ်း ဖြစ်သလိုလို ရခိုင်နဲ့ ဗမာတွေကဘဲ အင်မတန် သနားစရာကောင်းတဲ့ ရိုဟင်ဂျာတွေကို သွေးချောင်းစီး သတ်နေသလိုလို ကမ္ဘာအနှံ့မှာ လျှောက်ပြီး ၀ါဒဖြန့်ကြ ပါတယ်။ အဲဒီ ၀ါဒဖြန့်ချက်ဟာ မျက်ကန်းမျိုးချစ်များတဲ့ မူဆလင် ကမ္ဘာမှာတော့ အတော်လေး ထိရောက်မှုရှိပြီး မြန်မာနိုင်ငံ အစိုးရဟာ ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ လုပ်တာကို ခံနေရပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေလှေနဲ့ထွက်သွားပြီး ရောက်ရာနိုင်ငံမှာ မြန်မာပြည်က ‘ရိုဟင်ဂျာ’ ဆိုပြီး ညာကြတယ်၊ မြန်မာစကားပြန်ခေါ်လာပေးတော့လည်း မြန်မာစကားမတတ်ဘူး၊ဘင်္ဂလီစကားပြန်ပေးပါ လို့ပြော လာပြန်တယ်၊ အဲဒီလိုလူတွေကို မြန်မာပြည်ကလူတွေဆိုပြီးဘီဘီစီနဲ့မီဒီယာတချို့ကဝင်လိမ်ပေးကြတယ်။အင်္ဂလန်က လာပါတယ်ဆိုပြီး ရုရှားစကားပြန်တောင်းတဲ့သူတွေကို ကျုပ်တို့က ‘ကျားကျား မီးယပ်’ လုပ်၊ မတရားသက်သေဝင်လုပ်ရင် သူတို့လက်ခံမှာလား လို့သာမေးချင်ပါတယ်။

Comments are closed.