ရသဆောင်းပါးစုံ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ရေကြည်တစ်ပေါက်အကြောင်း

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ရေကြည်တစ်ပေါက်အကြောင်း
စက်တင်ဘာ ၁၀၊ ၂၀၁၄

Facebook မိတ်ဆွေများနဲ့တကွ စာဖတ်ပရိတ်သတ်များအားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြစေဖို့ ပြုဖြစ်ခဲ့တဲ့ ကုသိုလ်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ မျှဝေပေးချင်ရတဲ့ အကြောင်းက ဒီကုသိုလ်ဟာ Facebook မိတ်ဆွေများနဲ့သာမက စာဖတ်ပရိတ်သတ်များအားလုံးနဲ့လည်း သက်ဆိုင်နေလို့ပါ။ ရှင်းပြပါရစေ။

ဝက်ဘ်ဆိုက်တချို့မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး ၁၇ ပုဒ်ကို စုစည်းပြီး “မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ” အမည်ရတဲ့ စာအုပ် ထုတ်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဆောင်းပါးတွေရဲ့ အဦးအစ ဘူမိနတ်သန်က Facebook ပါ။ တွေးမိတာတွေ ရေးသင့်တယ်ထင်တဲ့ အကြောင်းအရာတွေကို အစပထမ Facebook စာမျက်နှာပေါ်မှာ ချရေးဖြစ်တယ်။ နောက်တော့ ဆောင်းပါးတွေ ရေးပြီး ဝက်ဘ်ဆိုက်တချို့ကို ပို့ဖြစ်တယ်။ ဒီ့နောက်မှာ ဦးကျော်ဦး (ပါရမီစာပေ)က ဆောင်းပါတွေကို စုစည်းပြီး စာအုပ်ထုတ်လိုပါကြောင်း ပြောလာရာက စာအုပ်ထုတ်ဖြစ်သွားတာပါ။

ဒါကြောင့် ဒီစာအုပ်ဟာ Facebook မိတ်ဆွေများနဲ့ စာဖတ်ပရိတ်သတ်များရဲ့ မိမိရေးသားမှုများအပေါ် အားပေးဖတ်ရှုမှုကြောင့် ထွက်ပေါ်လာတဲ့ စာအုပ်လို့ ပြောရင်လည်း မမှားပါဘူး။

ဒီစာအုပ်အတွက် ဦးကျော်ဦး (ပါရမီစာပေ)က ငွေကျပ် နှစ်သိန်းခွဲနဲ့ စာအုပ် ၅၃ အုပ်ကို စာမူခအဖြစ် လှူဒါန်းခဲ့ပါတယ်။ စာအုပ် ၅၃ အုပ်ကို ပြည်တွင်းပြည်ပမှ မိမိရဲ့ ကျေးဇူးရှင် ဆရာသမားများနဲ့ မိတ်ဆွေတချို့ကို လက်ဆောင်ပေးခဲ့ပါတယ်။ ငွေကျပ် နှစ်သိန်းခွဲကိုတော့ ဇာတိရွာက မွန်အမျိုးသားအလယ်တန်းကျောင်းအတွက် လှူဒါန်းခဲ့ပါတယ်။

ရွာမှာ အစိုးရအထက်တန်းကျောင်းနဲ့ အစိုးရမူလတန်းကျောင်းလည်း ရှိပါတယ်။ မွန်အမျိုးသားအလယ်တန်းကျောင်းကတော့ မွန်ပြည်သစ်ပါတီရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်းပါ။ ဒါပေမယ့် မွန်ပြည်သစ်ပါတီအနေနဲ့ တစိတ်တပိုင်းလောက်သာ ထောက်ပံ့နိုင်တာပါ။ ရွာလူထုနဲ့ ပြည်ပရောက် ရွာခံများရဲ့ ထောက်ပံ့လှူဒါန်းမှုများကို အဓိကအားပြုပြီး ချို့ချို့ငဲ့ငဲ့နဲ့ ရပ်တည်နေရတဲ့ ကျောင်းပါ။ အစိုးရရဲ့ အသိအမှတ်ပြုမှုကိုလည်း မခံရသေးဘဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရတဲ့ ကျောင်းဖြစ်ပါတယ်။

မွန်အမျိုးသားကျောင်းဆိုသော်လည်း မွန်ဘာသာရပ် တစ်ဘာသာကို သီးသန့်သင်ကြားပေးတာကလွဲရင် အစိုးရကျောင်းများရဲ့ ပြဌာန်းချက်အတိုင်း သင်ကြားပေးနေတဲ့ ကျောင်းပါ။ ဆရာဆရာမများကလည်း ရတဲ့ လခအနည်းငယ်နဲ့ စေတနာ ဝါသနာ အနစ်နာဆိုတဲ့ နာသုံးနာကို အရင်းတည်ပြီး သင်ကြားပေးနေကြတာပါ။ မွန်အမျိုးသားကျောင်းမှာ တတ်နေကြတဲ့ ကလေးတွေကလည်း အမှန်တော့ အစိုးရကျောင်းတွေကို မတက်နိုင်ကြလို့ ရောက်လာကြတဲ့ ကလေးတွေက များပါတယ်။ ဒါကြောင့် ရထားတဲ့ စာမူခ နှစ်သိန်းခွဲကို အမှန်တကယ် လိုအပ်နေတဲ့ မိမိနဲ့ အနီးစပ်ဆုံးလည်းဖြစ်တဲ့ ရွာက မွန်အမျိုးသားအလယ်တန်းကျောင်းမှာ လှူဒါန်းဖြစ်ခဲ့တာပါ။

မွန်မြတ်သန့်စင်တဲ့ ဒီအလှူဟာ မိမိတစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ အလှူမဟုတ်ဘူးလို့ ခံစားမိတယ်။ Facebook မိတ်ဆွေများနဲ့ စာဖတ်ပရိတ်သတ်များ၊ ဆောင်းပါးတွေကို ဖေါ်ပြပေးခဲ့တဲ့ ဧရာဝတီ၊ 7Day Daily နဲ့ မိုးမခဝက်ဘ်ဆိုက်များသာမက အမှာစာရေးသားချီးမြှင့်ပေးခဲ့တဲ့ ဆရာတော်အရှင်ဇာဂရ (စာရေးဆရာ ကံထွန်းသစ်)၊ အားပေးကူညီ အကြံဥာဏ်ကောင်းများ ပေးခဲ့တဲ့ ဆရာတော်အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးကျော်ဦး (ပါရမီစာပေ)နဲ့  အခြားကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ဒီအလှူနဲ့ သက်ဆိုင်နေတယ်လို့ မြင်မိတယ်။

တကယ်တော့ ဦးကျော်ဦး (ပါရမီစာပေ)ဟာ သာမာန် စာအုပ်ထုတ်ဝေသူတစ်ဦး မဟုတ်ပါဘူး။ “ရေကြည်တစ်ပေါက်” စာအုပ်အတွက် အမျိုးသားစာပေဆု (သုတပဒေသာ – ရိုးရိုးသိပ္ဗံ) အပြင် အခြားသော စာအုပ်တချို့အတွက်လည်း အမျိုးသားစာပေဆုအပါအဝင် စာပေဆုများကို ဆွတ်ခူးထားခဲ့သူ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ပြောချင်တာက ငွေကျပ်နှစ်သိန်းခွဲဆိုတဲ့ ပမာဏဟာ မြန်မာနိုင်ငံတစ်နံတစ်လျားမှာ ပညာရေးအတွက် လိုအပ်နေတဲ့ အတိုင်းအတာပမာဏနဲ့ နှိုင်းစာရင် အလွန်သေးငယ်လှတဲ့ ရေကြည်တစ်ပေါက်မျှသာ ဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ ကြည်လင်သန့်ရှင်းတဲ့ ရေကြည်တစ်ပေါက်အကြောင်းကို ကြားသိရပြီး Facebook မိတ်ဆွေများနဲ့ စာဖတ်ပရိတ်သတ်များအနေနဲ့ ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုကာ ကုသိုလ်တရားပွါးများနိုင်ကြစေဖို့ ကြည်လင်သန့်ရှင်းတဲ့ စေတနာသဒ္ဓါနဲ့ အသိပေးချင်တဲ့စိတ်ဖြင့် ဒီစာကို ရေးလိုက်ခြင်းသာ ဖြစ်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts