သောင်းပြောင်းထွေလာ

မောင်ဥက္ကလာ – အရောင်းအဝယ်၊ ISIS သူနာပြုနဲ့ ဘာသာစကား ချစ်ပုံပြင် (ထွေထွေရာရာ ဤကမ္ဘာ)

မောင်ဥက္ကလာ – အရောင်းအဝယ်၊ ISIS သူနာပြုနဲ့ ဘာသာစကား ချစ်ပုံပြင် (ထွေထွေရာရာ ဤကမ္ဘာ)
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄

● ရှင်းလင်းချက် (ဆင်ခြေဆင်လက်)
ပြီးခဲ့တဲ့အပတ်က ရက်ရှည် ဖျားနာနေလို့ ဘာမှရေးမပို့နိုင်ဖြစ်ခဲ့တယ်။ တော်တော်လေး နံမည်ဆိုးနဲ့ ထိပ်တန်းသတင်းရောက်နေတဲ့ အီဘိုလာ (Ebola) တော့ မဟုတ်။ မိမိ ခံစားရတဲ့ အဖျားအနားက ရာသီဥတုအပြောင်းအလဲ ဆောင်းတွင်းအအေးနဲ့အတူ တွဲလာတဲ့ Flu ခေါ် တုပ်ကွေးပေါ့။ တကယ်တော့ ကောင်းကောင်းမကွေးရဘူး။ အဆက်မပြတ်ဆိုးတဲ့ ချောင်းနဲ့ နှာမွှန် ဟပ်ချိုး ဖြစ်နေတာနဲ့ ငုတ်တုတ်ကြီး အအိပ်ပျက် မကွေးနိုင်။ ဒီနေ့တော့ တပတ်လုံး သောက်ထားတဲ့ ဆေးတွေကြောင့်လား၊ မေတ္တာထားသူတွေ ဆုတောင်းကြောင့်လား၊ တခြားတဦးဆီ ခရီးဆက်ဖို့လားမသိ ကိုယ့်ဆီကနေ လစ်သွားပြီ။ တကယ်တော့ တိုးတက်ဖွံ့ဖြိုးပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာတောင် တနှစ်တနှစ် တုပ်ကွေး အအေးမိလို့ သေကြတဲ့လူ ရာနဲ့ချီ ရှိပြီး။ ကမ္ဘာတဝှမ်းမှာဖြစ်တဲ့ ကြက်တုပ်ကွေး၊ ငှက်တုပ်ကွေး၊ ရာသီတုပ်ကွေးကြောင့် သေဆုံးသူတွေ ထောင်သောင်းရှိတယ်ဆိုတော့ လျှော့တွက်လို့ မရဘူး။ လျှော့တွက်ရင်တော့ ကျုပ်လို အနည်းဆုံး (၁၀) ရက်လောက် ကွေးရမှာ သေချာတယ်။

အယ်ဒီတာ ဆရာရစ်ရဲ့  အားပေးစကားကတော့ “တော်သေးတာပေါ့” တဲ့။ ကဲ ကောင်းသွားပြီးဆိုတော့ ရေးချင် (နိုင်) တာ ပြန်ရေးမယ်။ အဲ မရေးခင် အကြောင်းအရာတစ်ခု ရှင်းချင်တာက မိမိ ရေးသားဖော်ပြတဲ့ သတင်းကောက်နုတ်ချက်တွေနဲ့ ပတ်သက်ပြီး စကားပလ္လင်ခံ ရှင်းလင်းပြောခဲ့ပါတယ်။ အားအားယားယား ဟိုသတင်းဒီသတင်းဖတ်ပြီး အပေါင်းအသင်းတွေကို မျှဝေချင်တာနဲ့ အဖိုးအခများစွာပေးတဲ့ မိုးမခကို ပို့တင်ပြခြင်း ဖြစ်ပါတယ်။ ရှာဖွေဖတ် ကောက်နုတ်ရေးသား တင်ပြတဲ့ သတင်းများက ထိပ်တန်းသတင်းစာတွေမှာ ဖော်ပြထားတဲ့ သတင်းများ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က စာဖတ်သူ Catwoman ဆိုသူက “It s not interesting. We don’t need to read gossip. If we want to read gossip, there (are) plenty of journals to buy. Can you write something else? စိတ်ဝင်စားစရာ မကောင်းဘူး။ အတင်းသတင်းတွေကို ဖတ်ဖို့ မလိုဘူး။ အတင်းသတင်းတွေကို ဖတ်ချင်ရင်၊ ဂျာနယ်အများကြီးရှိတယ် ဝယ်ဖတ်လို့ရတယ်။ တခြားအကြောင်းအရာ မရေးနိုင်ဘူးလား” လို့ မှတ်ချက်ရေးလာတယ်။ စာဖတ်သူရဲ့  မှတ်ချက်ကို ကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေလည်း ဖြစ်နိုင်ရင် မိုးမခမှာ ရေးနေကြတဲ့ အသပြာမရတဲ့ စာရေးချင်သူတွေရဲ့  စာတွေကိုဖတ်ပြီး မိမိတို့အမြင် သုံးသပ်ချက်၊ ဝေဖန်ချက်တွေကို ရေးကြဆွေးနွေးကြရင် ကောင်းတာပေါ့။

စာရေးသူအနေနဲ့ စာဖတ်သူရဲ့  မှတ်ချက်ကို တုံ့ပြန်ရှင်းပြချင်တာက အတင်းသတင်း (Tabloid or Yellow) တွေကို ကောက်နုတ်တင်ပြနေခြင်း မဟုတ်ပါ။ အထက်မှာဆိုခဲ့သလို ထိပ်တန်းသတင်းစာများမှာ ပါရှိတဲ့ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း ဖြစ်ရပ်မှန် သတင်းတွေကို ကိုးကားကောက်နုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။ တကယ်တော့ စာရေးသူရဲ့  မကြီးမားတဲ့ ရည်ရွယ်ချက်က အရှုပ်အထုပ်တွေကြား ရုန်းကန်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တိုးတက်ပါတယ်ဆိုတဲ့ တိုင်းနိုင်ငံတွေမှာလည်း ဒီလို လူပေလူတေ လူပွေလူရူပ်တွေရဲ့  ကို့ရိုးကားယား ဖျောက်ပြန်ကျူးလွန်မှုတွေ ရှိကြပြီး၊ ပြည်ပရောက်နေပြီး မြန်မာနိုင်ငံမှာ အပ်ပျောက်၊ နွားပျောက်၊ အရက်သမား ဓါထိုးမှု၊ အာဏာရှင် ဗိုက်နာတဲ့ အကြောင်းအရာ သတင်း၊ ပြဿနာတွေကို စိတ်ရောက်နားစွန့် … ဟယ် ဖြစ်ကြပြန်ပြီး ပြောဆိုကြကာ သူတို့လက်ရှိ နေထိုင်ကြတဲ့ ပတ်ဝန်းကျင်မှာ ဘာမှမဖြစ်သလို။ မယုံနိုင်၊ အံ့သြစရာကောင်းလှတဲ့ ရာဇဝတ်မှု၊ ကျူးလွန်မှု ဘာမှုညာမှု သောင်းပြောင်းထွေလာ သတင်းတွေကို မျက်ကွယ်ပြုကြတဲ့ ရွှေနိုင်ငံသားတွေကို လက်တို့သတိပေးလို့တဲ့ သဘောနဲ့ တင်ပြချင် ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီလို အရေးအသားမျိုး မဖတ်ချင်ပါက မိုးမခတွင် ဖော်ပြထားသော အလွန်ကောင်း၊ တန်းဖိုးရှိသော အခြားဆရာ့ဆရာများရဲ့  ဆောင်းပါး စာပေများကို လွတ်လပ်စွာ ရွေးချယ်ဖတ်နိုင်ပါသည်။ စာရေးသူအနေနဲ့တော့ အယ်ဒီတာချုပ် မပယ်သရွေ့ ၊ စာမူခ ရတဲ့အချိန်အထိ ဆက်လက်ရေးပို့သွားပါမည်။ ကျေးဇူးပါ။

● အရောင်းအဝယ်
အမေရိကန်အရှေ့ ဘက်ခြမ်း ဒဲလ်ဝဲရား (Delaware) ပြည်နယ်၊ ဆဲလ်ဘီဗေလ် (Selbyville) မြို့ ရှိ မူကြိုနေ့ကလေးထိန်းကျောင်းမှာ အသက် (၄) နှစ်အရွယ် ဝိသာခါလေးက သူ့အတန်းဖော် သူငယ်ချင်းတွေကို သိကြားလုံးခဲလေးတွေပါတဲ့ ပလက်စတစ် အိတ်ကလေးတွေကို ဝေမျှလိုက်တယ်။ အသက် (၂) နှစ် (၅) နှစ်အောက် ကလေးတွေက သူတို့အတန်းဖော် ဝိသာခါလေး မျှဝေတဲ့ သိကြားလုံးလေးတွေကို ဘာလဲညာလဲကြည့်၊ ဖောက်ဖွင့်မစားခင်၊ ကလေးထိန်းစောင့်ရှောက်သူ တဦးက သတိထားမိပြီး အိတ်ကလေးတွေကို တောင်းယူကြည့်လိုက်တော့ သိကြားလုံးမဟုတ်တဲ့ အဖြူရောင် ဆေးခဲလေးတွေ ဖြစ်နေတယ်။ ကျောင်းတာဝန်ခံက သင်္ကာမကင်းဖြစ်တာနဲ့ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်တော့ ရဲတွေ ရောက်ရှိလာပြီး စစ်ဆေးတဲ့အခါမှာ အဲဒီ ဆေးဖြူခဲလေးတွေက ဘိန်ဖြူဆေးခဲတွေ ဖြစ်နေတယ်။ ကလေးကျောပိုးအိတ်ထဲကို ရှာဖွေလိုက်တဲ့အခါ စုစုပေါင်း (၂၄၉) ထုပ်ကို ရှာဖွေတွေ့ရှိတယ်။ ဖြစ်ပုံက ကလေးရဲ့  ကျောင်းကျောပိုးအိတ်ကို သူတို့အိမ်မှာ မွေးထားတဲ့ ခွေးကလေး ကိုက်ဖျက်ပစ်လို့ ပျက်စီးသွားခဲ့တာကို သူ့အမေက ရှိတဲ့ ကျောပိုးအိတ်တလုံးကို ကသုတ်ကရက် အစားထိုးပေးလိုက်တာတဲ့။ ဒါပေမဲ့ အဲဒီအိတ်ထဲမှာ သူ သိမ်းဝှက်ထားတဲ့ ဘိန်းထုပ်လေးတွေကို ထုတ်ယူထားဖို့ (ကောင်းနေလို့) မေ့သွားခဲ့တယ်။ ဒီလို အမေ့ကောင်းကြောင့် အသက် (၃၀) နှစ်အရွယ် မိခင် အရှလီ တူးလ် (Ashley Tull) ကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ကလေးငယ်များကို အန္တရာယ်ကျရောက်အောင် လုပ်ဆောင်မှု စတဲ့ ပြစ်မှုဆိုင်ရာများနဲ့ ဖမ်းဆီးလိုက်တယ်။ သူ့ကလေး (၃) ယောက်ကိုတော့ လောလောဆယ် ဆွေးမျိုးသားချင်းတွေက စောင့်ရှောက်ထားတယ်။ ဒီလို ပေါ့ပေါ့တန်တန်လုပ်ရင် အေရှားဝေါလ်မှာ အလုပ်ရဖို့ မလွယ်ဘူး။ သူတို့က သိပ်တိကျတာ။ ဒါကြောင့်လဲ ကြီးပွားတာကြည့်။ (သတင်း – ABC News)

● ရှာပုံတော် မင်းသမီးကြီး
အရှေ့ အလယ်ပိုင်းဒေသကနေ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ အိုင်စက် (ISIS) အစ္စလာမ် အစွန်းရောက် အကြမ်းဖက်အုပ်စုရဲ့  လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံသားတွေ လက်မခံကြသလို၊ အတော်လည်း စိုးရိမ်ကြတယ် မဟုတ်လား။ လျှော့တွက်လို့မရတဲ့ ISIS အုပ်စုက လူမှုကွန်ရက်တွေကနေ သူတို့အဖွဲ့နဲ့ ဆက်သွယ်ပူးပေါင်း တိုက်ပွဲဝင်ဖို့ ဝါဒဖြန့်လှုံဆော်နေတာကြောင့် တချို့  ရူးမိုက်မိုက် လူငယ်လူရွယ်တွေ အစ္စလာမ်စစ်သွေးကြွတွေနဲ့ ဆက်သွယ်ပူးပေါင်းကြတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ ဒါကြောင့် နိုင်ငံတကာ – အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ အထူးရဲတပ်ဖွဲ့၊ နိုင်ငံတော်လုံခြုံရေးအဖွဲ့တွေက အစွန်းရောက် အကြမ်းဖက်တွေရဲ့  လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေကြတယ်။ အိုင်စက် လှုပ်ရှားမှု၊ ဆက်သွယ်နေသူများအကြောင်း သတင်းပေးပို့ပါက ဆုငွေများ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတယ်။ ဒါကြောင့် တချို့ တွေ မိမိပတ်ဝန်းကျင်မှာ သင်္ကာမကင်းဖြစ်သူတွေ၊ လှုပ်ရှားမှုတွေကို သတင်းပို့ကြတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ကားဖောက်ထွင်မှုနဲ့ ဖမ်းမိထားတဲ့ ကာရို ရော့ခ်ျ (Carol Roche) ရဲ့  ဖြောင့်ချက်ကိုတော့ လက်မခံ။ အဖြစ်အပျက်က … အသက် (၄၁) နှစ်အရွယ် ကာရို ရော့ခ်ျ တစ်ယောက် မစ္စစီပီ (Mississippi) ပြည်နယ်၊ ဟာလေ (Hurley) မြို့  အထက်တန်းကျောင်းရှေ့ မှာ ရပ်ထားတဲ့ ကားတွေထဲက မျက်မှန်၊ အခြားတန်းဖိုးရှိတဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တယ်။ ဒီလို ခိုးယူနေတာကို ရဲက စောင့်ဖမ်းပြီး ခိုးထည်တွေနဲ့မိတော့ ရော့ခ်ျရဲ့  ဖြောင့်ချက်က သူ့အနေနဲ့ ကားတွေထဲမှာ ခိုကပ်ပုန်းနေတတ်တဲ့ အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း။ အဲဒီကားတွေထဲမှာ အစ္စလာမ်အစွန်းရောက်တွေ ခိုးအောင်နေမနေ သိရှိအောင် အခုလို ဖောက်ထွင်ရှာဖွေခြင်း ဖြစ်ကြောင်း ပြောဆိုတယ်။ ရဲတပ်ဖွဲ့က မစ္စရော့ခ်ျကို တာဝန်သိ လုပ်သားပြည်သူအဖြစ် အသိအမှတ်ပြု ဆုတံဆိပ်မပေးခင်၊ သူ့ရာဇဝင်နောက်ကြောင်းကို စစ်ဆေးလိုက်တော့ ကြမ်းကြမ်းတမ်းတမ်း ကားမောင်းမှု၊ လိမ်ညာမှုတွေနဲ့ အပြစ်ခံခဲ့ဖူးသူ ဖြစ်နေတော့ ဆုလာဘ်အစား လက်ထပ်ခတ်ရတာပေါ့။ အခုတော့ ပစ္စည်းခိုးမှု၊ လိမ်ညာမှုတွေနဲ့ မြို့ နယ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်။ နောက်တဆင့်က ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ဒဏ်ငွေ ဒေါ်လာတစ်သောင်း နဲ့ ထောင်ဒဏ် (၅) နှစ် ကျခံရဖို့ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ သူ့ဒီဇိုင်းက အိုင်စက်နဲ့ ပက်ပင်းတိုးရင်တော့ အိုင်စက်တွေ ဂန့်သွားနိုင်တယ်နော်။  (သတင်း – New York Daily News)

● သူနာပြုတဲ့လား
ငယ်ငယ်တုန်းက အပြောအဆိုကြမ်း၊ အဆူအဟောက်များတဲ့ အမျိုးသမီးတွေဆိုရင် ဆေးရုံကြီးက သူနာပြုဆရာမလား မသိဘူးလို့ ပြောခဲ့ကြတယ်နော်။ တကယ်တော့ ရွှေပြည်မှာ ဒီလို သူနာပြုမျိုး မရှိတာ အတော်ကံကောင်း။ အဖြစ်က အီတလီနိုင်ငံသူ အသက် (၄၂) နှစ်အရွယ် ဒန်နီရယ် ပို့ဂ်ဂီလီ (Daniela Poggiali) ဆိုသူကို မယ်မင်းကြီးမ အလုပ်နေရာ မှားနေသလားလို့ မေးရမလို့ ဖြစ်နေတယ်။ သူ့ကိုယ်သူ အီတလီ ဖက်စစ်အာဏာရှင် မူဆိုလိုနီရဲ့  သေမင်းတမန် (Death Squad) တပ်ဖွဲ့ဝင်များ ထင်နေသလားမသိ။ အီတလီမြောက်ပိုင်း ဆေးရုံမှာ လူနာအများအပြား ရုတ်တရက် သေဆုံးနေကြလို့ စုံစမ်းစစ်ဆေးလိုက်တဲ့အခါ သူများနာအောင်ပြုတဲ့ ဆရာမ ဒန်နီရယ် ပြုစုစောင့်ရှောက်ခဲ့တဲ့ လူနာတွေ ဖြစ်နေတယ်။ ဒါနဲ့ သံသယဖြစ်ပြီး စောင့်ကြည့်နေတုန်း ဒန်နီလာ နောက်ဆုံး စောင့်ရှောက်ခဲတဲ့ အသက် (၇၈) နှစ်အရွယ် လူနာ ရုတ်တရက် သေဆုံးသွားလို့ စစ်ဆေးလိုက်တော့ အလွန်ပြင်းအားမြင့်တဲ့ ပိုတက်စီယမ် ခလိုရိုက် (Potassium Chloride) ဓါတ်တွေကို သေဆုံးသူလူနာရဲ့  သွေးထဲမှာ တွေ့ရပြီး၊ နှလုံးသွေးကြောရပ် သေဆုံးသွားခဲ့ကြောင်း တွေ့ရတယ်။ အစောပိုင်း သူ စောင့်ရှောက်ကြည့်ရှုခဲ့တဲ့ လူနာ (၃၈) ယောက်လည်း အလားတူပုံစံမျိုး ကောက်ခါငင်ခါ သေဆုံးသွားခဲ့တာကြောင့် ဆေးမှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ အဲဒီလူနာတွေလည်း ပြင်းထန်တဲ့ ပိုတက်စီယမ် ခလိုရိုက် ဆေးသွင်းမှုကြောင့် နှလုံးသွေးကြောရပ် သေဆုံးသွားခဲ့ကြ တာကို တွေ့ရတယ်။ ဒီလိုဖြစ်ရတာက ဒန်နီရယ်တစ်ယောက် လူနာလူနာရှင်တွေနဲ့ အဆင်မပြေ၊ လူနာလူနာရှင်တွေကို အမြင်ကတ်တာ ကြောင့် ဒီလိုလုပ်တာ ဖြစ်မယ်လို့ ပြောဆိုကြတယ်။ ဘာလိုပဲဖြစ်ဖြစ် လောလောဆယ် အလုပ်ရွေးမှားခဲ့တဲ့ ဒန်နီရယ် ကို လူအမြောက်အမြား သတ်ဖြတ်မှုနဲ့ အရေးယူဖမ်းဆီးထားပြီး တရားရုံးတင် ဆက်လက်စစ်ဆေးဖို့ လုပ်ကိုင်နေကြတယ်။ ကဲ … ဘာမှမပြည့်စုံတဲ့ ရန်ကုန်ဆေး ရုံကြီးနဲ့ အစိုးရဆေးရုံတွေ ရောက်နေတဲ့လူနာတွေ ညစ်နေတဲ့ သူနာပြုတွေရဲ့  ဟောက်တာကို သည်းခံ။ စိတ်ပေါက်ပြီး ဒန်နီရယ်လို့ လုပ် လိုက်ရင်…။ (သတင်း – Independent, UK News)

● ဘာသာစကား
ဒီသတင်းလေး ဖတ်မိတော့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကျေးညီနောင် ပုံပြင်ကို သတိရမိတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ တိုးရန့် (Torrance) မြို့ မှာနေတဲ့ မစ္စတာ ဒါရန် ချစ်ခ် (Darren Chick) ရဲ့  ပျောက်နေခဲ့တဲ့ ကြက်တူရွေးလေး (၄) နှစ်အကြာမှာ သေကံမရောက် သူ့ဆီ ပြန်ရောက်လာခဲ့တယ်။ အဲ … ဒါပေမဲ့ မောင်ရွှေကျေး တစ်ကောင် အရင်က ကျွမ်းကျွမ်းကျင်ကျင် ပြောတဲ့ ဗြိတိသျှအသံထွက် အင်္ဂလိပ်စကားတော့ မပြောတတ်တော့ဘူး။ မောင်ရွှေကျေးက ပျောက်ဆုံးနေချိန် (၄) နှစ်လုံးလုံး ဘယ်ရောက်ဘယ်ပေါက် သွားနေခဲ့သလဲ မသိ။ အခု သူက တောင်အမေရိကတိုက် စပိန်ဘာသာစကား ပြောနေတယ်တဲ့။ သူကို တွေ့ရှိတဲ့ ခွေး အလှပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဇနီးမောင်နှံက … တစ်ရက်မှာ သူတို့ခြံထဲကို မောင်ရွှေကျေး ဆိုက်ရောက်လာပြီး စပိန်ဘာသာနဲ့ သူတို့ကို နှုတ်ဆက်၊ စကားတွေ တတွတ်တွက်ပြောလို့ သူလည်း လက်တင်စပိန်ဘာသာစကား ပြောတက်တာနဲ့ အပြန်အလှန် စကားပြောဆိုပြီး၊ မောင်ရွှေကျေးကိုယ်မှာရှိတဲ့ ကွန်ပြူတာ မက်ခရိုပြားလေးကြောင့် ပိုင်ရှင် မစ္စတာချစ်ခ်ကို ဆက်သွယ်ပြီး ပြန်ပို့ပေးလိုက်တယ်။ မူလပိုင်ရှင် မစ္စတာချစ်ခ် က မောင်ရွှေကျေးကို ပြန်ရလို့ အတော်လေး ဝမ်းသာနေပေမဲ့ အခုတော့ သူကို အချိန်ပေးပြီး အင်္ဂလိပ်စာ ပြန်သင်ပေးရမလား။ ဒါမှမဟုတ် သူအနေနဲ့ စပိန်ဘာသာစကား သင်ရမလားဆိုတာကို ဆုံးဖြတ်ရတော့မယ်။ စာရေးသူလည်း ဒီရွှေကျေးလို့ ဦးနှောက်မျိုးရှိရင် သိပ်ကောင်းမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ဆယ်နှစ်ဆယ်မိုး နေလာခဲ့ပေမဲ့ အခုထိ အမေရိကန်-အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် မပြောတက်၊ ရွှေစကားလည်း မေ့တေ့တေ့ဆိုတော့ အတော်ခက်လှတယ်။ လျှော့လျှော့ပေါ့ပေါ့ ပြောရင်တော့ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်တယ်။ (သတင်း – BBC News)


● ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
ပြီးခဲ့တဲ့ ရက်အတွင်း ဖတ်မိတဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ကို သဘောကျလို့ပါ။ ကဲ နားဆင်ကြ … အဲ ဖတ်ကြည့်ကြ။ မြို့ လေးတမြို့ မှာ အိုအောင်မင်းအောင် ပေါင်းသင်လာကြတဲ့ အသက် (၈၀) ကျော် အကြင်လင်မယား ရှိတယ်။ သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ရိုးမြေကျ ပေါင်းသင်းနေထိုင်လာတာ နှစ်ပေါင်း (၆၀) ကျော်လာခဲ့ပြီ။ သူတို့ နှစ်ဦးက ပြောစရာဆိုစရာရှိရင် မကွယ်မဝှက် ပွင့်ပွင့်လင်းလင်း ပြောဆိုကြတယ်။ ဘာမဆို မျှမျှတတ ဝေမျှသုံးစွဲကြတယ်။ သူတို့ကြားမှာ လျှို့ ဝှက်ထားချက် ဘာဆိုဘာမှ မရှိဆိုပေမဲ့ မိန်းမဖြစ်သူမှာတော့ လျှို့ ဝှက်ချက်လေး တစ်ခုရှိနေတယ်။ ဒါကိုလဲ မိန်းမလုပ်သူက ယောက်ျားဖြစ်သူကို အသိပေးပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့  အဝတ်ဗီရို အပေါ်အဆင့်မှာရှိတဲ့ ဖိနပ်ဘူးကို ဖွင့်မကြည့်ဖို့ နဲ့ သူကို ဘာလဲညာလဲ မမေးဖို့ ယောက်ျားကို သတိပေး၊ ကတိတောင်းတယ်။ ယောက်ျားဖြစ်သူကလည်း အေးပါဆိုပြီး၊ အဲဒီ ဖိနပ်ဘူးအကြောင်းကို သတိမရ၊ မစဉ်းစား၊ တခါမှ မမေးခဲ့ဘူး။

ဒီလိုနဲ့ ရာသီအလီလီပြောင်း နှစ်လတွေကြာလာတော့ တစ်နေ့မှာ မိန်းမဖြစ်သူ နေမကောင်း ဖြစ်တော့တယ်။ ကျန်းမာရေးအခြေအနေက ဆိုးလာပြီး၊ ပြန်ကောင်းလာဖို့ အခြေအနေ မရှိဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါနဲ့ သူတို့နှစ်ယောက် ဝမ်းနည်းစွာနဲ့ သူတို့ရဲ့  ရှည်လျားတဲ့ အကြင်လင်မယားဘဝကို စားမြုံ့ ပြန်ကြရင် မိန်းမဖြစ်သူက … အချိန်တန်ပါပြီ တသက်လုံး ယောက်ျားကို ပေးမထိ၊ မသိစေချင်တဲ့ ဖိနပ်ဘူးကို ယူပေးဖို့ ပြောတယ်။ ယောက်ျားက ဖိနပ်ဘူးလေးကို တယုတယယူလာပြီး ညင်ညင်သာသာ သူ့မိန်းမဘေးနား ချပေးလိုက်တယ်။ မိန်းမဖြစ်သူက ဒီလို နောက်ဆုံးအခြေအနေမှာ ဖိနပ်ဘူးထဲက သူ့လျှို့ ဝှက်ချက်တွေကို ယောက်ျား သိသင့်ပြီလို့ ဆုံးဖြတ်လိုက်တာကြောင့် ယောက်ျားဖြစ်သူကို ဘူးအဖုံးကို ဖွင့်ကြည့်လိုက်ဖို့ ပြောလိုက်တယ်။ ဘူးအဖုံးကို ဖွင့်လိုက်တော့ ယောက်ျားဖြစ်သူ တအံ့တသြ တွေ့လိုက်ရတာက သပ်သပ်ရပ်ရပ်၊ လှလှပပ ထိုးထားတဲ့ လက်ချည်ထိုး အရုပ်ကလေး (၂) ရုပ် နဲ့ ငွေစက္ကူ ဒေါ်လာ ၉၅၀၀၀ ဖြစ်တယ်။

မိန်းမရဲ့  လျို့ ဝှက်ထားတဲ့ ရည်ရွယ်ချက်ကို နားမလည်းတဲ့ ယောက်ျားလုပ်သူက ဘာအဓိပ္ပါယ်လဲလို့ ရှင်းပါအုံးဆိုတော့။ မိန်းမ က “ကျမတို့ မင်္ဂလာဆောင်ကြတုန်းက ကျွန်မအဖွားက ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ  လင်နဲ့မယား လျှာနဲ့သွားဆိုသလို ဘာမှမဟုတ်တဲ့ အရေးကိစ္စတွေကို တကျက်ကျက်ဖြစ်၊ ကွိစိကွစိ စိတ်ဆိုး၊ ငြင်းခုံရန်မဖြစ်ကြဖို့။ အကယ်၍ ယောက်ျားကို ဒေါသဖြစ်၊ စိတ်ဆိုးခဲ့ရင် ဘာမှ ရန်တွေ့ပြောမနေဘဲ စိတ်ပြေလက်ပျောက် ဒီလို အရုပ်တရုပ် ရအောင် ချည်ထိုးလို့ ဆုံးမခဲ့တယ်။” မိန်းမရဲ့  အပြောကိုကြားပြီး ယောက်ျားဖြစ်သူ အတော်လေး ဝမ်းနည်းဝမ်းသာဖြစ်ကာ မျက်ရည်များ တဖွဲဖွဲကျလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိနပ်ဘူးထဲမှာ အရုပ်နှစ်ရုပ်ပဲ ရှိတယ်ဆိုတော့၊ သူတို့နှစ်ယောက်ရဲ့  နှစ်ပေါင်း (၆၀) ကျော် အိမ်ထောင်သက်မှာ မိန်းမဖြစ်သူ သူ့ကို စိတ်ဆိုးစိတ်ကောက်တာ နှစ်ကြိမ်နှစ်ခါပေါ့။ အတော်လေးကို ကျေနပ်ပျော်ရွှင်သွားတဲ့ ယောက်ျားဖြစ်သူက “ကောင်းပါပြီ … ချစ်သက်ထားရယ် … အရုပ်ကိစ္စတော့ ရှင်းသွားနားလည်ပါပြီ။ ဒါနဲ့ ပိုက်ဆံတွေကရော။ ဘယ်ကဘယ်လို ရသလဲ … ရှင်းပါအုံး” ဆိုတော့ မိန်းမဖြစ်သူက “အို … ရှင်ကလဲ ဒီပိုက်ဆံတွေက အရုပ်တွေရောင်းလို့ ရတာပေါ့” လို့ လေသံတိုတိုလေးနဲ့ ပြန်ဖြေလိုက်တယ်။ (The Idealist အင်တာနက် စာမျက်နှာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts