International News

အနောက်က ရော်ဘဲ၏ ပြန်စာ – အမျိုးသားလုံခြုံရေး ထိပ်တန်းဦးစားပေးတဲ့ ခေတ်၊ ထောက်လှမ်းရေးခြေလှမ်းများ

အနောက်က ရော်ဘဲ၏ ပြန်စာ – အမျိုးသားလုံခြုံရေး ထိပ်တန်းဦးစားပေးတဲ့ ခေတ်၊ ထောက်လှမ်းရေးခြေလှမ်းများ
နိုင်ငံတကာသာဂိ၊ အောက်တိုဘာ ၂၉၊ ၂၀၁၃
အရှေ့အရပ်က ရဲဘော်ဆောင်းလူက အမေရိကန်ပြည် ထောက်လှမ်းရေးရဲ့ အရှုပ်တော်ပုံတွေ ဗူးပေါ်ကုန်တာကို လှမ်းပြီး စာရေးလိုက်တယ်။ ဒီမိုကရေစီကို ဖင်ခုထိုင်ထားတဲ့ ခင်ဗျားတို့တတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ခင်ဗျားတို့ ခံလိုက်ရပြီ ဆိုပြီးတော့။ ဟုတ်တယ်။ အခုဆိုရင် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတခုဖြစ်တဲ့ NSA (National Security Agency) က ကိုယ့်တိုင်းပြည်ကလူတွေကို ခိုးဝှက် နားထောင်၊ ထောက်လှမ်းနေရုံတင်မဟုတ်ဘူး၊ ပြည်ပက အရပ်လေးမျက်နှာက (နိုင်ငံပေါင်း ၃၅ ကျော်)က လူတွေရဲ့ ပြောဆို ရေးသား နေတာတွေကို ခိုးယူ ထောက်လှမ်းနေတယ် တဲ့။ အခုဆိုရင် ပြည်ပခေါင်းဆောင်တွေရဲ့ တယ်လီဖုံးတွေ အီးမေးတွေကိုပါ ခိုးထောက်လှမ်းနေတယ်ဆိုပြီး ပြောဆို စွပ်စွဲခံလိုက်ရပြီ။
သက္ကရာဇ် ၂၀၀၁၊ စက်တင်ဘာ၊ ၁၁ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေက အမေရိကန်မြေပေါ်မှာ လေယျာဉ်တွေ အပိုင်စီးပြီး တိုက်ခိုက်ကျုးကျော်လိုက်ကတည်းက အမေရိကန်က Patriot Act ဆိုတဲ့ အရေးပေါ် မျိုးစောင့်ဥပဒေကို (၂၀၀၁၊ အောက်တိုဘာ) ထုတ်ပြန်ပြီး အကြမ်းဖက်မှုကို ကာကွယ်ဖို့ အရေးပေါ် အာဏာသုံးခွင့်ကို ထောက်လှမ်းရေးသမားတွေ၊ လုံခြုံရေးသမားတွေကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်။ နိုင်ငံတော်အတွက် အရေးပေါ်လိုအပ်ရင် လူတွေ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ ထောက်လှမ်းခွင့်၊ ရှာဖွေခွင့်၊ ဖမ်းဆီး ထိန်းသိမ်းခွင့်တွေအထိ ပါတယ်။ အဲသည်နောက်မှာ (FISA – Foreign Intelligence Surveillance Act – Amendments Act 2008) ဆိုပြီးတော့ ပြည်ပနိုင်ငံများအပေါ် ထောက်လှမ်းရေး လုပ်ပိုင်ခွင့် ပြင်ဆင်ပြဌာန်းချက်ဆိုတာကိုလည်း ချမှတ်ခဲ့ပြန်တယ်။ ဒါက ၁၉၇၈က ဥပဒေကို ထပ်မံပြင်ဆင် ပြဌာန်း အတည်ပြုလိုက်တာပါ။ အဲသည်မှာ ပြည်ပကို ထောက်လှမ်းရေးလုပ်တာကို ကန့်သတ်တယ် ဆိုပေမယ့် တဖက်က ပြည်ပထောက်လှမ်းရေးလုပ်ချင်ရင် လွှတ်တော် သို့မဟုတ် လွှတ်တော်က သဘောတူတဲ့ FISA Court က သဘောတူညီချက်ယူပြီ လုပ်ရမယ်လို့ ဆိုလိုတာပါ။ အဲသည်တော့လည်း ထောက်လှမ်းရေးတွေက အရေးပေါ်လို့ပါဆိုပြီး ပြည်ပနိုင်ငံတွေကို ထောက်လှမ်းဖို့ FISA ရဲ့ အထူးတရားရုံးကို အသုံးချပြီး အစွမ်းကုန် ထောက်လှမ်းရေး လုပ်ကိုင်ခွင့် ရကုန်တယ် ဆိုပါတယ်။
 
ဒါတွေက ဘယ်တော့မှ လူတွေဆီကို သက်သေအထောက်အထားနဲ့ ပေါ်လာသလဲဆိုတော့ ပထမအဆင့်ကတော့ Wiki Leak လှုပ်ရှားမှုကြီးကနေ အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေ လူထုဆီကို ဖွင့်ချလာခဲ့သည်ကနေ စပါတယ်။ ၂၀၁၀ကနေပြီး လူထုရဲ့ နိုးကြားမှုကို ရယူနိုင်ခဲ့ရာက ၂၀၁၂ မှာ ၀ီကီလိခ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျူလီယာအဆန်ကို အမေရိကန်က ဗြိတိန်မှာ ချောင်ပိတ်ဖမ်းဖို့ ကြိုးစားရာက ပိုပြီး ထင်ရှားသိသာလာခဲ့ပါတယ်။
၂၀၁၃ မေလ မှာတော့ NSA ရဲ့ တိုက်ရိုက် ထောက်လှမ်းရေးအစီရင်ခံစာတွေကို သူတို့ဆီက ကန်ထရိုက်အိုင်တီသမား အက်ဒ၀ဒ် စနိုးဒင်က ပြည်ပကို ထွက်ပြေးပြီး ဖော်ထုတ် ဖောက်ချလိုက်တဲ့ဆီမှာ အရှိန်မြင့်လာခဲ့ပြီးတော့ အဲသည်မှာတင် အမေရိကန်ဟာ ကိုယ့်တိုင်းပြည်က လူတွေရဲ့ အီးမေးတွေ၊ ဖုံးတွေကို တရားရုံးခွင့်ပြုချက် ၀ရမ်းမပါဘဲ စိတ်တိုင်းချ ခိုးယူ ထောက်လှမ်းနေတယ်ဆိုတာ တရားဝင်အထောက်အထားတွေနဲ့ သိရှိကုန်ကြပါတော့တယ်။ နောက်ပြီး သူတို့လိုချင်တဲ့ ၀ရမ်း (Warrant) ဆိုတာကို FISA ခုံရုံးကနေ အကန့်အသတ်မရှိ ချပေးနေတယ်၊ ခွင့်ပြုနေတယ်၊ စိစစ်ခြင်း မရှိဘူး ဆိုတာ သိလိုက်ရတော့ လူတွေက ပိုပြီး အမျက်ထွက်ကုန်ပါတယ်။
စစချင်း လူထုက သိတာက သူတို့ အများသုံးကြတဲ့ Google, Yahoo, Facebook က ပုဂ္ဂလိကအချက်အလက်တွေ ကိုယ်ရေးကိုယ်တာတွေကို အမေရိကန်ထောက်လှမ်းရေးက အကုန်လုံး ဖမ်းယူနားထောင် မှတ်သားနိုင်တဲ့ နည်းပညာ၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့် ရှိနေတယ်ဆိုတာကို သိသွားကြတာ ဖြစ်ပါတယ်။ ဖုံးနဲ့ ပြောဆို ဆက်သွယ်နေတာတွေကိုလည်း အချိန်မရွေး ဖမ်းယူ ထောက်လှမ်းနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း သူတို့ အထောက်အထားနဲ့ သိရှိကုန်ကြတာ ဖြစ်ပါတယ်။ အဲသည်မှာ အမေရိကန်အစိုးရကနေပြီးတော့ သူတို့တွေက အသေးစိတ်ကို ထောက်လှမ်းနေတာ မဟုတ်ဘူး။ အပေါ်ယံ Metta လို့ ခေါ်တဲ့ အဓိကခြိမ်းခြောက်တဲ့ စကားလုံးတွေ၊ အမှတ်အသားတွေကို ထောက်လှမ်းတာ ဖြစ်တယ်။ အဲသည် ပဏမအဆင့် ထောက်လှမ်းတာကို စိုးရိမ်စရာ မလိုဘူးလို့ ကာကွယ်ပြောဆိုပါတယ်။
ကဲ … အဲသည်ကနေ သိပ်မကြာခင် ၂၀၁၃ သြဂုတ်၊ စက်တင်ဘာက စတင်ပြီးတော့ စနိုးဒင်းဆီက ဆက်လက် ပေါက်ကြားလာတာက .. ပြည်ပနိုင်ငံတွေက ခေါင်းဆောင်တွေ၊ အစိုးရတွေရဲ့ အီးမေးတွေ၊ ဖုံးတွေကလည်း နားထောင် ထောက်လှမ်းနေတယ်ဆိုတာကလည်း အထောက်အထားနဲ့ ထွက်လာပါတယ်။ ပြင်သစ်၊ စပိန်၊ ဂျာမဏီ၊ ဘရာဇီး၊ မက္ကစီကို စတဲ့ နိုင်ငံကြီးတွေပါ သတင်းထဲပါလာတော့ စိုးရိမ်တကြီးဖြစ်နေတဲ့ ပြည်သူတွေအပြင် မဟာမိတ်တွေလို မိတ်ဆွေတွေလို နေနေတဲ့ နိုင်ငံတွေက အစိုးရတွေ၊ ခေါင်းဆောင်တွေကိုယ်တိုင်က အမေရိကန်ကို ပြန်လှန်ပြီး ကန့်ကွက် ပြစ်တင် ရှုတ်ချတာတွေ ဖြစ်ကုန်ရတာပေါ့။ သည်တော့ အမေရိကန်အစိုးရက ဒါတွေကို NSA က လူကြီးတွေကို အသိမပေးဘဲ အရမ်းကာရော လုပ်နေတာပါ။ အခုမလုပ်တော့ပါဘူး၊ နောက်မလုပ်တော့ပါဘူးလို့ ဆင်ခြေတွေ ပေးပြန်တာပါပဲ။
သည်တော့ လွန်ခဲ့တဲ့ ၂ ရက်၊ အမေရိကန်ဝါရှင်တန်ဒီစီမြို့တော်မှာ တဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံရေး လှုပ်ရှားမှုအဖြစ် ချီတက်ဆန္ဒပြပွဲတွေကို Stop Watching US, Occupy Wall Street – NYC, Freedom Works စတဲ့ အဖွဲ့တွေက ဦးဆောင်ပြီး လှုပ်ရှားခဲ့ကြပါတယ်။ အမေရိကန် အခြေခံဥပဒေမှာက Forth Amendment  (ပြင်ဆင်ပြဌာန်းချက် နံပါတ် ၄) နဲ့ လူတဦး တစုံတရာအပေါ်ကို တရားရုံးထံက ၀ရမ်း ခွင့်ပြုချက် မပါဘဲနဲ့ ရှာဖွေခွင့်၊ ထောက်လှမ်းခွင့် မရှိဘူးလို့ အာမခံပေးထားပြီး ဖြစ်တာကြောင့် ဒီအာမခံချက်ကို “နိုင်ငံတော်က လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ဖို့” တောင်းဆိုတာဖြစ်ပါတယ်။
ဒါပေမယ့် ခက်တာတခုက … အမေရိကန်ပြည်မှာက ဥပဒေတွေ နည်းဥပဒေတွေ ပြင်ဆင်ပြဌာန်းချက်တွေက အူပေါက်နေတာကြောင့် နိုင်ငံတော်ကလည်း လူပုဂ္ဂိုလ်တဦးဦးကို ရုံးတော်ခွင့်ပြုချက်မပါဘဲ တိုက်ရိုက် ဖမ်းဆီးရှာဖွေခွင့် မရှိဆိုသော်လည်း ဒီလူရဲ့ ဆက်သွယ်ရေးတွေကို တယ်လီဖုံးမှတ်တမ်းကနေတဆင့် ထောက်လှမ်းရယူခွင့်ဆိုတာဟာ (the Thrid –party doctrine) တတိယအုပ်စုမှတဆင့် သွယ်ဝိုက်ရယူခြင်း တရားဝင်တယ်၊ ၀ရမ်းမလိုဘူးလို့ ခွင့်ပြုထားတာ ရှိနေပြန်ပါတယ်။
လူတယောက်က စာတိုက်ကနေ၊ တယ်လီဖုံးကုမ္မဏီကနေ စာပေစာယူလုပ်တာ ဆက်သွယ်တာတွေဟာ သူနဲ့ တိုက်ရိုက်မဆိုင်တော့ပဲ တတိယအုပ်စုဖြစ်တဲ့ ကုမ္မဏီတခု လက်ထဲရောက်နေချိန်မှာ ထောက်လှမ်းရေးက အခြားသော တရားနည်းလမ်းသုံးပြီး ကြားဖြတ်ရယူခွင့်ရှိတယ်ဆိုတာကို (the third-Party Doctrine) လို့ ဗဟိုတရားရုံးတော်က အတိတ်မှာ ဆုံးဖြတ်ထားဘူးပါတယ်။ (ဒါကြောင့် စာတိုက်လုပ်ငန်းဟာ ဗဟိုအစိုးရ၊ ပြည်ထောင်စုအစိုးရက ခုထိ ပိုင်ပါတယ်၊ ပြည်သူပိုင်ပေါ့)။ ဒါကြောင့် ကြေးနန်းနဲ့ဖြစ်စေ၊ အွန်လိုင်းပေါ်က အီးမေးတွေ၊ ချက်ရွန်းတွေကနေ ဆက်သွယ်မှုတွေကို NSA က ထောက်လှမ်းတဲ့ နေရာမှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်ဝရမ်းနဲ့ ထုတ်ပြီး အကြောင်းကြားပြီး ရယူတာမျိုး မလုပ်တော့ဘဲ၊ ကြေးနန်းရုံးတွေ၊ တယ်လီဖုံးကုမ္မဏီတွေ၊ အင်တာနက်ကုမ္မဏီတွေကို တရားရုံးစာဖြစ်စေ၊ ၀ရမ်းဖြစ်စေ ထုတ်ပြီး ၀င်ရောက် ထောက်လှမ်းခွင့် ရှိနေတာ ဖြစ်ပါတယ်။ သွယ်ဝိုက်သောနည်းလမ်းပေါ့လေ။ ဒါကို အမျိုးသားလုံခြုံရေးအကြောင်းပြပြီး FISA တရားရုံးကနေ အထူးဝရမ်းနဲ့ ဆောင်ရွက်တာမို့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်ခင်မျာ သိခွင့် မရှိရှာပါဘူး။
ဒါကြောင့် ခုချိန်မှာ ခေတ်ဟောင်းဥပဒေတွေနဲ့ ခေတ်သစ်နည်းပညာတွေအပေါ်မှာ လွယ်လွယ်အသုံးချ အမြတ်ထုတ်နေတဲ့ နိုင်ငံတော်ရဲ့ ထောက်လှမ်းရေးစနစ်တွေကို မေးခွန်းထုတ်ရပါမယ်။ ခေတ်ပေါ်နည်းပညာနဲ့ အညီဖြစ်အောင် နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းရပါမယ်။ အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သားမှု အခွင့်အရေးကို ရရှိအောင် လုပ်ရပါမယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ အခုခေတ်မှာ အင်တာနက်ပေါ်မှာ ရှယ်ချင်တိုင်း ရှယ်နေကြသော်လည်း အစိုးရကဖြစ်စေ၊ ကုမ္မဏီတွေကဖြစ်စေ ခိုးယူ ထောက်လှမ်းမှု လုပ်လာတာကို ကာကွယ်နိုင်ဖို့၊ သက်ဆိုင်သူတွေကို တရားနည်းလမ်းကျ အသိပေးနိုင်ဖို့ကို ဆက်လက် တောင်းဆို အရေးဆိုနိုင်ကြဖို့ နိုင်ငံသားအဆင့်မှာ လှုပ်ရှားကြဖို့ အရေးပေါ်နေပြီဆိုတာ အခု အရေးအခင်းတွေက သက်သေပြနေပြီပဲ ဖြစ်ပါတော့တယ်။
အရှေ့ဘက်က ရဲဘော်ကြီး ဆောင်းလူကို ပြောချင်တာကတော့ … ကိုယ့်လူရေ … စစ်သားဆိုတာ ဘယ်အရပ်ကပဲဖြစ်ဖြစ် စစ်သားပါပဲဗျာ၊ ပုလိပ်ဆိုတာလည်း ပုလိပ်ဥင်နဲ့ ပါပဲ။ ထောက်လှမ်းရေးဆိုတာကလည်း အားလုံး အတူတူချည်းပါပဲဗျာ။ သူတို့တွေဟာ အစိုးရတွေ နိုင်ငံတော်တွေက မွေးထားတဲ့ သရဲတွေပါပဲ။ ဆိုးတဲ့ သရဲနဲ့ သိပ်မဆိုးတဲ့ သရဲပဲ ရှိတာပါ။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သရဲတော့ ရှိမယ် မထင်ဘူး။ သေနတ်ဆိုတာ တည့်တည့်ပစ် လူသေတာပေါ့ဗျာ။ သရဲဆိုတာကလည်း ခြောက်မှတော့ ကြောက်စရာပေါ့ဗျာ။ မွေးထားတဲ့ သရဲကို လွှတ်တော်ထဲ အ၀င်မခံဖို့ပဲ လိုတာပါ။ အင်း … လွှတ်တော်အပြင်ကနေ သိပ်သောင်းကျန်းနေတဲ့ သရဲတွေဆိုတော့လည်း ဘယ်လိုလုပ်ပြီး နှိမ်နင်းကြမလဲ … စဉ်းစားချင်စရာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts