ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – တစ် ညီမျှခြင်း တစ်

ကျော်ဟုန်း – တစ် ညီမျှခြင်း တစ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၄

အားလုံးထဲမှာ

တစ် ဖြစ်ချင်တာ ကောင်းပေါ့။

လူချင်းပြိုင်ရင် တစ်၊

ပြိုင်ပွဲတွေမှာ တစ်၊

ဒို့ အရပ်မှာ

တစ် ဖြစ်ချင်သူတွေ များတယ်။

ခက်နေတာက

သတ်ကွင်း ဖြတ်ရတဲ့အခါ

တောင်ကြီး ဖြိုရတဲ့အခါ

မီးတောင် ပေါက်တဲ့အခါ

သင်္ဘော မှောက်တဲ့အခါ

ငလျင် လှုပ်တဲ့အခါ

တစ်ဖြစ်ချင်သမားတွေ

တစ်ယောက်မှ မပါ။

ပန်း ပွင့်တဲ့အခါ

သီး ဝေတဲ့အခါ

လမ်း ဖြောင့်တဲ့အခါ

တိမ် ပြာတဲ့အခါ

မြူ ကင်းတဲ့အခါ

အဲဒိ တစ်သမားတွေ

ဝတ်ကောင်းစားလှတွေနဲ့ 

ကျော့ကျော့နော့နော့။

အာဘော်အာရင်းသန်နဲ့ 

ကော့ကော့ ကော့ကော့။

တစ်ဆိုမှ တစ်

တစ်ပြားမှကို မလျှော့။

အဲဒိ တစ်သမားတွေ

နေသာချိန်များဆိုရင်

လူလူ လူလူ

ရှေ့ ဆုံးမှာ ရဲဝံ့

ဆီဦးထောပတ်တွေ

သူတို့ ပါးစပ်မှာ စိုလို့ ။

အဲဒိ တစ်သမားတွေကြောင့်

အဲဒိ တစ်သမားတွေနေတဲ့ ပြည်

တိုးတက်မှုတွေ တစ်နေတယ်

အရာရာမှာ တစ်နေတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts