ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဖြူနှင်းထွေးထမီ ခဏရရင် ငှားဝတ်လိုက်ချင်တယ်

ကျော်ဟုန်း – ဖြူနှင်းထွေးထမီ ခဏရရင် ငှားဝတ်လိုက်ချင်တယ်
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၄

အတ္တလောဘသားတွေ စည်းဝိုင်းထဲ
ဝင်ခွပ်တဲ့ ခွပ်ဒေါင်းမလေး
ကကြိုးစုံ တိုက်ကွက်တွေနဲ့ ရဲရင့်။

တရုတ်ဝမ်ပေါင်က တော်တော်
စစ်အုပ်စု ဦးပိုင်က ကဲကဲ
သတ်လျှိုထားတဲ့ ဇာတိရုပ်
မြေခွေးလောက်မှ ဇောက်မနက်။

တမျိုးသားလုံးရဲ့ရန်သူဟာ ဦးပိုင်၊
တမျိုးသားလုံးကို ဂုတ်သွေးစုပ်နေတာ ဦးပိုင်
လက်ပံတောင်းတောင်က ကြေးနီမောင်း ခတ်လိုက်ပြီ၊
ဗကသ ဖြူနှင်းထွေးက သွေးနီဖောက်ပြပြီ။

မှတ်ထားလိုက်စမ်း …
ခရိုနီတွေနဲ့  စစ်အုပ်စုတွေ၊
အမှန်တရားဆိုတာ
မမှန်တရားတွေရဲ့ ယုတ်မာခြင်း
ဦးစွာ ခံရစမြဲပဲ။

မင်းတို့ လဲ သိမှာပါ၊
ခရိုနီနဲ့ စစ်အုပ်စုတွေ၊
အမှန်တရားဟာ မသေတဲ့ ၀ိဥာဉ်
အသက်သေတောင် ၀ိဉာဉ်မပြောင်းဘူး။

မထီတဲ့ ဖြူနှင်းထွေးရဲ့ ဟန်နဲ့ အပြုံး၊
သူ့ အတွက် မျက်ရည်ကျနေတဲ့ တောင်သူမကြီးကို
မငိုနဲ့ ဆိုပြီး အားပေး နစ်သိမ့်။
သူ့ အတွက်တော့ လွတ်လပ်ဖို့ မတောင်းဆိုစေချင်
အာဏာရှင်ကို ထူးမထောက်
ဆက် တိုက်ပွဲဝင်ကြဖို့ လှုံ့ ဆော်သူ။

ကျော်ကိုကို တာဝန်ကြေတယ်၊
ဗကသ မျိုးဆက်သစ် တာဝန်ကြေတယ်၊
ဆက်တိုက်ပွဲဝင်ကြ။

၈၈ မျိုးဆက်က
မင်းတို့ နောင်တောင်ကြီး အမတော်ကြီးတွေကို
နားလည်ခွင့်လွတ်ပေးကြပါကွာ။
သူတို့ က စစ်အုပ်စုရဲ့ဒဏ်
ခံခဲ့ရပြီးပြီ။

ခုချိန်မှာ သူတို့ က
ပွဲတက်တွေ များနေရ
လက်မလည်နိုင်ဖြစ်နေရ
ဒါကြောင့် ညီမလေးဆီ လာအားမပေးနိုင်ကြတာ။

လူ ကျန်းမာရေးလည်း သိပ်မကောင်း၊
နိုင်ငံရေး ကျန်းမာရေးလည်း ချူချာနေရရှာ
နားလည်ခွင့်လွတ်ပေးပါ ညီမငယ်ဖြူနှင်းထွေးရယ်..။

ခေတ်ကိုက
လူငယ်တွေက လူကြီးတွေကို
နားလည်ပေးရမယ့် ခေတ်။

ဗမာပြည်ကိုက
ကောသလအိပ်မက် ၁၆ ချက်ထဲ
ရောက်နေတဲ့ခေတ်၊
နားလည်ပေးလိုက်ပါ ညီမငယ်ဖြူနှင်းထွေးရယ်..။

ကျော်ဟုန်းကတော့
ကဗျာနဲ့ ဦးညွတ်လိုက်တယ်။
ခုနေများ ဗမာပြည်ထဲရှိရင်
ညီမငယ် ဖြူနှင်းထွေး ထမီ ခဏငှားဝတ်ပြီး
ဒီကောင် စစ်အုပ်စုတွေနဲ့ ကို ရင်ဆိုင်လိုက်ဦးမှာ။

အာဇာနည်မျိုး သေရိုး မရှိ၊
အမှန်တရား သေရိုး မရှိ၊
သူရဲကောင်းစိတ် သေရိုး မရှိ၊
ဖြူနှင်းထွေး သေရိုး မရှိ။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts