Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို ရောက်ခဲ့တဲ့ တခေါက်တကျင်း


ရန်နောင် (ဗိုလ်တထောင်) – ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို ရောက်ခဲ့တဲ့ တခေါက်တကျင်း
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄

စာမတတ်လျှင် အကန်းဟု မြန်မာဆိုရိုးစကားပုံ တစ်ခု ရှိသည်။ ထို အဆိုကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပြောင်းပြန်လှန်ပစ် လိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကြည့်မြင်တိုင် မျက်မမြင် ကျောင်းမှ ပညာရေးကို ဘွဲ့ရသည်အထိ ဆုံးခန်းတိုင်အောင်သင်ယူခဲ့ကြသူများ၊အားကစား၊ဂီတ ၊ကွန်ပျူတာ ဘာသာရပ်များတွင် ထူးချွန်ခဲ့သူများ၊အနှိပ်ပညာဖြင့် လုပ်ကိုင်နေသူများ၊ကြိမ်ထိုးသူများ အစရှိသည်ဖြင့် အောင်မြင်သူများ ပေါ်ထွန်းခဲ့သည်မှာ ဒုနဲ့ဒေးပင်။

ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသည်လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး(၈)ရပ်အနက် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော လူမှုဝန်ထမ်းဆိုင်ရာမူဝါဒများနှင့် အညီ ပြည်နယ်နှင့်တိုင်း အသီးသီးမှ အသက်(၆) နှစ်မှ (၁၈)နှစ် အတွင်း ၊ပညာသင်ကြားလိုသော မျက်မမြင်ကလေးသူငယ်များကို စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့် သင်ကြားပေးနေသော ကျောင်းတကျောင်းဖြစ်သည်။ အဆိုပါ ကျောင်းသည် အမှတ်(၁၃၂) ပန်းပင်ကြီးလမ်း ၊ကြည့်မြင်တိုင်မြို့နယ်တွင် တည်ရှိပါသည်။

ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကို    ၁၉၁၄ ခုနှစ် သြဂုတ်လ (၄)ရက်နေ့တွင် Society for the Propagation Of the Gospel in Foreign Parts အမည်ရှိ သာသနာပြုအဖွဲ့ မှ မျက်မမြင်ကျောင်းသား အနည်းငယ်ဖြင့် စင်တည်ထောင်ခဲ့ပါသည်။၁၉၁၇ ခုနှစ်တွင် အင်္ဂလိပ်မျက်မမြင် ဘုန်းတော်ကြီး Father Jackson က ကျောင်းအုပ်အဖြစ်တာဝန်ယူကာ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခဲ့ပါသည်။ ၁၉၃၁ ခုနှစ်တွင် Father Jackson ကွယ်လွန်ပြီးနောက် St.Michal သာသနာပြုအဖွဲ့မှ တာဝန်ယူဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန က မျက်မမြင်ကျောင်း အဖြစ် လွှဲပြောင်းတာဝန်ယူကာ ဖွင့်လှစ်ခဲ့သည်။

ကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ (က) အမြင်အာရုံချို့တဲ့သော ကလေးများအား ကာယ၊ဥာဏ၊စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ (ခ) အမြင်အာရုံချို့တဲ့သူများအား ကိုယ်ရည်ကိုယ်သွေး မြင့်မားစေပြီး မိမိကိုယ်မိမိယုံကြည်မှုရရှိလာစေရန်၊(ဂ) တစ်ဦးချင်းစီ၏ ဥာဏ်ရည်နှင့် ဝါသနာထုံမှုအပေါ်မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန်၊ (ဃ) နေ့စဉ်လှုပ်ရှားသွားလာ ဆောင်ရွက်မှုများကို မိမိကိုယ်တိုင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်၊ (င)လူမှုဘဝပတ်ဝန်းကျင်တွင် အဆင်ပြေစွာ နေထိုင် ဆက်ဆံတတ်စေရန်၊(စ) သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိဘဝမိမိရပ်တည်ထူထောင်နိုင်ပြီး အခြားသူများအပေါ် မှီခိုလိုစိတ်များ လျော့နည်းစေရန်၊ (ဆ) အခြေခံပညာကျောင်းများသို့ တက်ရောက်နိုင်သော ကလေးများအား ပညာဆက်လက်သင်ယူနိုင်ရေးဆောင်ရွက်ပေးရန် စသည်ဖြင့် ချမှတ်ကာ ဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းစုစုပေါင်း (၄၃)ဦးရှိပြီး ကျောင်းသားဦးရေ စုစုပေါင်း(၂၀၀) အထိ လက်ခံသင်ကြားပေးနိုင်သည်။နိုင်ငံတော်မှ ကျောင်းသားတစ်ဦးလျှင် တစ်နေ့ ကျွေးမွေးစရိတ် ၄၃၂/၁၀ ကျပ်နှုန်းဖြင့် ရံပုံငွေ ခွင့်ပြုချထားပေးပါသည်။ မျက်မမြင် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးကို ကျောင်းရှိ ဝန်ထမ်းများမှ နေ့စဉ်ပြုစုစောင့်ရှောက်ပေးပါသည်။လိုအပ်ပါက ဌာနဆရာဝန်ထံ သတင်းပို့၍ လာရောက်စစ်ဆေးပေးပါသည်။ အရေးပေါ်အခြေအနေ ဖြစ်လာလျှင် နီးစပ်ရာ ဆေးပေးခန်း၊ဆေးရုံသို့ ပို့ဆောင်ကုသပေးပါသည်။

ကျောင်းသားများ ကို လေ့ကျင့်ပျိုးထောင်ရာတွင် အခြေခံပညာမူလတန်းအဆင့်ကို ကျောင်းတွင် အထူးပညာရေး (Special School ) အဖြစ် သင်ကြားပေး၍ ပဉ္စမတန်းမှဒဿမတန်းအထိ မျက်မမြင်ကျောင်းသားကျောင်းသူများကို ကြည့်မြင်တိုင်မြို့နယ်၊ အထက (၅) နှင့် အလက(၄) တွင် အမြင်များနှင့် စာပေသင်ကြားပေးသော လူတိုင်း အကျုံးဝင် ပညာရေးစနစ် (Inclusive Education) စနစ်ဖြင့် သွားရောက်သင်ကြားပါသည်။ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ အတွက် အလှူရှင် ၏ငွေကြေးကျခံမှုဖြင့် အဝေးသင် တက္ကသိုလ် တက်ရောက်နိုင်ရေး စီစဉ်ပေးပြီး မိသားစု၏ ပံ့ပိုးမှုဖြင့် တက္ကသိုလ် (Day ) တက်ရောက်လိုပါကလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ခေတ်မှီ နည်းပညာရပ်ဖြစ်သော ကွန်ပျူတာ ပညာရပ်တွင် ထုတ်လုပ်မှုနှင့် လေ့ကျင့် သင်ကြားမှုဟူ၍(၂)ပိုင်း ခွဲခြားကာ  လုပ်ကိုင်လျက်ရှိသည်။ ထုတ်လုပ်မှုအပိုင်းတွင် မူလတန်းများအတွက် ဖတ်စာအုပ်များ၊ တက္ကသိုလ်ဝင်တန်းအတွက် မှတ်စုစာအုပ်များ၊မျက်မမြင်ကျောင်းသားများ အတွက် ဗဟုသုတ ဖြစ်ဖွယ် စာအုပ်များ ၊ဆုံးမစာများအား ရိုက်နှိပ်ထုတ်ဝေ ပါသည်။

လေ့ကျင့်သင်ကြားမှု အပိုင်းတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများအား အခြေခံနှင့် အဆင့်မြင့် နှစ်တန်း ခွဲ၍ လေ့ကျင့်သင်ကြားပေးပါသည်။ အခြေခံ အတန်းတွင် မျက်မမြင်စာ၊အမြင်စာဖြင့် စာစီစာရိုက်၊ Microsoft Office နှင့် MP3 ,MP 4 ပြုလုပ်နည်းများ ၊Software  Installation ပြုလုပ်ခြင်းတို့ကို သင်ကြားပေးပါသည်။

အဆင့်မြင့်တန်းတွင် Internet, E-mail အသုံးပြုခြင်း၊ Hardware အခြေခံ နှင့် Service အခြေခံ၊ Programming အခြေခံ၊ Music &Recording တို့အားသင်ကြားပေးပါသည်။ ကျောင်းသား၊ကျောင်းသူများ အသုံးပြုရန်အတွက် အင်တာနက်ကိုလည်းတပ်ဆင်ပေးထားပါသည်။ အခြားသော မသန်စွမ်းအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လည်း Basic Computer Course နှင့် Advance Computer Course များကိုလည်း သင်ကြားပေးပါသည်။

အသက်မွေးဝမ်းကျောင်းအတတ်ပညာများ အနေဖြင့် မျက်မမြင်သင်တန်းသားထဲမှ မူလတန်းအောင်မြင်ပြီး ၊အသက်မွေးဝမ်းကျောင်းပညာသင်ယူလိုသူများကိုလည်း ကောင်း၊ အသက်အရွယ်ကြီးရင့်ပြီးမှ ရောက်လာသော မျက်မမြင် သင်တန်းသားများကို (အ)သုံးလုံးသင်ကြား ပေးပြီး ကြိမ်ထိုးလက်မှုသင်တန်း၊အနှိပ်အကြောပြင် သင်တန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အားကစားကဏ္ဍတွင်လည်း ကြည့်မြင်တိုင်မျက်မမြင်ကျောင်းအနေနှင့်  မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ နှင့် နိုင်ငံတကာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြဲ့ပီး ရွှေတံဆိပ်၊ငွေတံဆိပ်၊ကြေးတံဆိပ် များ ဆွတ်ခူးရရှိခဲ့သည် အထိ အောင်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော 7th Asean Para Games ပြိုင်ပွဲတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ်(၂) ခု စုစုပေါင်း ဆုတံဆိပ် (၁၃) ခု ဆွတ်ခူးရရှိခဲ့သည်။

မျက်မမြင်ကျောင်းသားများ /သူများ ကျောင်းနေပျော်၍ စာတော်စေရန် ရန်ကုန်မြို့တွင် ဘုရားဖူးပို့ဆောင်ပေးခြင်း၊ ရေဒီယို၊ ကက်ဆက်၊ တီဗီနားထောင် ကြည့်ရှုစေခြင်း၊ တပတ်လျှင် တစ်ကြိမ်ကျ တီးဝိုင်းဖြင့် လေ့ကျင့် တီးခတ်စေခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည်။ ကျောင်းသား၊သူများ အား ဂီတအနုပညာ ထူးချွန်စေရန် မြန်မာဆိုင်းဝိုင်း၊အနောက်တိုင်း Key Board တီးခတ်သည့် သင်တန်းများ အပတ်စဉ် လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ ထိုသို့ လေ့ကျင့် မှုကြောင့် စင်မြင့်ဖျော်ဖြေပွဲများတွင် နိုင်ငံကျော် အဆိုတော်များ နှင့် တွဲဖက်ကာ သီဆို နိုင်သည်ကိုလည်း ပရိတ်သတ် အသိပင်ဖြစ်သည်။

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းရှိ ကျောင်းသားကျောင်းသူးအများစုမှာ ဆင်းရဲနွမ်းပါးသော မိသားစုမှ ပို့အပ်လာသူများဖြစ်ပြီး စိတ်ဓာတ်ညှိုးငယ်ကျဆင်းသူများဖြစ်ပါသည်။ ၎င်းတို့၏ ဘဝကို ပြန်လည်ထူထောင်မှုပြုပေးလျှင် ၎င်းတို့၏ ဘဝကို ၎င်းတို့ကိုယ်တိုင် ဖန်တီးနိုင်မည့်အ ပြင် တိုင်းပြည်အတွက် အုတ်တချပ်၊သဲတပွင့် ပမာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မျက်မမြင်များအား ပြန်လည်ထူထောင်မှု ပြုရာတွင် လက်တွေ့ဆောင်ရွက်ကြရသော ဝန်ထမ်းများမှာ စေတနာ၊ မေတ္တာ ၊ဂရုဏာအရင်းခံထား၍ ပြုစုစောင့်ရှောက်ကြပါသည်။ မျက်မမြင် ကျောင်း၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရေးအတွက်  လူမှုဝန်ထမ်း ဦးစီးဌာန ၏ လမ်းညွှန်မှုကိုခံယူကာ ဌာနဆိုင် ရာများနှင့် အများပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts