ရေခြားမြေခြား မြန်မာများ

ဖိုးစီ (ရုံးတော) – မိနီကတော့ သေတာ သေတာပါပဲ

 
ဖိုးစီ (ရုံးတော) – မိနီကတော့ သေတာ သေတာပါပဲ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၄
စင်္ကာပူ အစိုးရဟာ ၂၀၁၆ ရွေးကောက်ပွဲ အတွက်ကြိုတင် စစ်တမ်းတွေ ကောက်ကြည့်ရာမှာ အခြေအနေက တယ်မဟန်ဘူးလို့ ဆိုပါတယ်။  Public Forum တွေ ဖွဲ့ပြီး အသံကို နားထောင်ကြည့်တော့ နိုင်ငံခြားသား အလုပ်သမား ကိစ္စက အဟော့ဆုံးပါတဲ့။
ဒါနဲ့ပဲ ၂၀၁၄ နှစ်ဦးမှာ ဒုတိယ နှစ်ဝက် ဂျူလိုင်လက စပြီး S-pass ( ၇ ) သောင်း လျှော့ချမယ် လို့ ကြေညာပါတယ်။ အထိအနာဆုံးကတော့ ဝန်ဆောင်မှု ပေးရတဲ့ နေရာ က ဖိလစ်ပင်းတွေပါ။  သူ့နိုင်ငံသားတွေ နဲ့ အစားထိုးလဲလှယ် လို့ ရတဲ့ အလုပ် မှန်သမျှ S-pass သက်တမ်းတိုးရတာ အခက်အခဲတွေ စဖြစ်ကြပါတယ်။ ဆောက်လုပ်ရေး နဲ့ သင်္ဘောကျင်းတွေကတော့ မထောင်းသာပါဘူး။
နေရာတကာ ရှေ့ရေး နောက်ရေး အင်မတန် အကွက်စေ့ လာဘ်မြင်တဲ့ စလုံး အစိုးရဟာ Semi skilled လေဘာတွေ လျှော့ချ ရုံ နဲ့ သူ့နိုင်ငံသားတွေ အလုပ်လုပ်ဖို့ အဆင်မပြေသေးတာကို သိနေလေတော့ သြဂတ်စ်လ မတိုင်ခင် အိမ်တွင်းအကူ ၆ သောင်းသွင်း ဖို့ လျာထားကြောင်းလည်း ထုတ်ပြောလာပါတယ်။
လုပ်ထုံး လုပ်နည်းတွေကို ဖြေလျော့ပေးပါတယ်။ ဒီလိုနည်းနဲ့ပဲ မောင်ဖိုးစီ တို့ရွာကနေ စလုံးကို အိမ်ဖော် လုပ်ဖို့ ရောက်လာကြတာ ခုဆို အယောက်၂၀ ပြည့်ပါပြီ။  ဖိလင်းပင်းတွေက ဈေးကြီးပြီး အင်ဒိုတွေက တော့ အိမ်ရှင်တွေက အကြိုက်နည်းပါတယ်။  စလုံး အစိုးရ ရဲ့ ပစ်မှတ်ကိုက ဗမာ ဖြစ်တယ် ဆိုတာ ဖြေလျော့ထားတဲ့ စည်းကမ်းတွေ နဲ့ သူတို့ ကြိုတင် ပြင်ဆင်ထားတာတွေ ကြည့်ရင် သိသာပါတယ်။
တကယ်တော့လည်း အိမ်အကူ ဆိုတာ သူတို့အတွက်တော့ သွယ်ဝိုက်လုပ်သားအင်အား Indirect Labor ထုကြီး ပါ။  အိမ်အကူတွေ ရှိမှ အိမ်သားတွေ အပြင်ထွက် လုပ်နိုင်မှာ မို့လား။
အဲသလို အချိန်မှာ ဗမာ အစိုးရက အိမ်အကူတွေ တင်ပို့မှု ၅ လ တားမြစ် (Ban) မယ်ဆိုတော့ စလုံးတွေ အတော်ကို ပူစပ်ပူလောင် ဖြစ်ကြရတာပါ။  ဒါဟာ သူတို့ ထုတ်လုပ်မှု ညွှန်းကိုန်း (Manufacturing Index) တွေမှာ အနည်းနဲ့ အများဆိုသလို သက်ရောက်မှု (Impact) ရှိပါတယ်။
နိုင်င်ငံခြားသား အလုပ်သမား levy နဲ့ S-pass Quota အချိုးကလဲ သြဂတ်စ်လက စပြီး ပြောင်းမိနေပါပြီ။  ဒီလို အခြေအနေကို ကျနော်တို့ဆီက လူကြီးတွေ အသုံးချတတ် ကိုင်တွယ်တတ်ရင် ကိုယ့်နိုင်ငံသား အလုပ်သမားတွေကို တဆင့်မြှင့် ကာကွယ်ဖို့ အခွင့်အရေးတောင်းပေးဖို့ အခါကောင်းကြီးပါ ။
ခုတော့ စည်းကမ်းနည်းလမ်း ဥပဒေ ဆိုတာတွေကို ထင်သလိုထုတ်ပြီး သက်ဝင်အောင် follow up နောက်က မလိုက် မလုပ်နိုင်ခဲ့တော့ စလုံး မီဒီယာကနေ စော်ကားတာခံရတာပဲ အဖတ်တင်ကျန်ရစ်ပြီး ကျုပ်တို့တွေ ကျုပ်တို့ နှမတွေ ဒိထက်ပို ခေါင်းငုံ့ရဖို့ပဲ ဖြစ်လာတာပါပဲ။
ဘီအီးဒီ အောင်သိုက်ပြောဇာတ်ထဲကလို ရောဂါကလဲကျွမ်း၊ အာဟာရကလဲပြတ်၊ နောက်ဆုံး အချိန်ကျမှ ဆရာဝန်ရောက်လာတော့လည်း ” ကျုပ်သမီး မိနီ သေတာ သေတာပါပဲတော့” ဆိုသလို ခင်များတို့ Ban လည်း အလုပ်မရှိဘဲ အငတ်ခံ မနေနိုင်တဲ့ ကျုပ်ရွာက နှမတွေကတော့ ကျွန်ခံဖို့တောင်မှ လိမ်ညာပြီး ၀င်လာရဦးတော့မှာပါပဲ။
ဖိုးစီ (ရုံးတော)
အောက်တိုဘာ ၀၂၊ ၂၀၁၄
ဆက်စပ် နိုင်ငံတကာ သတင်း များ –
Myanmar suspends work permits for maids heading to Singapore
Myanmar suspends citizens from working as domestic workers in S’pore
New rules in S’pore for hiring Myanmar maids
(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)

 

xq

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးစီ (ရုံးတော) – မိနီကတော့ သေတာ သေတာပါပဲ

Comments are closed.