ရသဆောင်းပါးစုံ

ကျော်မောင်(တိုင်းတာရေး) – အသုံးကျရဲ့လား … အင်တာနက်

ကျော်မောင်(တိုင်းတာရေး) – အသုံးကျရဲ့လား … အင်တာနက်
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄

အင်တာနက်အစ

ရုရှက စပွတ်နစ်ဂြိုလ်တု(Sputnik)ကို (၁၉၅၇) ခုနှစ်တွင် အာကာသထဲရှိ ကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ စတင် ပစ်လွှတ်လိုက်ရာ ထိုစဉ်က ပြိုင်ဖက်ကြီး ဖြစ်သော အမေရိကန် ခံရခက်သွားပါသည်။ ဒါနဲ့ပဲ အင်တာနက်ဆိုတာ ပေါ်လာသည်။ ကမ္ဘာကို ကွန်ရက်ဖြန့်တဲ့ ဆက်သွယ်မှုက ပိုမြန်မယ်လို့ ယူဆပြီး အင်တာနက်ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်သည်။

အင်တာနက် အသုံး

အင်တာနက် မြန်မာမှာ ခေတ်စားလာတော့ ဘာတုန်း အင်တာနက်ဆိုတာ။ ထိုစဉ်က ခဏ ခဏ အမေးခံရ၏။ ထိုတုန်းက မြန်မာဘာသာဖြင့် ရေးသားထားသော အင်တာနက်စာမျက်နှာ အတော်ရှားပါသည်။ ပြီးတော့ အခုလို အင်တာနက်သုံးနိုင်သော စမတ်ဖုန်းတွေကလည်း လူများလက်ထဲ မရောက်နိုင်သေး။

အင်တာနက်မှာ ဘာလုပ်နိုင်ပါလည်း ဆိုရင် လုပ်နိုင်တာတွေ များစွာပါပဲလို့ပြောရပါမည်။ အင်တာနက်ကို ဘာကြောင့်သုံးကြတာလည်းပေါ့။ အင်တာနက်သုံးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ရည်ရွယ်ချက်နှစ်ခုကြောင့်ဟု ဆိုပါသည်။

၁) သတင်းသုတအချက်အလက်ရှိရာ ဌာနအဖြစ်သုံးခြင်း

၂) ဆက်သွယ်ရာ အရာပစ္စည်း အနေအဖြစ် သုံးခြင်း တို့ဖြစ်သည်။

(၂၀၀၂) ခုနှစ်ထုတ် “Internet in Singapore (A study on Usage and Impact)” စာအုပ်ထဲတွင် ဖော်ပြထားသည်ကို ကိုးကားခြင်းဖြစ်သည်။ ယခု (၂၀၁၄)တွင် အင်တာနက်သုံးရသော ရည်ရွယ်ချက်မှာ နှစ်ခုမက ပိုမိုရှိလို့လာပါသည်။ (စကားချပ်။ ။”Internet in Myanmar : A study on Usage and Impact “ဆိုပြီး စာတမ်းတစ်စောင်လောက် မြန်မာပညာရှင်များ လေ့လာရေးသားလျှင် အကျိုးရှိမည် မျှော်လင့်သည်။ ရေးပြီးသားလည်း ဖြစ်ကောင်း ဖြစ်နေမည်။)

ရန်ကုန်တွင် အင်တာနက်ကဖေးဆိုင် ဖွင့်ထားသော သူငယ်ချင်းတယောက် တလောလေးကပဲ ဆိုင်ပိတ်လိုက်သည်။ အင်တာနက်ကဖေးက အခုနောက်ပိုင်း တွက်ခြေမကိုက်တော့ဘူးဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လူအတော်များများက လက်ကိုင်ဖုန်း သုံးနိုင်နေကြပြီး သုံးသူအတော်များများကလည်း အင်တာနက်သုံးကြသည်။ အင်တာနက်ကဖေး အရင်လို မစည်ကားတော့။ မြန်မာတွေ အင်တာနက်ကဖေးဆိုင်သို့ သွားရန်မလိုဘဲ အင်တာနက်သုံးနေကြပြီ။ ဒီတော့ အင်တာနက်သုံးပြီး ဘာတွေ အကျိုးရှိအောင် လုပ်နိုင်မည်လည်းဟု ကြည့်ကြပါစို့ …

သတင်းဖတ်ပါ

အချိန်က မပြတ်သွားနေသလို သတင်းတွေကလည်း စက္ကန့်နဲ့အမျှ ပြောင်းလဲသစ်လွင်နေပါသည်။ ထို အသစ်အသစ်သော သတင်းတွေ၊ နောက်ဆုံးရသတင်းတွေ ဖတ်ဖို့ ကြည့်ဖို့ အင်တာနက်အသုံးပြုရပါမည်။ သတင်းသမားတွေကလည်း သတင်းဖတ်သူတွေဆီ သတင်းချက်ချင်းရောက်အောင် အင်တာနက်ကို အသုံးပြုရမည်။ အင်တာနက်ခေတ်တွင် သတင်းဖတ်သူသည်လည်း သတင်းပေးပို့သူ သတင်းသမား ဖြစ်နိုင်သည်။ ဖုန်းဖြင့် ဖြစ်ရပ်ကို ဓာတ်ပုံရိုက်ပြီး သတင်းရေးကာ အင်တာနက်တွင် သတင်းချက်ချင်းတင်နိုင်ပေသည်။ သတင်းများများ နဲ့ သတင်းဦး သတင်းဖျား စောစောသိသူသည် တခြားသူထက် သာပါသည်။ သတင်းဖတ်သက် ကြာလာတဲ့အခါမှာ ဘယ်သတင်းဌာနမျိုးဟာ မှန်တယ် တည်တံ့တယ်၊ ဘယ်သတင်းဌာနမျိုးဟာ ဘက်လိုက်တယ် ဆိုတာ အလိုလို မြင်တတ်လာပါလိမ့်မည်။ ထို့ပြင် သတင်းအမှားကို အင်တာနက်အသုံးပြုပြီး ထပ်ဆင့် မဝေမျှမိစေရန်လည်း သတိထားဖို့လိုပါလိမ့်မည်။

အချက်အလက်ရှာဖွေပါ

ဘာပဲလိုလို အင်တာနက်မှာ ရှိတယ်ဆိုတာ အရင် သိထားရပါမည်။ အင်တာနက်မှာ အချက်အလက်များစွာ ရှိပါသည်။ ရှာနေပါမှ ရှာတတ် ဖွေတတ်မည်။ ရှာတတ်အောင်လည်း ရှာဖွေနေဖို့လိုပါသည်။ အင်တာနက်သည် လူများအတွက် စွယ်စုံကျမ်းကြီးလည်း ဖြစ်ပါသည်။ ကိုယ်ရှာနေသော အချက်အလက်၏ အရေးပါမှုပေါ်မူတည်ပြီး ရှာဖွေရမည့်နေရာ သင့်ဖို့ လိုပါသည်။ သုတေသန အတွက်၊ ကျမ်းပြုဖို့အတွက်၊ စာတမ်းပြုဖို့အတွက် ဆိုပါက Google, Yahoo လောက်နှင့် မလုံလောက်တော့။ အချက်အလက်က ဆိုင်ရာနယ်ပယ်မှ တကယ့်ပညာရှင်ကြီးများ လက်ခံထားသော၊ တိကျမှုများသော၊ နောက်ဆုံးဖြစ်သော အချက်အလက်များဖြစ်ရန် လိုသည်။ ထိုသည်များ ရချင်ပါက သွားကြည့်နိုင်ရန်၊ ရယူနိုင်ရန် အသင်းဝင်မှရသည်။ တယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ ၀င်နိုင်သည်။ IEEE Xplore, ACM Digital Library, ProQuest, PubMed, SpringerLink , JSTOR စသည့် Database များကို ညွှန်းခြင်း ဖြစ်ပါသည်။ တက္ကသိုလ်များတွင် ရှိကို ရှိသင့်သော သုတရတနာသိုက်ကြီးများ ဖြစ်သည်။

ပညာတစ်ခုခုသင်ယူပါ

အခုနောက်ပိုင်းတွင် MOOC ခေါ်သော Massive Open Online Course ခေတ်စားလာသည်။ အင်တာနက်မှ အသိပညာ အတတ်ပညာတစ်ခုခု သင်ယူနိုင်တာဖြစ်သည်။ MOOC ရှိသော Online University တခုခုတွင် နှစ်သက်ရာ ဘာသာရပ်ကို လေ့လာနိုင်သည်။ လေ့လာဖို့ပဲ လိုသည်။ တချို့တော်တော်များများမှာ အခမဲ့ သင်ယူနိုင်သော ပညာရပ်တွေ ဖြစ်သည်။ ဆရာကောင်း ဖြစ်ဖို့နှင့် မှန်ကန်တဲ့ပညာဖြစ်ဖို့က မိမိဘာသာ ရွေးချယ်ရမှာဖြစ်သည်။ Online course မဟုတ်ဘဲ အတတ်ပညာတစ်ခုခုကို အင်တာနက်မှာ ရှာဖွေပြီး ကိုယ့်ဖာသာကိုယ် လေ့လာဆည်းပူးနိုင်သည်။ ပုံမှန်ကြိုးစား သင်ယူဖို့ လိုအပ်သည်။

ကိုယ်တတ်ကျွမ်းသည်များ၊ ကိုယ်ပိုင်ဖန်တီးမှုများကို အခြားသူများအား ဝေငှပါ

ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ် သို့မဟုတ် ကိုယ်ဖန်တီးထားတဲ့ အနုပညာတစ်ခုခုကို တခြားသူတွေ သိအောင်လုပ်ဖို့ အင်တာနက်သုံးရမည်။ Facebook လို social networking site တွေ၊ YouTube စတဲ့ video sharing site တွေ၊ Blog တွေ၊ အောင်မြင်နေတဲ့ အင်တာနက်ပေါ်က မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ကိုယ့်အယူအဆတွေ၊ ကိုယ်တတ်ကျွမ်းတာတွေ၊ ကိုယ့်ဖန်တီးမှုတွေ (ဓါတ်ပုံ၊ ကဗျာ၊ဆောင်းပါး၊ ၀တ္ထု၊ စာပေရသ၊ဗီဒီယို) တင်နိုင် ပေးပို့နိုင်ပါသည်။ ပိုလုပ်နိုင်ရင် ကိုယ်ပိုင် website ထောင်ပြီး လုပ်နိုင်သည်။ ကိုယ်သည် သူများဆီကချည်း ယူတာမလုပ်ဘဲ ကိုယ်ကလည်း ပြန်ပြီး ဝေငှ ( share) တာဖြစ်သည်။ ထိုသို့ ဝေမျှနိုင်အောင်လည်း သူများထက် ပိုမိုနားလည်တတ်ကျွမ်းမှ ဖြစ်ပေမည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည်။

ကျန်းမာရေးအတွက် အသုံးပြုပါ

အင်တာနက်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်များ၊ ပညာပေးဆောင်းပါးများ၊ အားကစားလေ့ကျင့်နည်းတွေ၊ ကိုယ်ခန္ဓာသန်စွမ်းအောင် ဘယ်လို ကျုင့်ကြံနေထိုင်ရမယ်ဆိုတာတွေ စတာတွေကို ဖတ်ရှုလေ့လာနိုင်ရုံသာမက ဗီဒီယိုများအနေနဲ့လည်း ကြည့်ရှုလေ့လာနိုင်ပါသည်။ အင်တာနက်မထွန်းကားခင်က ကျန်းမာရေးဆိုင်ရာတွေကို စာအုပ်ဆိုင်တွေမှာ ရှာဝယ်ရင်ဝယ်၊ စာကြည့်တိုက်တွေမှာ ရှာဖတ်ရင်ဖတ်၊ မိတ်ဆွေများ အချင်းချင်း ဖလှယ်ကြနဲ့ပဲ အချိန်ကုန်ခဲ့ပေမည်။ အခုတော့ အင်တာနက်မှာ ဂျောက် ဂျောက် လုပ်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် သိလိုတာ ကြည့်လိုရာ သိလို့ ကြည့်လို့ ရပြီဖြစ်သည်။

စီးပွားရေးလုပ်ပါ

Facebook ဆိုသော social networking တော်တော်လေး ခေတ်စား လူသုံးများလာသည်တွင် အကွက်မြင်သူများမှ facebook page များထောင်ပြီး စီးပွားရေးလုပ်ကြသည်။ အထိုက်အလျောက်လည်း အောင်မြင်ကြပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ page များသည် ရှိနေဆဲ၊ သူတို့ရောင်းသော ပစ္စည်းများသည်လည်း ၄င်းစာမျက်နှာများတွင် ကြော်ငြာနေဆဲဖြစ်၏။ အင်တာနက်မှာ ဈေးဝယ်ပါ၊ အင်တာနက်မှာ ကြော်ငြာပါ ဆိုသောခေတ် ရောက်နေပါသည်။ ကိုယ့်ရောင်းကုန်အား သူများနှင့် ယှဉ်ချင်သပဆိုသူများ အင်တာနက်တွင် ရောင်းနိုင်သည်။ ကုမ္ပဏီများတွင် ကိုယ်ပိုင် website တခုလောက် အနည်းဆုံး ရှိသင့်သည်။

ငွေကြေးကိစ္စဆောင်ရွက်ပါ

ငွေကြေးကိစ္စတွင် အင်တာနက်ဖြင့် ဘဏ်ကိစ္စများ ဆောင်ရွက်ခြင်း (Internet Banking) သာမက အင်တာနက်သုံးပြီး ဈေးရောင်း ဈေးဝယ်၊ အခြားသုဆီ ငွေလွှဲပေး၊ အခြားသုဆီမှ ငွေလွှဲမှုလက်ခံ စတာတွေပါဝင်သည်။ စူပါမားကတ်တွင် ဈေးဝယ်၊ ဘဏ်ကတ်ဖြင့် ငွေချေ၊ ထိုအရာများ လုပ်ရာတွင် အင်တာနက်သုံးပါသည်။

ရုံးလုပ်ငန်းများ ဆောင်ရွက်ပါ

နိုင်ငံအစိုးရရုံးများသည် ပြည်သူများအတွက် ၀န်ဆောင်မှု(service)ပေးတဲ့ နေရာများဖြစ်သည်။ လူတွေ ကိုယ်တိုင်သွားရသည်ထက် အင်တာနက်သုံးပြီး ကိုယ့်အိမ်ကနေပြီး ဖြစ်ဖြစ်၊ အင်တာနက်သုံးလို့ရတဲ့ တစ်နေရာကပဲဖြစ်ဖြစ် ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေကို ပြီးပြတ်အောင် လုပ်နိုင်ဖို့လိုသည်။ အစိုးရရုံး အချင်းချင်းလည်း အင်တာနက်ပေါ်ကနေ ပူးပေါင်းဆောင်ရွက်နိုင်သည်။ အတော်အဆင်ပြေမည့် e-government ဟု ခေါ်သော အင်တာနက်ကို ထိရောက်စွာအသုံးပြုနည်းဖြစ်သည်။ ပုဂ္ဂလိကရုံးများသည်လည်း အလားတူ ဆောင်ရွက်နိုင်သည်။

မိသားစုများ၊ မိတ်ဆွေများနဲ့ ဆက်သွယ်ပါ

Facebook, Messenger, Twitter, Viber, Conferendo (VZO), Gtalk, Gmail, Yahoo Mail, Microsoft Outlook စသည်တို့သုံးပြီး မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်နိုင်သည်။ စာဖြင့်သာမက၊ အသံဖြင့် ပြောနိုင်၊ ဒီထက်ပိုလျှင် ရုပ်ပါမြင်နိုင်သည်။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆက်သွယ်ချင်သူများ၊ ကိုယ့်ရဲ့ မိတ်ဆွေအ၀န်းအ၀ိုင်းကို ချဲ့ချင်သူများ အတွက် အင်တာနက်သည် လွန်စွာ အသုံးကျပေမည်။

ကလေးသူငယ်များ တိုးတက်စေရန် အင်တာနက်သုံးပါ၊ ကလေးများ အင်တာနက်သုံးပါစေ

အင်တာနက်ကို ပိုင်နိုင်စွာ ယခုလက်ရှိ သုံးနေသူဆိုလျှင် ထိုသူ့တွင် လုပ်ရမည့် အလုပ်နှစ်ခု ရှိသည်။ အင်တာနက်မသုံးတတ်သေးသောလူကြီးများအား အင်တာနက်သုံးတတ်စေရေးနှင့် ကလေးများအား အင်တာနက်အသုံးမှန်စေရန် လမ်းပြပေးခြင်းဖြစ်သည်။ ထိုအထဲတွင် တက်လူများဖြစ်သော ကလေးများအား အင်တာနက်ကို မည်သို့ မည်ပုံသုံးရမည်ဟု ညွှန်ပြခြင်းမှာ ပိုအရေးကြီးသည်။ ကလေးများအတွက် အင်တာနက်သုံးရမည်။ သုံးပြီးလျှင် အင်တာနက်မှတဆင့် သူတို့လေးများ တတ်သိပညာရစေရေး ဆောင်ရွက်ပေးရမည်။ ကလေးများအား အင်တာနက်သုံးခွင့်ပြုပေးလိုက်ပါ၊ တဆက်တည်းမှာပင် ဘယ်လိုမျိုးသုံး ဆိုတာမျိုးပါ ပြောပြပေးလိုက်ပါ။

ဘာသာပြန်ကြပါ

အင်တာနက်သုံးခြင်း၏ ရည်ရွယ်ချက်များတွင် လိုအပ်သောအချက်အလက်ရှာဖွေခြင်း ပါဝင်သည်။ အင်တာနက် သုံးနေသည်ဟုဆိုလျှင် ထိုသူသည် တစ်ဦးတည်း မဟုတ်တော့၊ မြန်မာတွင် သုံးလျှင် ထိုသူသည် မြန်မာတစ်နိုင်ငံတည်းတွင် မဟုတ်၊ မြန်မာနိုင်ငံတွင် နေရင်းပင် တစ်ကမ္ဘာလုံးရှိ ကွန်ရက်များနှင့် ချိတ်ဆက်လိုက်ပြီဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ဆီက အချက်အလက် ကိုယ်ကယူရုံမက ကိုယ့်ဆီက အချက်အလက်များ သူတို့လာကြည့်ကြတော့သည်။ ကိုယ်က သူတို့ဆီမှ သိချင်တာ သိနိုင်ရန် သူတို့ရေးထား၊ ပြောထားတာကို နားလည်ဖို့ လိုသည်။ ထိုတွင် အင်တာနက် ခေတ်မစားခင်က မြန်မာပြည်တွင် ကြိုးစားကြသော၊ ရှိပြီးဖြစ်သော၊ ဟောင်းသော်လည်း ကောင်းနေဆဲ ဖြစ်သော နည်းလမ်းကို သုံးကြပါစို့။ ဘာသာပြန်ခြင်း ဖြစ်ပါသည်။

သုတ ရသနှင့် လုပ်ငန်းဆောင်တာများအား မြန်မာမှု များများပြုနိုင်ပါက ဘာသာစကားအားနည်းသူများအတွက် လွန်စွာအထောက်အကူပြုမည် ထင်ပါသည်။ တချိန်တည်းမှာပင် လူငယ်လူရွယ်များအား ဘာသာစကားတတ်ကျွမ်းဖို့ တွန်းအားပေး တိုက်တွန်းကြရပါမည်။ အင်တာနက်တွင် မြန်မာပြန်ထားသည်များ များစွာရှိလာပါက၊ သို့မဟုတ် အသိပညာ နည်းပညာကျွမ်းကျင်သူများမှ သူတို့၏ အသိ အတတ် အတွေ့အကြုံ ပေါင်းစုံတို့အား မြန်မာဘာသာဖြင့် ပြန်လည် မျှဝေခြင်းများ များစွာရှိလာပါက အင်တာနက်သုံးသော မြန်မာလူမျိုးများ အသိပညာ အတတ်ပညာများ ပိုမိုတိုးပွားကာ အင်တာနက်၏ အသုံးကျမှုအား လက်တွေ့ သိနိုင်မည် ဖြစ်ပါသည်။

အလျဉ်းသင့်၍ ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်းမှ သူ့အယူအဆများကို ညွှန်းဆိုလိုပါသည်။ ” မြန်မာစာကို နိုင်ငံတော်အတွင်း ကိစ္စဟူသမျှအတွက် သုံး၍ ၊ အင်္ဂလိပ်စာကို ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံဟူသမျှအတွက် သုံးရမည် ဖြစ်၏။ မြန်မာမှု၊ မြန်မာ့ပြသနာများကို ကမ္ဘာကသိအောင် အင်္ဂလိပ်လို စာအုပ်များ၊ စာတမ်းများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ များပြားစွာ ထုတ်ဝေပေးရတော့မည် ဖြစ်၏။ မြန်မာစာဖြင့် နိုင်ငံခြား စာအုပ်စာတမ်းများ၊ ပညာဗဟုသုတများကို တစ်ဆင့် ပြန်ဆိုပေးဖို့ကိုလည်း …. “ ။ ထိုခေတ်က မီဒီယာကို ယခုခေတ်တွင် နောက်တိုးဖြစ်သော အင်တာနက်မီဒီယာဖြင့် မြင်ကြည့်ကာ မြန်မာစာ ဘယ်မှာသုံး၊ အင်္ဂလိပ်စာ ဘယ်မှာသုံးဟု ကိုယ်တိုင်ဆုံးဖြတ်ကြစေလိုပါသည်။ အင်္ဂလိပ်ဘာသာစကား မှ မြန်မာဘာသာစကားသို့၊ မြန်မာဘာသာစကားမှ အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုကြရုံတွင်မက ကျန်ဘာသာစကားများအတွက်လည်း စဉ်းစားဖို့လိုပါသည်။

ဒါပဲလား … အင်တာနက် လုပ်နိုင်တာ

မပြည့်စုံသေးပါ။ အတော်များများ ကျန်ပါသေးသည်။ အင်တာနက်သုံးပြီး လုပ်စရာများစွာ ရှိပါသည်။ အကျိုးရှိအောင် အသုံးချသူအတွက် ကောင်းသောအကျိုးများပေးပါသည်။ အင်တာနက်သုံးရာတွင် သတိပြုရမည့်အရာ များစွာရှိပါသည်။ ထိုသတိပြုရမည်များကို သတိထားကာ ကြိုတင်ကာကွယ်ထားပါက အကျိုးမဲ့မည်မဟုတ်ပါ။

အင်တာနက်သည် လူတို့အတွက် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေရန် ဖြစ်ပေါ်လာသော နည်းပညာပြောင်းလဲမှု တစ်ခုသာဖြစ်၏။ မီးကဲ့သို့ပင် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်ပေမည်။ မြန်မာလူမျိုးများ အင်တာနက်ကို ထိထိရောက်ရောက် သုံးနိုင်ရန်မှာ မည်သူ့တာဝန် ဖြစ်ပါသနည်း။

အင်တာနက်တွင် ရုပ်ရှင် ဗီဒီယိုဇာတ်ကားများအား အချိန်ပေးကာ၊ အချိန်ကုန်ခံကာ ကြည့်ရှုနေသော လူငယ်သည် နောင်တချိန်တွင် ရုပ်ရှင် ဗီဒီယို ဝေဖန်ရေးသမား ဖြစ်မလာနိုင်ဟု မည်သူငြင်းဆိုဝံ့ပါသနည်း။

အင်တာနက်ဂိမ်း ညလုံးပေါက် ကစားသော လူငယ်သည်လည်း ဂိမ်းတီထွင်သူ ဖြစ်မလာနိုင်ဟု မည်သူငြင်းဆိုဝံ့ပါသနည်း။

Selfie ဟုခေါ်သော ကိုယ့်ပုံကိုယ်ပြန်ရိုက်ကာ ဖေ့ဘုတ်တွင် ဓါတ်ပုံ အခါများစွာ တင်သော လုံမငယ်သည် နာမည်ကြီး မော်ဒယ်၊ နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်မလာနိုင်ဟု မည်သူငြင်းဆိုဝံ့ပါသနည်း။

ဖေ့ဘုတ်အသုံးများသော လူငယ်သည် ၄င်းမှ သင်ယူသင့်သည်များ၊ အားကျသင့်သည်များ၊ လိုက်နာသင့်သည်များကို ဖတ်ရှုပြီး ဗဟုသုတ စုံလင်သူတစ်ဦး ဖြစ်မလာနိုင်ဟု မည်သူငြင်းဆိုဝံ့ပါသနည်း။ ဆန့်ကျင်ဘက်တွေးကြည့်ပါကလည်း ထိုသူများ အသုံးမကျဖြစ်သွားနိုင်ပါသေးသည်။ လမ်းမှားလိုက်မိစေသည်။ ထို့ကြောင့် လမ်းမှန်ရောက်အောင် တည့်ပေးဖို့ပဲ လိုပါသည်။

မည်သို့ပင်ဖြစ်စေ အင်တာနက်သုံးပြီး လုပ်ချင်သည်များ လုပ်နိုင်ရန် အင်တာနက်အဆက်အသွယ်ကောင်းဖို့ လိုသည်။ မြန်နှုန်းမြင့် အင်တာနက်ဆိုလျှင် သာကောင်းသည်။ အင်တာနက်သုံး၍ ရသောအကျိုးများအကြောင်း လက်တွေ့သိလာလျှင် အင်တာနက်အသုံးများလာမည်။ အင်တာနက်အသုံးများလျှင် မြန်ဖို့ ဆန်ဖို့ နောက်က လိုက်လာမည်။ မြန်အောင်လိုက်နိုင်သော သူနောက် လိုက်ကြပေမည်။ မြန်တကမြန်အောင်လည်း မည်သို့လုပ်ရမည် သိလာကြပေမည်။ ထို့ကြောင့် တိုင်းပြည်တိုးတက်ရန် အင်တာနက်အား များများ အသုံးချကြပါဟု တိုက်တွန်းလိုက်ပါသည်။

ဘကြီးမိုး (ခေါ်) ဆရာမောင်မိုးသူ ပြောသလို ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ရပေမည်။

အင်တာနက် အသုံးကျရဲ့လားဟု အမေးရှိသော် အင်တာနက် အသုံးကျပါသည်ဟု ရဲရဲသာ ဖြေလိုက်ပါသည်။ ။

၂-နိုဝင်ဘာ-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကျော်မောင်(တိုင်းတာရေး) – အသုံးကျရဲ့လား … အင်တာနက်
  1. သိပ်ကောင်းပါတဲ့ဆောင်းပါး။ တချို့လူတွေကတော့ လွတ်လပ်စွာရေးသားခွင့်ကိုအသုံးချပီး အင်တာနက်မှာ လွတ်လပ်စွာဆဲခွင့်ရသွားဘီထင်နေကြတယ်။

  2. ယ နေ့ ခေတ်အင် တာနက် အမှန်တကယ် အသုံးကျကြောင်း မည်ကဲ့သို့ အသုံးချရမည့်
    အ ကြောင်း ဝေမျှ လမ်းညွှန်ပေးထားတဲ့ ဆောင်းပါးကောင်းတစ်ခု ဖြစ်ပါတယ်။
    6.11.2014 , 8:00pm

Comments are closed.