ဆောင်းယွန်းလ

ဆောင်းယွန်းလ – အမ်မရာကို လွမ်းလို့ဖွဲ့တဲ့ကဗျာ

အမ်မရာကို လွမ်းလို့ဖွဲ့တဲ့ကဗျာ
ဆောင်းယွန်းလ
အောက်တိုဘာ ၂၉၊ ၂၀၁၃


တယောက်တည်း “နေ” ကိုထိုင်ကြည့်ရင်း
“လ”ထွက်လာမလားလို့
စောင့်မျှော်နေထိုင်လာခဲ့ရတဲ့ အောက်တိုဘာဟာ
နိုဝင်ဘာကိုမကူးမချင်းထိတော့ အောက်တိုဘာပါပဲ…
အောက်တိုဘာဖြစ်စေ နိုဝင်ဘာဖြစ်ဖြစ်
ငါ့အထီးတည်း ကမ္ဘာမှာ
နေတပွင့်မှ မပွင့်ခဲ့သေးသလို
ငါ့ကဗျာတွေလည်း လနဲ့အကြောင်းမသင့်ခဲ့ရသေးဘူး….
ဒီညလည်း
ကြယ်တွေမစုံမှန်းသိရက်နဲ့
“ကြယ်တွေစုံတဲ့ ည”သီချင်းကို
သျှပ်မှုးကျော် ချစ်ခြင်းအားဖြင့် နားစွင့်မိခဲ့ပြန်ပေါ့….
ပထမကမ္ဘာနဲ့ တတိယကမ္ဘာကြားက
နာဖျားခဲ့ဖူးတဲ့ ဒုတိယရွာလေးအကြောင်းကို
နာနာကျင်ကျင်ဦးနှောက်နဲ့ စဉ်းစားမိတဲ့အခါတိုင်း
ရင်ထဲမှာ နိုဝင်ဘာပန်းရိုင်းတပွင့်ပွင့်ခဲ့ပါတယ် “အမ်မရာ”….
ကောင်မလေးရေ..
ဒုတိယရွာမှာ ငါတို့ စိုက်ခဲ့သမျှတွေအတွက်
ပွင့်လင်းရာသီရောက်ခဲ့တဲ့ တနေ့ကျရင်တော့
နင်နဲ့ငါ…ပထမကမ္ဘာမှာ ပြန်ဆုံကြတာပေါ့နော်…
လောလောဆယ်မှာတော့
နေရောင်အတုအောက်က
ညစ်ညမ်းတဲ့ လေအမှောင်ထုထဲမှာ
နင်…ဘယ်ကားစီးပြီး ဘယ်ခရီးနဲ့ပဲပျော်ပျော်
ငါ..နင့်ကို..နာကျင်ခံခက် မမေ့ရက်တဲ့အလွမ်းတွေနဲ့

ခွင့်လွှတ်ထားလိုက်ပါ့မယ် ……………“အမ်မရာ”…။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts