ဓာတ်ပုံသတင်း ကျော်ဟုန်း

ကျော်ဟုန်း – ဆစ်ဒနီမှ ခမ်းနားကြီးကျယ်သည့် မြန်မာ့ရိုးရာပြပွဲနှင့် ဈေးရောင်းပွဲတော်

 
ကျော်ဟုန်း  – ဆစ်ဒနီမှ  ခမ်းနားကြီးကျယ်သည့်  မြန်မာ့ရိုးရာပြပွဲနှင့် ဈေးရောင်းပွဲတော်
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄

 

သြစတြေးရီးလျားနိုင်ငံ၊ ဆန်ဒနီမြို့ မှာ ခမ်းနား ကြီးကျယ်တဲ့  မြန်မာ့ရိုးရာ ယဉ်ကျေးမှုပြပွဲနဲ့ မြန်မာအစားအစာများ ပြုလုပ်ရောင်းချတဲ့ ဈေးရောင်းပွဲတော်ကို Palm Grore, Darling Harbour (Opposite the IMAX Theatre) မှာ အောက်တိုဘာ၊ ၁၈၊ ၂၀၁၄ နေ့ က မနက် ၁၁ နာရီမှ ည ၈ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

 

ဒီပွဲတော်ကို Australia Burma Community Development –ABCD network  ၊  Burmese Community – Sydney ၊ Burmese Cristian Church နဲ့ Burma Ethnic groups အဖွဲ့ တို့ မှ စုပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဖွဲ့ ပေါင်းစုံလင်သလို တင်ဆက် ပြသမှုတွေကလဲ အစုံအလင်ပါဝင်ကြပါတယ်။ တင်ဆက်မှုများမှာ အုပ်စုလိုက်ပါဝင်သီဆိုမှု၊သရုပ်ဖော်မှုတွေကိုဦးစားပေးထားတာတွေ့ ရပြီး အချိန်တိုအတွင်းမှာ ကဏ္ဍစုံ၊လူစုံ၊အဖွဲ့ စုံအောင် ခင်းကျင်းပြသနိုင်တာတွေ့ ရလို့  စီစဉ်သူများကို ကျေးဇူးတင်စရာဖြစ်မိပါတယ်။

 

 

 

မြန်မာ့ရိုးရာယဉ်ကျေးမှုပြကွက်ကို ဦးကျော်ဇေယျ၊ ကေသီ၊ စုမွန်တို့ က မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ကြေညာပေးပြီး ရှေးနှစ်ပေါင်း ၂၀၀၀ မှ ယနေ့ ထိ  မြန်မာအမျိုးသမီးတို့  ၀တ်စားဆင်ယင်ထုံးဖွဲ့ မှုတွေကို သရုပ်ဖော်ပြသပါတယ်။  ပျူ၊ ပုဂံ၊  အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံခေတ်များအပြင် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်နဲ့  ၂၀ ရာစုခေတ် မြန်မာအမျိုးသမီးများ ဆင်ယင်ထုံးဖွဲ့ မှုကို ပုံဖော်ပါတယ်။ ဒါ့ အပြင် ကျေးလက်လှပျိုဖြူတို့ ရဲ့ သနပ်ခါးပါးကွက်ကြားအလှကိုလဲ မမေ့မလျော့ပုံဖော်ပြသခဲ့တာဟာလဲ ချီးကျူးစရာပါ။  ထူးခြားတဲ့ တင်ဆက်ပုံကတော့ ခေတ်အလိုက် မြန်မာအမျိုးသမီးတွေရဲ့ဆင်ယင်ဝတ်စားပုံကို သရုပ်ဖော်ပြနေချိန်မှာ သမိုင်းနောက်ခံအကြောင်း တွေကိုပါ မြန်မာ၊ အင်္ဂလိပ် ဘာသာများနဲ့  လာရောက်ကြည့်ရှုသူများနားလည်အောင် ရှင်းပြပေးခြင်းပဲဖြစ်ပါတယ်။

ပျူခေတ်အတွက် ဆုလဲ့ဝေ၊  ပုဂံခေတ်အတွက် ခင်မင်းဆွေ၊ အင်းဝခေတ်အတွက် ရတနာ၊ ကုန်းဘောင်ခေတ်အတွက် စန္ဒာမင်းဦး၊ ရတနာပုံခေတ်အတွက် မနန်းဝင်းတို့ က ပါဝင် သရုပ်ပြကြပါတယ်။  စစ်ကြိုခေတ်အတွက် အေးသီဝင်း၊ စစ်ပြီးခေတ်အတွက် ၀ိုင်း သက်လယ်၊ ၂၀ ရာစုခေတ်အတွက် ပြည့်ဖြိုးလှိုင်နဲ့ ကျေးလက်လှပျိုဖြူသရုပ်ပြကွက်ကို စုရည်နဲ့ စုမြတ်ချယ်တို့ က သဘာဝကျကျ တင်ဆက်ခဲ့ကြတာတွေ့ ရပါတယ်။  တဦးချင်းထွက်လာချိန်နဲ့  စုပေါင်းသရုပ်ဆောင်ချိန် တလျှောက်လုံးမှာ ခေတ်အလိုက်ဖော်ကျူးရာ တေးသီချင်း ၃ ပုဒ်ကိုလဲ နောက်ခံတေးဖွင့် ပုံဖော်ထားလို့  ပိုမိုကြွရွနေပါတော့တယ်။ ဒီအစီအစဉ်တင်ဆက်မှုဟာ ကမ္ဘာအနှံ့ ရောက် မြန်မာတွေတင်ဆက်တဲ့ အခြားမော်ဒယ်ရှိုးတွေထက် များစွာသာပါတာကိုသတိပြုမိပါတယ်။ ယဉ်ကျေးမှုကိုဦးစာပေးနိုင်ပြီး ခေတ်လဲ

မီတာ တွေ့ ရပါတယ်။ လှပသေသပ် တိကျလှပါတယ်။

 

 

ဒါ့အပြင် အုပ်စုလိုက်ပုံဖော်တဲ့ ပြကွက်တွေကလဲ အံ့မခမ်းပါ။ မြန်မာ့ရိုးရာ ရှင်လောင်းလှည့်ပွဲမှာ အလှူရှင်၊ အပျိုတော်၊ ရှင်လောင်း၊ သင်္ကန်းဒွါစုံ၊ အုန်းပွဲငှက်ပျောပွဲ၊ ဦးရွှေရိုး-ဒေါ်မိုးအက စုံစိအောင်ကို ၀တ်စုံအပြည့်၊  အပြည့်တင်ဆက်တဲ့ပြကွက်။ ရှေးမြန်မာ ရှင် ဘုရင်၊ မိဖုရား၊ ၀န်၊ စစ်သူကြီးအဖွဲ့ ၊ အပျိုတော်၊ ပုဏ္ဏား၊ တိုင်းခန်းလှည့်လည်ပုံပြကွက်များမှာလဲ ၀တ်စုံပြည်ပုံဖော်ခဲ့ကြပါတယ်။

 

ဒါ့အပြင် အပျိုတော်ယိမ်း၊ နတ်ယိမ်း၊ ရာမဇာတ်၊ ဒေါင်းအကယိမ်း၊ ကိန္နရီ-ကိန္နရာအက၊ ရခိုင်သဇင်ယိမ်း၊ မွန်လှပျိုဖြူများယိမ်း၊ရှမ်း သမီးငယ်များယိမ်း၊ ကချင် မနောအလှယိမ်းတို့ ကိုလဲ ၀တ်စုံပြည့်နဲ့ ကပြဖျော်ဖြေကြတဲ့အပြင်  ချင်း၊  ကရင်၊ ကယားတိုင်းရင်းသား ခရစ်ယာန်လူငယ်များကလည်း အဖွဲ့ အလိုက်ခေတ်ပေါ်သီချင်းများကို အုပ်စုဖွဲ့ သီဆို တင်ဆက်ခဲ့ကြပါသေးတယ်။ ဒီပွဲတော်အတွက်ဝတ်စုံများကို ဒေါ်သီတာနွယ်၊ မ၀င်းဝင်းမူတို့ က စီစဉ်ဆင်ယင်ပေးပြီး ဒေါ်မီမီနဲ့ သြစတြေးလျမိတ်ကပ်ပညာရှင်၂ ဦးတို့ က အလှဆင်

ပေးခဲ့ကြတယ်လို့  သိရပါတယ်။  အခမ်းအနားမှူးအဖြစ် ကိုမင်မင်းနဲ့ မကြည်ဇာတို့ က ဆောင်ရွက်ပေးကြပါတယ်။

 

ဒီပွဲတော်ဟာ ပျော်ပွဲရွှင်ပွဲသက်သက်အတွက် စီစဉ်တာမဟုတ်ပါဘူး။ Mission for Myanmar ( Women Rescue –INC) အတွက် ထောက်ပံ့ဖို့ ဖြစ်ကြောင်းလဲ သိရပါတယ်။  ပွဲတော်လာတွေအတွက် ဆစ်ဒနီရောက် မြန်မာမိသားစုတွေက  မြန်မာ့ရိုးရာ အစားအစာ တွေကို  တည့်ခင်းရောင်းချ  ရပုံငွေရှာပေးခဲ့သလို  Mission for  Myanmar တံဆိပ်ပါ တီရှပ်တွေလဲ  ထုတ်လုပ်ရောင်းချပေးနေတာ တွေ့ ရပါတယ်။  ဒီပွဲမှာ တင်ဆက်ခင်းကျင်းမှုတွေဟာ ခမ်းနားလွန်းနေတာမို့  ပွဲတော်လာ  သြစတြေးလျသားများနဲ့  မြန်မာမိသာစုများ ကျေနပ်ပျော်ရွှင်စေတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

 

 

ဒီပွဲတော်နဲ့ ပတ်သက်လို့  ကိုမင်းမင်းက ပြောကြားရာမှာ အဖွဲ့ တွေစုံသလို  မတူညီတဲ့ အခြေခံတွေ၊ နောက်ခံတွေ ရှိကြပေမယ့် စည်းလုံးခြင်းသည် အင်အား ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ပြုဆောင်ရွက်ခဲ့ကြလို့ ဒီလိုအောင်အောင်မြင်မြင် ကျင်းပနိုင်တာဖြစ်ကြောင်း၊ ၀ိုင်းဝန်းလုပ်ဆောင်တဲ့ အဖွဲ့ အစည်းများမှ  လူပုဂ္ဂိုလ်အပေါင်းကို  ကျေးဇူးတင်ကြောင်း  ပြောကြားခဲ့ပါတယ်။  ဦးကျော်ဇေယျ မှလဲ

ခေတ်အလိုက် ရိုးရာဝတ်စားဆင်ယင်ပုံ တင်ဆက်ချိန်မှာ  မြန်မာဟာ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခေတ်လူငယ်တွေ ချစ်မြတ်နိုးစေဖို့  ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

စီစဉ်သူများရည်ရွယ်သလို ရေ၊ မြေခြား တိုင်းတပါးရောက်နေပေမယ့် မိမိတို့  မျိုးဆက်များကို မြန်မာမှု မြန်မာ့ဓလေ့များ၊တိုင်းရင်းသားတို့ ရဲ့ အလှဘ၀နဲ့ ဓလေ့များကို ချစ်ခင်မြတ်နိုးတတ်အောင် သင်ကြား အမွေပေးနိုင်ခဲ့တဲ့ပွဲဆိုရင်လဲ မှားမည်မထင်ပါ။    ။

( အဖွဲ့ များစွာ၊ လူများစွာ ပါဝင်သဖြင့်  အဓိကဆောင်ရွက်ကြသူ  ပုဂ္ဂိုလ်အမည်တချို့ ကျန်လပ်ခဲ့ပါလျှင်  ခွင့်လွတ်နားလည်ပေးပါရန် – ကျော်ဟုန်း)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts