မှတ်စုမှတ်တမ်း ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း – ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004)

ဒေါက်တာခင်မောင်ဝင်း –  ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004)
“ကွဲပြားခြားနားခြင်း” သဘောတရားကို လေ့လာသုံးသပ်သူ
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄

ဂျပ်ဒါရီဒါသည် ယခုခေတ်တွင် ဆန်းသစ်သောအတွေးအခေါ် ငါးခုထဲမှ တစ်ခုဖြစ်သော (ကွဲပြားခြားနားခြင်း) – (ကွာခြားခြင်း) (difference) သဘောတရားကို လေ့လာသုံးသပ်သောပညာရှင်ဖြစ်သည်။ ထိုငါးခုထဲမှ အခြားလေးခုမှ လူ့အခွင့်အရေး၊ အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဓားစာခံဖြစ်ခြင်း (human rights, civil disobedience, terrorism, victimhood) တို့ဖြစ်သည်။ ၄င်းတို့အကြောင်းကို ရနံ့သစ်မဂ္ဂဇင်း အမှတ် (၃၀)တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

ဂျပ်ဒါရီဒါအကြောင်းကို ပြောရမည်ဆိုလျှင် သူသည်အဲ(လ)ဂျီးယား (Algiers) နိုင်ငံသားတစ်ဦး ဖြစ်ပြီး 1949 တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်၍ ဒဿနမဟာဘွဲ့စာတမ်းကို ရေးသားခဲ့သည်။ သူသည် ဒဿနပညာ (philosophy) နှင့် စာပေ (literatures) နှစ်ခုတို့၏ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ပို၍သိရှိလာသည်။ 1972နောက်ပိုင်းတွင် ဒါရီဒါသည် ပြင်သစ်နိုင်ငံပါရီတက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်များဖြစ်ကြသော ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် ယေးတက္ကသိုလ်တို့တွင် လှည့်လည် ၍နိုင်ငံရေးနှင့်ဒဿနဘာသာရပ်များကို ပို့ချခဲ့သည်။ သူ၏အတွေးအခေါ်များကို လွှမ်းမိုးခဲ့သော ဒဿန ပညာရှင်များမှာ ဟူဝါ (Hussert) ,ဆာ(ထ)(satre), ကီယကိဂါ့ (Kierkegaard), ဟိုက်ဒဂါ (Hidegger), ဟီဂယ်(Hegel), ဂနေ (Genet) တို့ဖြစ်ကြသည်။

နှစ်ဆယ်ရာစုနှစ်၏အဆုံးတွင် ခေတ်သစ် (modern) အတွေးအခေါ်များကို စိန်ခေါ်သောခေတ်သစ် ၏ နောက်ပိုင်း (postmodernism) အတွေးအခေါ်များ ခေတ်စားလာသည်။ ယင်းအတွေးအခေါ်များထဲတွင် ဆန်းသစ်သောအတွေးအခေါ်များပါလာသည်။ ခေတ်သစ်၏နောက်ပိုင်းအတွေးအခေါ်ပညာရှင်များသည် (ကွာခြားခြင်း)အကြောင်းကို တော်တော်ရေးသားလာကြသည်။ ဂျပ်ဒါရီဒါသည် (ကွာခြားခြင်း) သဘောတရား များကို အထူးလေ့လာသူ တစ်ဦးဖြစ်လာလေသည်။ ကွာခြားခြင်းသဘောတရားအပေါ် ဒါရီဒါ ၏ သဘောထားများကို မပြောမှီ ကွာခြားခြင်းဟူသော အတွေးအခေါ်အကြောင်းကို အနည်းငယ်ပြောရန်လိုပါ လိမ့်မည်။

“ကွာခြားခြင်း” ဟူသော အတွေးအခေါ်သည် ကိုယ်စားပြုခြင်း (identity) ဟူသောအရာဖြင့် ဒွံတွဲနေသည်။ တစ်ခုခုကို အထူးဝိသေသများဖြင့် ကိုယ်စားပြုတော့မည်ဆိုလျှင် ကိုယ်စားပြုလိုသောအရာ နှင့် အခြားအရာတို့၏ ကွာခြားခြင်းကိုဖော်ပြရန်လိုလိမ့်မည်။ ထို့ကြောင့် ကိုယ်စားပြုခြင်းနှင့် ကွာခြားခြင်း (identity and difference) ဟူ၍ ယှဉ်တွဲဖော်ပြလေ့ရှိသည်။ တစ်ခုခုအကြောင်းကို ပြောတော့မည်ဆိုလျှင် ထိုအရာသည် အခြားအရာများနှင့် မည်ကဲ့သို့ကွာခြားသည်ကို မပြောမဖြစ်ပြောရမည်ဖြစ်သည်။ ဥပမာ ဒီမိုကရေစီ (democracy) အကြောင်းကို ပြောမည်ဆိုလျှင် ဒီမိုကရေစီကို ကိုယ်စားပြုသောအရာများ၊ ၀ိသေသများကိုပြောရန်လိုသလို ဒီမိုကရေစီမဟုတ်သော အခြားဝါဒများနှင့်ကွာခြားခြင်းကိုလည်း ပြောရန် လိုအပ်လာနိုင်ပါသည်။

ကွာခြားခြင်းသဘောတရားနှင့်ပတ်သက်၍ ဂျပ်ဒါရီဒါ ကဆိုသည်မှာ- အရာရာတိုင်းသည် အခြားအရာများဖြင့် ကွာခြား၏။ ထို့ကြောင့်တစ်ခုခုသည် ဘာကိုဆိုလိုသည်ဟူသည်ကို ဧကန်တကယ် ဆုံးဖြတ်ခြင်းသည် မဖြစ်နိုင်သောအရာဖြစ်သည်။ အကြောင်းမှာ အရာဝတ္ထုတစ်ခုနှင့်တစ်ခု၏ ကွာခြားမှုများ သည် ရေတွက်၍မရနိုင်အောင် များသောကြောင့် ဖြစ်သည်။

ကွဲပြားခြားနားခြင်းနှင့် အမှန်တရား (truth) နှင့် ပတ်သက်၍ ဤသို့ဆိုထားသည်။ လူများသည် ကမ္ဘာလောကကြီးအပေါ်တွင် ကွဲပြားခြားနားသော အမြင်များရှိကြ၏။ ထို့ကြောင့် အမှန်တရားသည် ရှုမြင်သောသူအပေါ်မူတည်၍ အမျိုးမျိုးရှိ၏။ သို့သော်လည်း အားလုံးအတွက်တစ်ခုတည်းသော အမှန်တရားသည်လည်း ရှိနေသည်ဟု အများကယုံကြည်ကြသည်။ ဥပမာ- ကွဲပြားခြားနားသော သဘောတရားများရှိခြင်း၊ လူများသည် ယင်းသဘောတရားများထဲမှ အချို့ကိုကြိုက်နှစ်သက်သလို၊ အချို့ကို မကြိုက်နှစ်သက်သော သဘောရှိခြင်းသည်လည်း အမှန်တရားတစ်ခုဖြစ်လေသည်။

လောကတွင် ကွဲပြားခြားနားသောအရာများစွာရှိသည့်အနက် အရေးပါသော အရာတစ်ခုမှာ – အမျိုးသားနှင့်အမျိုးသမီးများဖြစ်၏။ အမျိုးသားနှင့် အမျိုးသမီးများသည် ကွဲပြားခြားနားသည်ဟု ဆိုလိုက်ခြင်းသည် ဘယ်သူကမြင့်သည်၊ ဘယ်သူကနိမ့်သည်ဟု ဆိုခြင်းမဟုတ်၊ ခွဲခြားဆက်ဆံခြင်းကို မှန်သည်ဟုဆိုခြင်းလည်း မဟုတ်ပါ။

ဤနေရာတွင် မြတ်စွာဘုရားသည် ပါရာဇိကပါဋ္ဌိတော်တွင် ဟောကြားခဲ့သောအရာကို ဘာသာပြန်သူအနေဖြင့် ဖြည့်စွက်၍ပြောရလျှင် လောကတွင်လူလေးမျိုးရှိ၏။ ၄င်းတို့မှာ ယောက်ျား၊ မိန်းမ၊ ယောက်ျားနှင့်မိန်းမနှစ်မျိုးစလုံးဖြစ်သောသူ၊ ယောက်ျားနှင့်မိန်းမဘယ်ဟာမှ မဟုတ်သောသူ ဟူ၍ဖြစ်၏။ ၄င်းတို့ထဲတွင်ယောက်ျားစစ်စစ်နှင့် မိန်းမစစ်စစ်သာလျှင် ရဟန်း (သို့မဟုတ်) ဘိက္ခူနီ) ၀တ်ခွင့်ရှိသည်။

လူများ၏အရည်အချင်းများကို သတ်မှတ်ရာတွင်လည်း အခြားလူများနှင့် တူညီသော အရည်အချင်း များကို အခြေမခံဘဲ၊ ကွဲပြားခြားနားသောအရည်အချင်းများကို အခြေခံသည်။ လူတစ်ဦးတစ်ယောက်သည် ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လည်း အခြားလူများနှင့် ကွဲပြားခြားနားသော အရည်အချင်းများကြောင့် ဖြစ်သည်။

ဒီမိုကရေစီစနစ်၏ ၀ိသေသတစ်ခုမှာလည်း ကွဲပြားခြားနားသောအမြင်ရှိခြင်းကို လက်ခံခြင်း၊ လူတစ်ဦးတစ်ယောက်၏ ကွဲပြားခြားနားသောအမြင်ကို ကိုယ်ကလက်မခံသည့်တိုင်အောင်၊ ထိုအမြင် သဘောထားများကို လေးစားခြင်းဖြစ်သည်။ အမေရိကသမ္မတ အက်ဒမ် (Adams) က အတိုက်အခံတစ်ဦး ကို ပြောခဲ့သည်မှာ “ကျွန်တော်ဟာခင်ဗျားပြောတာတွေအားလုံးကို သဘောမတူပါဘူး၊ ဒါပေမယ့် ဒီလို သဘောမတူတာတွေကို ပြောခွင့်ရှိဖို့အတွက်ကိုတော့ အသက်ပေးပြီးကာကွယ်ပါ့မယ်”

ကျမ်းကိုး

John Hoffman and Paul Graham:

Introduction to Political Theory

Part 4, Chapter 17 : Difference


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဒေါက်တာခင်မောင်ဝင်း – ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004)

Comments are closed.