ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ပြည်တွင်းပြည်ပ လူမှုရေးကွန်ယက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
အောက်တိုဘာ ၂၉၊ ၂၀၁၃

ဒီကနေ့ မှတ်မှတ်ရရ အောက်တိုဘာ (၂၃) ရက်နေ့ပါ။ အောက်တိုဘာ (၂၃) ရက်နေ့ကို သတိတရ ရှိနေကြသူတွေဟာ ဒီကနေ့မှာ ဘဝအတွက် သတိရစရာ၊ အမှတ်ရစရာတွေ ရှိနေတဲ့ သူတွေဘဲ ဖြစ်ပါ လိမ့်မယ်။ ဒီနေ့လေးကို သတိရနေသူတွေထဲမှာ ဝမ်းသာစရာ၊ ပျော်ရွှင်စရာအတိနဲ့ သတိရနေကြသူတွေ ရှိသလို ဝမ်းနည်းပူဆွေးစရာတွေ အပြည့်နဲ့ ပြည့်နှက်နေတဲ့ သူတွေလည်းရှိပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ဝမ်းနည်းပူဆွေး ကြေကွဲမျက်ရည်သန်းနေတဲ့ မိသားစုတစ်စုမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ နောက်အပေါက်တွင်ရပ်ထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) တံဆိပ်နှင့် စာတန်းပါ နိဗ္ဗာန်ယာဉ် နဲ့အတူ တစ်နေရာသို့ စူးစိုက်မျှော်ငေးနေကြသည်။ လေဆိပ်ဆိုက်ရောက် (Arrival) အဝင်ဝတွင် နိုင်ငံရပ် ခြားမှ ပြန်လာမည့် မိသားစုဝင်များကြိုဆိုရင်း ပျော်မြူးနေကြသော မိသားစုဝင်များ၏ ခံစားမှုများခြင်းတော့ ကွာခြားနေကြပေမည်။ ဆိုက်ရောက်လာမည့် လေယာဉ်ခြင်းအတူတူ အချိန်ခြင်းအတူတူ ဖြစ်နေပေမယ့် ရောက်ရှိလာပုံခြင်း မတူသည့် မလေးရှားနိုင်ငံမှ သားငယ်အား လာရောက်ကြိုဆိုနေကြသော မိသားစုဝင် များ၏ ကြေကွဲဖွယ်ရာမြင်ကွင်းများ ကိုယ်ချင်းစာမိပါ၏။ သိပ်မကြာမည် ကုန်ပစ္စည်းတင်သော ဆွဲလာသော မော်တော်ယာဉ်ငယ်လေးနဲ့အတူ အခေါင်းသေတ္တာ ရှည်မျောမျောလေးအား မိသားစုဝင်များ မြင်တွေ့ချိန် မှာတော့ ကြိတ်မနိုင် ခဲမရ မြိုသိပ်ခဲ့သမျှတွေ မျက်ရည်တွေအဖြစ်နဲ့ ပွင့်အန်ကျခဲ့ရပါတော့သည်။

၁၅.၁ဝ.၂ဝ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ဆာလာရန်း ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သော မောင်ပိုင်ဖြိုးသူ (ခ) အီကို အသက် (၂၂) နှစ်၏ သက်မဲ့ရုပ်ခန္ဓာအား ကပုန်း (၇) ရက်သားသမီး နာရေး ကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ အကူအညီတောင်းခံမှုကြောင့်  ကွယ်လွန်သူ၏ နေရပ် မြန်မာပြည်၊ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ခနောင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးရန် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သူ၏ မိသားစုဝင်နှင့်အတူ ရန်ကုန်လေဆိပ်မှ နေရပ်သို့ သယ်ယူ ပို့ဆောင်ပေးခဲ့သည်။ ထိုနောက် ခနောင်ကျေးရွာသို့ရောက်ရှိခဲ့ပြီး မိသားစုဝင်နှင့် တွေ့ဆုံခဲ့ပြီး အားပေး စကားပြောကြားရင်း မိဘများမှ သားဖြစ်သူ မောင်ပိုင်ဖြိုးသူ၏အကြောင်းအား ပြန်လည်ပြောပြ၍ နား ထောင်ခဲ့ရသည်။ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုလေးတစ်ခုအား ခံစားခဲ့ရသည်။ မောင်ပိုင်ဖြိုးသူသည် လွန်ခဲ့ သော (၂) နှစ်တွင် မလေးရှားနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့သည့် နေ့ရက်သည် ယနေ့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော အောက်တိုဘာလ (၂၃) ရက်နေ့ပင် ဖြစ်သည်ဟု သိရှိခဲ့ရ သည်။ မှန်ပါသည်။ လွန်ခဲ့သော (၂) နှစ် ဒီနေ့ဒီအချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာတွင် မိခင်နှင့် မိသားစုဝင်များ ဝမ်းသာမျက်ရည် ရစ်ဝဲ၍ ကျန်ခဲ့ရသည်မှာ ဒီကနေ့ (၂) နှစ်ကြာပြီ။ မိခင်နှင့် မိသားစုဝင် များ ဝမ်းနည်းကြေကွဲ မျက်ရည်ဆို့၍ ကြိုဆိုခဲ့ရသည့် သား မောင်ပိုင်ဖြိုးသူ (ခ) အီကို အမိမြေသို့ သက်မဲ့ ခန္ဓာအဖြစ် ပြန်လည်ရောက်ရှိလာသည့် နေ့ရက်သည် ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဖြစ်သည် ဟု မိခင်မှ ကြေကွဲဝမ်းနည်းစွာဖြင့် ပြန်လည်ပြောပြခဲ့တော့သည်။ ထို့နောက် မိသားစုဝင်များမှ သား မောင် ပိုင်ဖြိုးသူ (ခ) အီကို အားရည်စူး၍ သူ၏လုပ်အားခ ချွေးနည်းစာထဲမှ ၅ဝဝဝဝိ/- (ငါးသောင်းကျပ်) တိတိ အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ကျွန်တော်တို့၏ စိတ်ထဲ၌ ကြေကွဲဝမ်းနည်း စိတ် မကောင်းကြီးစွာဖြင့် ခနောင်ရွာလေးမှ အတွေးကိုယ်စီဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ စိတ်ထဲတွင်လည်း ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဟာ ဒီမိသားစုလေး၏ ဘဝတွင် ဘယ်သောအခါမှမေ့၍ ရတော့ မည်မဟုတ်ဘဲ နှစ်စဉ်အောက်တိုဘာလ (၂၃) ရက်နေ့ရောက်တိုင်း ဝမ်းသာမျက်ရည်ဝဲခဲ့ရသောအချိန်နှင့် ကြေကွဲဝမ်းနည်းရသောအချိန်နှစ်ခုအား တမ်းတရင်း သတိတရ ရှိနေဦးမည်ဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်ပသို့ ရောက်ရှိနေကြသော အမိမြန်မာနိုင်ငံသားများ သည် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့၍ အမိမြန်မာပြည်သို့ သယ်ဆောင်လိုလျှင် အသင်းမှနိဗ္ဗာန်ယာဉ်များဖြင့် လေဆိပ်မှ သက်ဆိုင်ရာဆေးရုံ (သို့) အအေးခန်း (သို့) နေရပ်သို့ ပို့ဆောင် ပေးဆပ်ခဲ့ပြီဖြစ်သည်။ ကွယ်လွန်သူသည် ရပ်ဝေး/ရပ်နီးများအားလည်း ဒေသခံ လူမှုရေး အသင်းအဖွဲ့ များနှင့်ချိတ်ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျှက်ရှိသည်။ နောင် တွင်လည်း ဆက်လက်၍ ယခုကဲ့သို့ ပို့ဆောင်ပေးဆပ် ကူညီပေးနေဦးမည် ဖြစ်ပါတော့သည်။

ပြည်သူ/သားအားလုံး ဘေးရန်ကင်းရှင်း ကျန်းမာခြင်းဖြင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts