Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – လူ့ဘောင်သစ်ပါတီ ၂၆နှစ်ပြည့် ရန်ကုန်မှာ အခမ်းအနားကျင်းပ

 
ဟန်သစ်နိုင် – လူ့ဘောင်သစ်ပါတီ ၂၆နှစ်ပြည့် ရန်ကုန်မှာ အခမ်းအနားကျင်းပ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂၆နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ ဓမ္မပိယကျောင်းတိုင်တွင် အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်သည်။
ဦးစိုးညွှန့်လွင် (အထွေထွေအတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ကိုဂျင်မီ (ပါတီ၏ ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)၊ ကိုကျော်ကိုကို (ဥက္ကဌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)၊ ဒေါက်တာရန်မျိုးသိန်း (နိုင်ငံရေးလေ့လာသုံးသပ်တင်ပြသူ၊ ဒေါ်ခင်ဆွေဦး (မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ)၊ ဦးလှရွှေ (အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့တိုးတက်ရေးပါတီ) တို့က ယနေ့ကာလ နိုင်ငံရေးတာဝန်များခေါင်းစဉ်ဖြင့် မိမိတို့၏သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့သည်။

 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (လက်ရှိ) ဥက္ကဌ ဦးအောင်မိုးဇော်က ပါတီ၏ အမြင်သဘောထားကိုပြောပြရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ခုနှစ် နောက်ပိုင်းတွင် ပျက်ပြယ်ခဲ့ပြီး ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလတွင် နယ်စပ်ဒေသအခြေစိုက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုအစိုးရ ထိတွေ့ခွင့်ရရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်ဇန်နဝါရီလတွင် လူ့ဘောင်သစ်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မြန်မာနိုင်ငံသို့ လေ့လာခွင့်ပြုခဲ့ကြောင်း၊၂၀၁၃ ဇွန်အထိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ၆ ကြိမ်တိုင်တိုင်တွေ့ခဲ့ကြောင်း၊ သမ္မတထံသို့ နှစ်ကြိမ်တိုင်တိုင် ပါတီသဘောထားများကိုတင်ပြခဲ့ကြောင်း၊ ၂၀၁၃ ဇွန်တွင် နိုင်ငံတော်သမ္မတရုံးမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာပြည်သို့ပြန်လာခွင့်ပြုပြီး နိုင်ငံရေးပါတီတရပ်အနေနှင့် တိုင်းပြည်အတွင်းလှုပ်ရှားခွင့်ပြုကြောင်း၊ ပြည်တွင်းမှ ပါတီရဲဘော်များနှင့် ဆွေးနွေးတိုင်ပင်ပြီး တည်ဆဲဥပဒေအရ တရားဝင်မှတ်ပုံတင်ရရှိအောင်လုပ်ဆောင်နေခြင်း၊ လူထုအတွင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ဆောက်နိုင်ခဲ့ခြင်း၊    အသွင်ကူးပြောင်းရေးနှင့်ပတ်သက်ပြီး ပညာရှင်တွေ  တတ်ကျွမ်းသူတွေသည် စေတနာမှန်ကန်သင့်ပြီး အတိုက်ခံဒီမိုကရက်တစ်အင်အားစုများက ညီညီညွှတ်ညွှတ် စုစုစည်းစည် ရုန်းကန်လှုပ်ရှားကြမည်ဆိုလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မြန်မြန်ရောက်နိုင်ကြောင်းများပြောသည်။

 

 

ဆက်လက်ပြီး “ကျနော်တို့နိုင်ငံရေးအင်အားစုတွေမှာ ဘုံတူညီတဲ့ရည်မှန်းချက်တွေ ရှိဖို့လိုတယ် ပန်းတိုင်တွေရှိဖို့လို့တယ်” ဟုပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts