ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ – အတွေးစတစ (အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်ရင်ငတေ – အတွေးစတစ (အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား)
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄
ရှေးရှေးတုန်းက အညာလမ်း   (ပြင်သစ် ခရီးသွားစာအုပ်တအုပ်မှ မရငတ ပြန်လည်ရိုက်ကူးသည်)

ဒီလို ပုံဟောင်းတွေထဲက အညာလမ်းလေးတွေကိုလည်း လွမ်းမိပါတယ်။ အတိတ်က ကိုယ်တိုင် ဖြတ်သန်းသွားလာဖူးခဲ့တာဆိုတော့ ပိုလွမ်းစရာ ကောင်းလှပါတယ်။ ကိုယ့်အတွက်တော့ လောကကြီးဟာ အချိုးမကျတာတွေ အချိုးမတဲ့ခဲ့တာတွေ အများကြီးပါ။ မောင်ရင်င တေဆိုတာလည်း ကိုယ်သိပ်ဖြစ်ချင်လွန်းလို့ ဖြစ်လာတာမျိုးမဟုတ်ပါဘူး။ ကိုယ်လုပ်ချင်ရာလေးတွေကို လုပ်ကြည့်ရင်းနဲ့ အချိန်အခါ တိုက် ဆိုင်သွားလို့ ဒီလောက်လေးဖြစ်လာတာမျိုးပါ။ သိပ်ပြီးတော့ ဆက်ဖြစ်လာဖို့ ကြိုးစားပမ်းစားစိတ်တွေလည်း သိပ်မရှိလှပါဘူး။ ကိုယ်လုပ် ချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ်နေချင်တာ ကိုယ်သွားချင်တာ ကိုယ်စားချင်ရာ …..  စတာ စတာတွေဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာမျိုး မဟုတ်ပါလား။ ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပေမယ့် မဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာတွေလည်း များစွာပါ။ ဒီလို အညာလမ်းမျိုးတွေကို ခပ်ငယ်ငယ် ဘဝမှာ ကြိမ်ဖန်များစွာ သွားလာခဲ့ဖူးပါတယ်။ ကြိမ်ဖန်များစွာ ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းသွားခဲ့ဖူးပေမယ့် စိတ်ထဲမှာတော့
အခုလိုမျိုး လွမ်းလို့လာတတ်လိမ့်မယ်ရယ်လို့ မထင်ထားပါဘူး။

တခါတခါ မိုးရွာမှချောင်းရေကျတတ်တဲ့ အညာဒေသက ချောင်းခြောက်  (Photo MinnDylan NY)

ကိုယ် ရောက်နေတဲ့ နေရာဒေသနဲ့က လမ်းလျှောက်သွားမယ်ဆိုရင် မိုင်ပေါင်းခုနှစ်ထောင်နီးပါး နာရီပေါင်း နှစ်ထောင်ကျော် ကြာမှာ (ဒါ တောင် မရပ်မနားသွားမှ) ဆိုတော့လည်း သွားဖို့ရာက မလွယ်ရေးချ မလွယ်ပါဘူးလို့သာ ဆိုပါရစေတော့။ လေယာဉ်ပျံတွေ ရှိသားဘဲ ဆယ့်သုံးလေးနာရီရင် စီးရင် ရောက်တာဘဲ ဆိုကြပေမယ့် ဒါကလည်း မောင်ရင်ငတေတို့ စိတ်မျိုးနဲ့ မလွယ်ရေးချပါဘဲ၊ ခေါင်းငုံ့မခံနိုင်လို့ ဝေးရပ်မြေကို ထွက်ပြေးလာခဲ့တာ မဟုတ်ပါလား၊ စကားကြီးစကားကျယ်တွေ မပြောချင်ပါဘူးလေ။တကယ်တော့ နိုင်ငံခြားဆိုတာမျိုး ကလည်း အာရှရယ် အမေရိကရယ် အာဖရိကရယ် ဥရောပရယ် ဘယ်ရယ်မဟုတ် မရောက်ဖူး မသွားဖူးတဲ့ ခရီးလမ်းတွေကို ခြေမှာဗွေပါပြီး သွားလာချင်တဲ့စိတ်တွေရှိခဲ့တာကတော့ ကျောင်းသားငယ်ဘဝ ဆယ့်သုံးလေးငါးနှစ်သား မတိုင်မီ ကတည်းကပါ။အဲလိုနဲ့ ကံကြုံလာခဲ့ရ တာကနေ ဝေးမြေရပ်ခြားမှာ နှစ်ပေါင်းများစွာ လာသောင်တင်ခဲ့ရတာပါ။ ပြန်ဆုံစည်းဖို့ရယ်က ကံမဖန်လာပြန်တာကြောင့် ခုထိတိုင် အောင်တော့ ဝေးနေဆပါ။

ဒါပေမယ့်လို့ …… အလွမ်းရယ်ဖြေ ပြေနိုင်မတဲ့လား ဆိုပြီး ဟိုဖတ်ဒီဖတ်ရာကဒီလိုလမ်းမျိုးလေးတွေကို စာအုပ်ဟောင်းတွေထဲမှာ မြင်လိုက် ရတဲ့ အခါကျတော့ …..အတိတ်ကခြေရာလို့ဘဲ ခေါ်မလား ပြန်မြင်လာတာလေးတွေကို ချရေးဖြစ်လိုက်ပါတယ်။ကိုယ်ကလည်း အဲဒီလိုလမ်း မျိုးတွေနဲ့ အလှမ်းဝေးလှတဲ့ နေရာကို ရောက်နေရတာကိုး။ ဒီကနေ့ထိ အဲလိုလမ်းတွေမှာ ကျင်လည်နေသူတွေကတော့ ထူးဆန်းထွေလာ မဟုတ်နိုင်ပါဘူး။ဒါပေမယ့် ဒီလိုလမ်းမျိုးတွေက ဘယ်တိုင်းပြည် ဘယ်ဒေသမှာဖြစ်ဖြစ် တစတစ ရှားပါး လာနေပါပြီ။ အဲဒီ ဒေသသားတွေက လွဲလို့ ခရီးသွားဟန်လွှဲ ရောက်ဖူးဖို့ ဆိုတာမျိုးက မလွယ်တော့ပါဘူး။ခရီးသွားသူ အများစုက သွားလိုရာ အမြန်ရောက်တဲ့ အမြန်လမ်း ကြီးတွေကိုသာ ဦးစားပေးနေပါပြီ။ ရောက်လိုရာ ပန်းတိုင်ကို အမြန်ရောက်ဖို့ ဖြတ်လမ်းကြိုက်သူများက များလာတယ် မဟုတ်ပါလား။

 HINO BM in Burma (1985) (Photo Google)

ဟိုးတုန်းက အဲလို လမ်းမမျိုးတွေမှာ သွားခဲ့ဖူးတဲ့ စီးခဲ့ဖူးတဲ့ခေတ္တရာမန်းတို့လို ဟိုနားပျက် ဒီနားရပ် ဘတ်စ်ကားအိုကြီးတွေ ချက်ပက် လက်ခေါင်းတိုတို့ ဂျီအမ်စီတို့လို  နေပူလေပူလာရင် အင်ဂျင်ပူလာလို့ ဟိုနား ထိုးရပ် ဒီနား ထိုးရပ် သုံးမိုင်တခါ ရပ်တဲ့ ကုန်သုံးတန် ယာဉ်သုံး တန်လို့ရေးထားတဲ့ ကုန်တင်ကားကြီး မျိုးစုံတွေရန်ကုန်-မကွေး-ရေနံချောင်း-ချောက် မြေလတ်သားကား နောက်ပိုင်းမှာတော့ ကြံတိုင်း အောင်တို့ ထိပ်တန်းတို့လို ကုန်တဝက် လူတဝက် ခရီးဝေးပြေး ကားကြီးတွေ ကုန်းလမ်းပို့ဆောင်ရေးက ပြေးဆွဲတဲ့ကားတွေ ဒဂုံမန်းတို့ ထီလာမန်း ဧရာမန်း ညောင်ဦးမန်းတို့လို ဘီအမ်ဟီးနိုးကားတွေ (အဲဒီအချိန်တုန်းကတော့ အသစ်စက်စက်ကားတွေ)မိတ္ထီလာ-ကလော-တောင်ကြီး ပြေးတဲ့ကားမျိုး မန္တလေး-မေမြို့ ပြေးတဲ့ကား ဂျစ်ကားခါးရှည်တွေမိတ္ထီလာ-မလှိုင်-တောင်သာ-မြင်းခြံတို့ မိတ္ထီလာ-ကျောက်ပန်း တောင်း-ပုဂံညောင်ဦးတို့မိတ္ထီလာ-ဝမ်းတွင်း-သဲတော-ကူမဲ-ကျောက်ဆည်-မန္တလေးတို့ကိုသွားတဲ့ နေပူပူလေပူပူ ဖုန်ထူထူမှာ ရရာနေရာ ခေါင်မိုးပေါ်က (အမျိုးသားများသီးသန့် နောက်ပိုင်းမှာတော့ အမျိုးသမီးကြီးတွေပါ ပါလာပါတယ်) စီးခဲ့ရဖူးတဲ့ ဒတ်ဆန်း ဟိုင်း လတ်၊ နောက်တော့ ဒိုင်နာလို ကားမျိုးတွေ စလေမှာ ဆယ်တန်းဒုတိယနှစ် ကျောင်းသွားတက်စဉ်က မိုလာ ဂွေးချို ကျောက်ပန်းတောင်း  လမ်း တွေပေါ်မှာ ဟိုတဆင့် ဒီတဆင့် လက်တားပြီး ကားနောက်ခန်းက ဓါတ်မြေသြဇာအိတ်တွေ ဘိလပ်မြေအိတ်တွေကို အထက်တန်း တွဲအိပ် ယာ ဆိုဖာထိုင်ခုံအလား စိတ်ကူးထားပြီး စီးခဲ့ရဖူးတဲ့ ကုန်းလမ်းပို့ဆောင်ရေးက တီအီးအလဲဗန်း အပြာရောင် အစိမ်းရောင် ဟီးနိုးကားကြီးတွေရွှေပြည်တော်ကြီးမှာ နောက်ဆုံးနေထိုင်ခဲ့စဉ် အချိန်ကာလများက ရန်ကုန်-ပြည်ကားလမ်းမများမှာ စီးခဲ့ရဖူးတဲ့ မြတ်မန္တလာထွန်းတို့ မျိုးဆက်သစ်တို့ အာရှတို့ … .. စသည်တို့ စသည်တို့ …….

မိုင် ၂၀ တဖြောင့်တည်းဖောက်ထားတဲ့ ရေနံချောင်း-ဂွေးချိုလမ်း (Photo MinnDylan NY)

 

မိုးခေါင်ရေရှား အညာခရီးသွား (Photo Google)

လူဆိုတဲ့သတ္တဝါတွေကလည်း ရတာမလို လိုတာမရပါလား။ အရာရာ အားလုံးဟာ အတိတ်မှာ အရိပ်လို ကျန်ခဲ့ပါပြီ။ ရွှေပြည်တော်ကြီးဆီကို ပြန်လည် ခြေချနိုင်ခဲ့ရင်တောင်မှ ဒီလို အရာမျိုးတွေကို ပြန်လည်ရရှိဖို့ကတော့ မလွယ်တော့ပါဘူး။

မောင်ရင်ငတေ ၁၇၀၇၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts