Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – ၉၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ်နှင့် ၅၁ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲ ကျင်းပ

ရန်နောင်(ဗိုလ်တထောင်) – ၉၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ်နှင့် ၅၁ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲ ကျင်းပ

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

(၉၄)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်နှင့် (၅၁) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ရန်ကုန်မြို့  အမှတ်(၁၀) ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်  ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်(၉) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာသော ပြန်ကြားရေးဒုတိယဝန်ကြီး ဦးပိုက်ထွေး နှင့် တာဝန်ရှိသူများ ၊ရုပ်ရှင် အဆင့်မြှင့်တင်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ရုပ်ရှင်အနုပညာရှင်များက  မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမုဒ်ဦး ဝတွင်နေရာယူကြပြီး ဒုဝန်ကြီး နှင့်အတူ ရုပ်ရှငိအနုပညာရှင်စည်သူဒေါက်တာဘွဲ့ရ ဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းတို့က မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် နှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားမှူး ဦးရန်ပိုင်စိုးမှ သက်ကြီးပညာရှင်များပူဇော်ပွဲ ကျင်းပရာနေရာသို့ ရွှေ့ပြောင်းနေရာယူပေးပါရန်ကြေငြာပေးခဲ့ပါသည်။

 

ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဦးရန်ပိုင်စိုးက ပင် အခမ်းအနားမှူး အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ရုပ်ရှင်သက်ကြီးပညာရှင်များအား ပူဇော်ကန်တော့ခြင်းကို ပြုလုပ်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဒုဝန်ကြီး နှင့်တာဝန်ရှိသူများက ရှေ့ဆုံးတန်းရှိ သက်ကြီးအနုပညာရှင်များအား ပူဇော်ကန်တော့ငွေ နှင့်  လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခြဲ့ပီးနောက် ဆက်လက်ပြီး အခြားသက်ကြီးပညာရှင်များအား အနုပညာရှင်များက ဆက်လက်ပေးအပ်လှူဒါန်းခဲ့သည်။

ဦးဝင်းဖေ

 

ဦးမိုးသူ

 

အပူဇော်ခံ သက်ကြီးပညာရှင်များကိုယ်စား သက်ကြီးပညာရှင် စည်သူဒေါက်တာဘွဲ့ရ ဆရာကြီးဗိုလ်ကလေးတင့်အောင်မှ ဆုပေးသြဝါဒ စကားပြောကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်ထုတ်လုပ်ရေးများ၊ ရုပ်ရှင်အနုပညာရှင်များ ၊ ရုပ်ရှင်ရုံလုပ်ငန်းပိုင်ရှင်များ ကတည်ခင်းထားသည့်နိဗ္ဗာန်ဈေးပွဲတော်သို့  အနုပညာရှင်ပေါင်းများစွာ ပါဝင်ဆင်နွှဲရင်း အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့သည်။

 

ဦးထွန်းထွန်းဝင်း

 

ညွန့်ဝင်း

 

မေသန်းနု
(၅၁) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲတွင် ရုပ်ရှင်သက်ကြီးအနုပညာရှင် (၁၅၀) ပါဝင်ကန်တော့ခံခဲ့ကြသည်။ ရုပ်ရှင်လောကတွင် သက်တမ်း (၃၇)နှစ် ရှိရမည်ဖြစ်ပြီး အသက်အရွယ် (၇၀ ) မှစ၍ ကန်တော့ခံ စာရင်းဝင် ဖြစ်သည်။ ယခုနှစ်တွင် သက်ကြီးအနုပညာရှင်များအား ငွေသား တသိန်း စီ နှင့် လှူဖွယ်ပစ္စည်းများအား ပလပ်စတစ်သေတ္တာပုံးကြီး တစ်ပုံးအပြည့် ကန်တော့ခဲ့ကြသည်။ အနုပညာရှင်များနှင့် ထုတ်လုပ်သူများက လာရောက်လှူဒါန်းသော နိဗ္ဗာန်ဈေးတန်းမှာလည်း ဒန်ပေါက်၊ ခေါက်ဆွဲကြော်၊ကြာဆံကြော်၊ ကြက်သားပလာတာ၊ ဆူရှီ၊ ကော်ဖီ၊ အအေးဗူးများ၊ မုန့်မျိုးစုံ ၊ရေခဲမုန့် ၊ ရေခဲချောင်း အစရှိသဖြင့် အစားအသောက်မျိုးစုံ စုံလင်လှသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို အစားအသောက်များအား တန်းစီတိုးဝှေ့ကာ လာရောက် အလှူခံကြသော လူများကလည်း ပျော်တပြုံးပြုံး၊ ပေးသူများကလည်း ပျော်တပြုံးပြုံးနှင့် အထူးပင် စည်ကားနေသည်မှာလည်း ပွဲတော်ကြီးတစ်ခု ပမာ မြင်တွေ့ခဲ့ရသည်။ ရုပ်ရှင်လောကသားများ အထူးပျော်ရွှင်ခဲ့သော နေ့တနေ့ ဖြစ်ခဲ့သည်။

 

 

နိဗ္ဗာန်ဈေး

 

ဦးစံမတူ၊ အရိုင်း
အကန်တော့ခံ သက်ကြီးအနုပညာရှင်များထဲမှ ဒါရိုက်တာ ဦးဝင်းဖေ မှလည်း ယခုကဲ့သို့ အမှတ်တရ စကားပြောကြားခဲ့ပါသည်။ “အခုအကြိမ်နဲ့ဆို ဒီပွဲကို တက်တာ နှစ်နှစ်ရှိပြီကွ၊ ဒါက မြန်မာ့ဓလေ့ပဲလေ။ ဂုဏ်ယူစရာပေါ့၊ အသက်ကြီးတဲ့သူကို ကန်တော့တာ မင်္ဂလာတစ်ပါးပေါ့ကွာ” ဟု ပြောပြခဲ့ပါသည်။
အကန်တော့ခံသက်ကြီးပညာရှင် အကယ်ဒမီဒေါ်မြင့်မြင့်ခင်မှလည်း “အမေတို့ကိုအခုလို နှစ်စဉ်ကန်တော့ကြတာ အင်မတန့်ကို ဝမ်းသာစရာကောင်းတာပေါ့နော်၊ ဒီနေ့မှာ မတွေ့ဆုံရတာ ကြာတဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်ဆုံရတယ်၊ မျိုးဆက်သစ် အနုပညာရှင်လေးတွေနဲ့ စကားလက်ဆုံကျရတယ် ဆိုတော့ တော်တော် ဝမ်းမြောက်မိပါတယ်။ ဒီလိုပွဲမျိုးကို ကျန်းမာရေးကောင်းမှလည်း လာနိုင်မှာလေ။ ရုပ်ရှင်နေ့မှာ ရုပ်ရှင်လောကသားတွေ တွေ့ရတာ မင်္ဂလာတစ်ပါးပါပဲကွယ်” ဟု ပြောပြခဲ့ပြန်ပါသည်။
ဒေစီကျော်ဝင်း
ဇော်မှိုင်း

 

တကယ်ပင် ရုပ်ရှင်လောကသားအချင်းချင်း ပြန်လည် တွေ့ဆုံသည့်အခါ ငယ်ငယ်က အကြောင်းများ ပြန်လည် ပြောကြရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးဖြစ်နေသည်ကို တွေ့ရသည့်ပွဲတော်တခု ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts