သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် -အပိုင်း (၇၉) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (စ)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင် -အပိုင်း (၇၉) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (စ)

#ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ကန့်ကွက်ချက်အပေါ် ဝန်ကြီးဋ္ဌာနများ၏ တုန့်ပြန်မှု

ပြည်ထောင်စုစာရင်းစစ်ချုပ်က သူ့ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်ဘဏ္ဍာငွေကို ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာပဲ သုံးစွဲနေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးနေတာ၊ နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်နေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နေတာတွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများထံ ကန့်ကွက်ချက်တွေပေးပို့ပါတယ်။ စာရင်းစစ်ချုပ်ရဲ့ ကန့်ကွက်ချက်များအပေါ် ဝန်ကြီးဋ္ဌာနများရဲ့ တုန့်ပြန်မှုက အားနည်းလှပါတယ်။

ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်ချက်တွေမှာ များသောအားဖြင့် “ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်”။ “ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်”။ “ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ပါသည်”။ “ညွှန်ကြားချက်ပေးပို့ဆောင်ရွက်မည်ဖြစ်ပါသည်။” စတာတွေပဲ ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါ။ အရေးယူဆောင်ရွက်မှု (၁) ခုသာရှိပါတယ်။

သတ္တုတွင်းဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်ချက်တွေမှာလည်း “ပေးသွင်းရန်ကျန်ရှိသော မြေငှါးရမ်းခများရရှိရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်”။ “စာရင်းရှင်းလင်းဖျက်သိမ်းရေး ဆောင်ရွက်လျက်ရှိပါသည်”။ ကျန်ရွှေစင်များကို ပြင်ဆင်သတ်မှတ်ထားသည့် စာချုပ်အရ လစဉ်အချိန်မီ ပေးသွင်းရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်”။ “ကျန်ရှိနေသာ ရွှေစင်ကြွေးကျန်များကို ဆက်လက်ကောက်ခံလျက်ရှိပါသည်”။ “အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ဆုံးဖြတ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်”။ ” စာချုပ်တွင်မပါဝင်သော အဆောက်အဦကို သုံးစွဲနေခြင်းအတွက် သက်ဆိုင်ရာကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်” စတဲ့ ယေဘူယျအကြောင်းပြန်ချက်တွေပဲ ဖြစ်ပါတယ်။ ကျပ်သန်းပေါင်းများစွာရှိတဲ့ နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများအတွက် မည်သူကမှ တာဝန်မခံပါ။ မည်သူ့ကိုမှ အရေးမယူပါ။ မည်သည့် ကုမ္ပဏီနှင့်မှ အဆက်အသွယ်မဖြတ်ပါ။

ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်မှုတွေမှာလည်း “စည်းကြပ်နှစ်အတွင်း အခွန်စည်းကြပ်ကောက်ခံမှု ပြီးပြတ်နိုင်ရန်နှင့် အခွန်ကင်းလွတ်ခြင်းမရှိစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်”။ “အခွန်မှူးများအနေဖြင့် ယခင်နှစ်က စည်းကြပ်ခဲ့သည့် ရောင်းရငွေအပေါ် ချင့်ချိန်၍ ခန့်မှန်းစည်းကြပ်ရခြင်းဖြစ်ပါသည်။ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းအားချင်းကွာခြားတတ်သဖြင့် ပကတိအခြေအနေကို ကာယကံရှင်အခွန်ထမ်းမှလွဲ၍ အခွန်မှူးမှ တိကျစွာမသိနိုင်သည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ (၁၄) ပါ ပြဋ္ဌာန်းချက်နှင့်အညီ စည်းကြပ်ခြင်းဖြစ်ပါသည်” စတာတွေပဲ တွေ့ရပါတယ်။ ရွှေဆိုင်ပိုင်ရှင်အချို့က စစ်အစိုးရသက်တမ်းကာလတလျှောက်လုံး သူတို့ရဲ့ ဝင်ငွေကို အနည်းဆုံးလောက်ကြေညာပြီး အခွန်ပေးဖို့ ရှောင်ခဲ့ကြတာပါ။ အမှန်ရောင်းရငွေကို မသိနိုင်လို့ ယခင်နှစ်က စည်းကြပ်ခဲ့တဲ့ အတိုင်းခန့်မှန်းပြီး အခွန်ကောက်ခံရပါတယ်ဆိုတာ အင်မတန် တာဝန်မဲ့တဲ့ တုန့်ပြန်မှုပါ။ အခွန်မှူးတစ်ယောက်ရဲ့  တာဝန်က အင်မတန်ကြီးမားပါတယ်။ လစဉ် ဝင်ငွေနည်းပြီး ထွက်ငွေများလို့ ခက်ခက်ခဲခဲရုန်းကန်ရပ်တည်နေကြရတဲ့ သာမန်ပြည်သူများ၊ သာမာန်ဝန်ထမ်းများအပေါ်မှာ အခွန်ငွေဝန်ထုတ်ဝန်ပိုးကြီး မသက်ရောက်စေအောင် ကူညီဆောင်ရွက်ဖို့နဲ့ အမြတ်ငွေ၊ဝင်ငွေအမြောက်အများရှိရက်နဲ့  အခွန်ငွေရှောင်ဖို့၊ အနည်းဆုံးလောက်ပဲ ဝတ္တရားကျေပေးဆောင်ဖို့ ကြိုးစားနေတဲ့ စီးပွါးရေးလုပ်ငန်းရှင်များရဲ့  ဝင်ငွေမှန်ကို ဖော်ထုတ်ပြီး တိတိကျကျ အခွန်စည်းကြပ်ဖို့ တာဝန်ရှိပါတယ်။ အခွန်ရှောင်သူများကိုလည်း တရားဥပဒေနဲ့ အညီအရေးယူဖို့လိုအပ်ပါတယ်။ အဂတိလိုက်စားတဲ့ အခွန်ဝန်ထမ်းများကိုလည်း ပြတ်ပြတ်သားသားအရေးယူသင့်ပါတယ်။

အခြားသော ဝန်ကြီးဋ္ဌာနများရဲ့  တုန့်ပြန်မှုများကလည်း အထက်ပါတုန့်ပြန်မှုများနည်းတူ ဝတ္တရားကျေတုန့်ပြန်မှုများဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေအလုံးအရင်းနဲ့ သုံးစွဲရတဲ့ တည်ဆောက်ရေးလုပ်ငန်းကြီးများကို ဝန်ကြီးဋ္ဌာနများက သမ္မတရဲ့  အမိန့်”နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၃)” ကို ဆန့်ကျင်ပြီး တင်ဒါမခေါ်ယူပဲ၊ ဆောက်လုပ်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီရဲ့  အတည်ပြုချက်မယူပဲ ဆောက်လုပ်ခဲ့ကြပါတယ်။ ဋ္ဌာနပိုင် အဆောက်အဦနဲ့ မြေနေရာများကို ပုဂ္ဂလိကအဖွဲ့အစည်းများသို့ “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်” ကို အကြောင်းမကြားပဲ ငှါးရမ်းခဲ့ပါတယ်။ လုပ်ငန်းစာချုပ်တွေ၊ ပစ္စည်းဝယ်စာချုပ်တွေ ချုပ်ဆိုတဲ့အခါ သတ်မှတ်ရက်မှာ လုပ်ငန်းမပြီးဆုံးရင်၊ ပစ္စည်းမသွင်းနိုင်ရင် ဒဏ်ကြေးငွေပေးဆောင်ဖို့ မထည့်သွင်းပဲ ချုပ်ဆိုကြပါတယ်။ ပုဂ္ဂလိကကုမ္ပဏီများအပေါ် ရိုးရိုးသားသားဖြစ်စေ၊ မရိုးမသားဖြစ်စေ အထူးအခွင့်အရေးတွေ ပေးခဲ့ကြပါတယ်။ သတ်မှတ်ထားတဲ့ ခေါင်းစဉ်အောက်က ငွေကို မသက်ဆိုင်တဲ့ ကိစ္စမှာသုံးစွဲထားကြပြီး လုပ်ငန်းမှ ပိုလျှံငွေတွေကို နိုင်ငံတော်သို့ အချိန်မီပြန်မအပ်ပဲ လက်ဝယ်ကိုင်စွဲထားခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်တွေ၊ စီမံခန့်ခွဲမှုတွေမှားယွင်းလို့ နိုင်ငံတော်စီးပွါးရေးလုပ်ငန်းများ အရှုံးပေါ်ရပါတယ်။

အဲဒီလို ကြီးမားတဲ့ အမှားအယွင်းတွေကို နိုင်ငံတော်အဖွဲ့အစည်းများက ကျူးလွန်နေကြပြီး နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများ ဘယ်လိုမှ အရေးယူမခံကြရတာ အံ့ဩစရာဖြစ်ပါတယ်။ ဒီအမှားအယွင်းတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဟာလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးစတဲ့ ဋ္ဌာနအကြီးအကဲများ ဖြစ်ကြပါတယ်။ ဒီလို တာဝန်ရှိသူများနဲ့ဖွဲ့စည်းထားတဲ့ အစိုးရဟာ သန့်ရှင်းသောအစိုးရ၊ ပွင့်လင်းမြင်သာသောအစိုးရဖြစ်နိုင်မှာ မဟုတ်ပါ။

#စာရင်းစစ်ချုပ် စာရင်းမစစ်နိုင်တဲ့ ဋ္ဌာန

ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  အစီရင်ခံစာအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွက် နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်ရုံး (ပြည်သူ့၊ အမျိုးသား၊ ပြည်ထောင်စု)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဘဏ် စတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (၉) ခု၊ ပြည်ထောင်စုဝန်ကြီးဋ္ဌာန (၂၉) ခု နဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ တို့ရဲ့  ငွေစာရင်းများကို စစ်ဆေးခဲ့ပါတယ်။ ဒါပေမည့် ပြည်ထောင်စုဝန်ကြီးဋ္ဌာနတစ်ခုဖြစ်တဲ့ “ကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့ လက်အောက်ခံ ဋ္ဌာနများ” ကိုတော့ မစစ်ဆေးနိုင်ပါ။ စစ်ဆေးခွင့်လည်း မရှိပါ။ စစ်ဆေးခွင့်မရှိအောင်လည်း ဥပဒေနဲ့ တားဆီးထားပါတယ်။

နအဖစစ်အစိုးရလက်ထက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ “၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ”၊ ပုဒ်မ (၃၉) မှာ “ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် သက်ဆိုင်ခြင်းမရှိစေရ။” လို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ “၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ” မှာလည်း အဲဒီ ပြဋ္ဌာန်းချက်ကို ဆက်လက်အတည်ပြုထားပါတယ်။ ဒါကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုတစ်ခုလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့  ၁၂ ဒသမ ၅ ရာခိုင်နှုန်း (သို့မဟုတ်) ပြည်ထောင်စုဝန်ကြီးဋ္ဌာနများအားလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့ ၂၃ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်းထောင်ပေါင်း ၂,၃၆၅ ဒသမ ၈၁၃ (ကျပ် ၂,၃၆၅ ဒသမ ၈၁၃ ဘီလျံ) ခွဲဝေရရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ရရှိတဲ့ ရန်ပုံငွေတွေကို ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့ အညီသုံးစွဲခြင်းရှိမရှိဆိုတာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ မသိရှိနိုင်ပါ။ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ပေးတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်ကတောင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို စာရင်းစစ်ဆေးဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို တာဝန်မပေးနိုင်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုကို ပြည်ထောင်စုဝန်ကြီးဋ္ဌာနတစ်ခုက ဘယ်လိုဘယ်ပုံသုံးစွဲနေတယ်ဆိုတာ ဘယ်သူမှ မသိကြရပါ။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကို အားနည်းစေပြီး ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမှုဆိုတာကို သံသယဖြစ်စရာရှိပါတယ်။

#ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတ၏ တာဝန်

ပြည်ထောင်စုစာရင်းစစ်ချုပ်က တာဝန်ကျေကျေနဲ့ သူ့ရဲ့  စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့ပါပြီ။ ဒီအစီရင်ခံစာအပေါ်၊ ဒီအစီရင်ခံစာပါ စစ်ဆေးတွေ့ရှိချက်များအပေါ် သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

နိုင်ငံတော်သမ္မတကရော ဝန်ကြီးဋ္ဌာနများက တုန့်ပြန်သလို ဝတ္တရားကျေ “ဟေ့၊ မင်းတို့ ပြင်စရာလေးတွေ ပြင်ကြကွ” လောက်ပဲပြောပြီး ဒီလွဲချော်မှုတွေနဲ့ တာဝန်ရှိသူတွေကို တိတိကျကျပြတ်ပြတ်သားသားအရေးမယူရင် သူအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေး တတိယအဆင့်ဟာလည်း အောင်မြင်နိုင်စရာ အကြောင်းမမြင်ပါ။ သမ္မတရဲ့  အစိုးရအဖွဲ့ထဲက တာဝန်ရှိသူအတော်များများဟာ အာဏာရှင်ခေတ်ကအတိုင်း အမူအကျင့်တွေ မပြောင်းမလဲရပ်တည်နေကြတာကို စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေက သက်သေပြနေပါတယ်။

ဒီအစီရင်ခံစာကပဲ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး ပထမဆင့်၊ ဒုတိယအဆင့်တွေ မအောင်မြင်ခဲ့ဘူးဆိုတာ ထောက်ပြနေပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ဆုံးရှုံးနစ်နာစေတဲ့သူတွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်နေသူတွေ၊ ခရိုနီသူဋ္ဌေးကြီးများနဲ့ အပေးအယူတည့်နေဆဲသူတွေ၊ ဦးဆောင်မှုအရည်အချင်းမရှိသူတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းသူတွေ၊ အဂတိလိုက်စားသူတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေရာယူထားခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြီးမားသော အနှောက်အယှက်ဖြစ်ပါတယ်။ အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေး မအောင်မြင်ရခြင်းဟာ စီးပွါးရေးပိတ်ဆို့မှုကြောင့်၊ နိုင်ငံတကာဖိအားတွေကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊  အတိုက်အခံတွေကြောင့်ဆိုပြီး အကြောင်းပြလို့လည်းမရတော့ပါ။ ပြုပြင်ပြောင်းလဲမှုများ မအောင်မြင်ရခြင်းဟာ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့အကောင်အထည်ဖော်နေသူများရဲ့  အားနည်းချက်ကြောင့်သာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း အရေးယူဖို့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်ရဲ့  ဘဏ္ဍာတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတာပါ။ ဒီအစိုးရဋ္ဌာနများရဲ့  တစ်နှစ်တာအသုံးစားရိတ်ကို ခွဲဝေသတ်မှတ်ပေးသူပါ။ အစိုးရဋ္ဌာနများမှ ရှာဖွေပေးရန် တာဝန်ရှိငွေများကို သတ်မှတ်ပြီး ရရှိငွေများကို နိုင်ငံတော်ဘဏ္ဍာတိုက်ထဲမှာ ထည့်သွင်းသိမ်းဆည်းပြီး တိုင်းပြည်အတွက် အလိုရှိသလို သုံးစွဲဖို့ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လွှတ်တော်မှ ခွဲဝေပေးတဲ့ ရန်ပုံငွေကို တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းအောင် မသုံးစွဲပဲ တိုင်းပြည်အတွက် အကျိုးမဲ့စေတာကို စစ်ဆေးတွေ့ရှိရင် လွှတ်တော်ကိုယ်တိုင်က ဥပဒေပြဋ္ဌာန်းအရေးယူဖို့၊ ဒါမှမဟုတ်ရင် လွှတ်တော်မှ သမ္မတအား တာဝန်ရှိသူများအား ထိထိရောက်ရောက်အရေးယူရန် ဖိအားပေးတောင်းဆိုဖို့ လိုအပ်ပါတယ်။ အစိုးရဋ္ဌာနများက နိုင်ငံတော်ဘဏ္ဍာငွေများကို နစ်နာဆုံးရှုံးစေတာကို ဘယ်လိုမှအရေးမယူပဲ ဒီအတိုင်း သတိပေးရုံလောက်နဲ့ ကျေနပ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုများ၊ အလွဲသုံးစားပြုမှုများအတွက် ပြည်ထောင်စုလွှတ်တော်မှာပါ သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးများကို စွပ်စွဲပြစ်တင်ခြင်းအတွက် ပုဒ်မတွေ ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ထပ်အရေးကြီးတဲ့ တာဝန်က ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနအား စာရင်းစစ်ခွင့်အာဏာအပ်နှင်းဖို့ပါ။ နိုင်ငံတော်ဘဏ္ဍာရဲ့  ၂၀ ရာခိုင်နှုန်းလောက်ကို မှန်မှန်ကန်ကန်သုံးစွဲခြင်းရှိမရှိ စစ်ဆေးနိုင်ခွင့်မရှိတာ အင်မတန်မှားယွင်းတဲ့ ကိစ္စပါ။ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေကို တပ်မတော်က ဘယ်လိုသုံးစွဲနေတယ်ဆိုတာ ပြည်သူလူထု သိခွင့်ရှိပါတယ်။ ပြည်သူလူထုသိအောင်ရှင်းပြဖို့ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်။ အဲဒီလို သိခွင့်ရအောင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေမှ “ပုဒ်မ (၃၉) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် သက်ဆိုင်ခြင်းမရှိစေရ” ဆိုတဲ့ ပုဒ်မကို ဖျက်သိမ်းသင့်ပါတယ်။

(စာပြီးရက်၊ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts