မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေ တပုံကြီးရှိသေးတယ်

မာမာအေး – ပြောပြစရာတွေ တပုံကြီးရှိသေးတယ်
စက်တင်ဘာ ၁၀၊ ၂၀၁၄
• အမှတ် (၅၄၉) – မူပိုင်ကိစ္စ သီလတောင်းမှရ

သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မြန်မာ့ဂီတကို ချစ်မြတ်နိုးတဲ့ သောတရှင်များ အတွက် မြန်မာသံတေးသီးချင်းများစွာကို ရေးသား ထားရစ်ခဲ့ရှာတဲ့ ဂီတစာ ဆို သောင်းတင်ဌေး ရဲ့လက်ရာ တေးအလင်္ကာ တချို့ကို ကောက်နုတ်ပြောပြခဲ့တာ အတွက် နှစ်သက်အမှတ်တရဖြစ်လိမ့်မယ်လို့ ယုံကြည်ပါ တယ်ရှင်။

မာအေးဆိုခဲ့တဲ့ သီချင်းတွေထဲမှာတော့ ဓမ္မတေးများစွာ ပါဝင်နေပါတယ်။ အမေ့နိုးဖို့ကတော့ သူ့အတွက်တခုတည်းသော တေးဇာတ်လမ်းသရုပ်ဖော်လေးဖြစ်ခဲ့တာပေါ့။ ဇာတ်လမ်းကစကားပါ ညှပ်ထားတဲ့အတွက် စင်ပေါ်မှာ မဆိုခဲ့နိုင်ပါ ဘူး။ အဆိုသဘာရှိမှ လိုက်ဆိုလို့ရနိုင် တဲ့ အတွက်လည်း ခုထိတော့ ပြန်ဆိုတဲ့သူမရှိသေးဘူးလို့ ပြောရမှာပါရှင်။ သီချင်းကို သူပေးခဲ့တဲ့နာမည်ကတော့ ဆက်ပြီးသုံးသွားတဲ့ အနုပညာ ရှင်တို့ကြောင့် ရုပ်ရှင်နယ်အထိရောက်သွားခဲ့ပါတယ်၊ သောတရှင်များ သတိထားကြည့်ပါ ဦး၊ “အမေ့နို့ဖိုး” ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ကား ရိုက်ကူးခဲ့တယ်လေ။ မင်းသားကျော်သူ မင်းသမီးထွန်းအိန္ဒြာဗိုလ်နဲ့ မင်းမော်ကွန်းလေး တို့ အဓိကသရုပ်ဆောင်ခဲ့ တဲ့ “အမေ့နို့ဖိုး” ဇာတ်ကား ဟာ အကယ်ဒမီတောင် ဝင်သွားခဲ့တယ်မဟုတ်ဖူးလား။

အဲဒီလိုတွေးမိတာတွေဟာ မာအေးရဲ့ ဂီတလောကအတွက် ဖိုက်တာလုပ်ခဲ့တာတွေကို ပြန်ပြီးသတိရစေတော့တာပေါ့လေ။ ဂီတလောက သား၊ ရေးသူ၊ ဆိုသူတွေ မခံစားရပါဘဲ။ တေးသံသွင်းဆိုင် လေးရာကျော်လောက် စာရင်းပေါက်ခဲ့တာကြောင့် ကိုယ်ပိုင်သီချင်းတွေ ထုတ် လုပ်တဲ့အခါ တရားဝင်တားမြစ်ပြောဆိုနိုင်အောင် မာမာအေးတေးဂီတလုပ်ငန်းဆိုတဲ့ နာမည်ကအစ ထုတ်သမျှ ကိုယ်ပိုင်အခွေအားလုံးကို- မှတ်ပုံတင်ခဲ့တာပါဘဲ။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ကစပြီး မာအေးရဲ့သီချင်းဟောင်းတွေကို ကူးယူအသုံးချမယ်ဆိုရင် မာအေးနဲ့ လာရောက်ဆွေးနွေးပါလို့လည်း ဆိုင်တွေကိုစာပို့ခဲ့ရပါတယ်။ ဆက်သွယ်တဲ့ဆိုင်လဲရှိ၊ မဆက်သွယ်တဲ့သူတွေလဲရှိခဲ့တဲ့အပြင်၊ မာမာအေး ကိုသွားတွေ့လို့ သူ့သီချင်းဖိုးတွေတောင်းလို့ပေးဖြစ်ရင် တခြားအဆိုတော်တွေလဲ တောင်းကြမှာဘဲ၊ ဒါဆို ဆိုင်ပြုတ်လောက်တယ်ဆိုတဲ့ လူတစုလည်း ပေါ်ခဲ့ဖူးပါတယ်ရှင်။

ဒါကြောင့် တေးသံကူးစလုပ်တဲ့လဖ္ဘရည်ဆိုင်တဆိုင်နဲ့၊ သီချင်းတွေကို ဆိုင်လုပ်မယ့်သူတွေအတွက် ကော်ပီကူးပေးတဲ့ တေးသံသွင်းဆိုင် တဆိုင်မှာ မာအေးနဲ့ သီချင်းခွေကူး၊ ငွေလက်ခံဖြတ်ပိုင်းအထောက်အထားနဲ့ တရားစွဲဆိုဖြစ်ခဲ့ပါတယ်။ မာအေးရဲ့ရည်ရွယ်ရင်းက ဂီတနဲ့ ပတ်သက်တဲ့ စီရင်ထုံးတခုရချင်လို့ပါ။ ရန်ကုန်မြို့ပေါ်က တေးသံသွင်း (၃၆) ဆိုင်က မာအေးတရားစွဲခဲ့တဲ့ တေးသံသွင်းဆိုင်တွေဖက်က ရပ်တည်ပေး ငွေစုပေးကြတဲ့အပြင်၊ မာအေးနဲ့အတူအလုပ်လုပ်ခဲ့ဖူးတဲ့ ဓာတ်ပြားကုပ္မဏီကလူတွေ၊ ရုပ်ရှင်ရိုက်ကူးခဲ့ပြီးတေးသံသွင်ပါ တွဲထားတဲ့လူရင်းတွေကပါ၊ တဖက်ကလူတွေဆီမှာ ရပ်တည်ပေးကြတာကို ဝမ်းနည်းစွာ သုံးနှစ်လောက် ရင်ဆိုင်ခဲ့ရပါတယ်။

မာအေးတရားစွဲဆိုမှုကို စတင်လက်ခံကြားနာပေးတဲ့ တရားရုံးတော် အမှတ် (၅) က အနိုင်ပေးခဲ့ပါတယ်။ တဖက်က နောက်တရားရုံးတခုမှာ ပြန်လျှောက်တဲ့အခါမှာတော့ “မာမာအေး၏လုပ်အားပါဝင်သည်မှန်သော်လည်း ဂီတဥပဒေပြဌာန်းထားခြင်းမရှိသဖြင့် တရားသေလွှတ် လိုက်သည်” တဲ့ရှင်။ ဒီတင်ဘဲ ကိုယ့်အချိန်တွေပေးရ၊ မေတ္တာတွေပျက်ရ၊ လူမုန်းတွေများရတဲ့အထဲ၊ ဥပဒေမရှိလို့ဆိုတော့- တော်ပြီပေါ့နော်၊ ဒါပေမယ့် ဒါပေမယ့်၊ မာအေးကျေနပ်ပါတယ်။ နည်းနည်းတော့တန်ပါတယ် သောတရှင်တို့ရယ်။ ဒီလိုတရားတဘောင်စွဲတာက လွှတ်အောင် ကိုယ်ပိုင်အခွေတွေထုတ်လာကြတဲ့အခြေအနေတရပ် တေးဂီတလောက တေးသံသွင်းလောကမှာပေါ်ပေါက်လာလို့ပါ။ ဘယ်ကုပ္မဏီ၊ ဘယ်ဆိုင်ရဲ့မူပိုင်ဆိုတဲ့ စာလုံးလေးတွေ ကက်ဆက်ကာဗာမှာ ထည့်ရိုက်လာကြတာ နိုင်ငံတော်ကတရားစွဲခွင့်ပြုလို့ဆိုတဲ့ ရလဒ်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ မှန်ကန်တဲ့ဥပဒေများ ဖြစ်ထွန်းတည်တံ့ပါစေလို့လဲ ဆုတောင်းမေတ္တာပို့ပါတယ်။ နှောင်းဂီတသမားတွေကလဲ မှန်ကန် တဲ့ ဂီတဥပဒေများ ပေါ်ပေါက်ဖို့ရာ ဆက်လုပ်ကြရဦးမှာပါဘဲ။ ခုအချိန်မှာ ခိုးကူးတဲ့ကိစ္စတွေက ရာနှုန်းပြည့်လောက်ရှိတယ်ဆိုတာ ကြားနေ ရပါတယ်။ လက်ကျန်ဆိုင်ကလေး သုံးဆိုင်လောက်က ငြီးတွားတာလေးတွေလဲ ရုပ်မြင်သံကြားမှာ အနုပညာတောမှ စမျောမယ်ကြံတဲ့ ကိုယ်တိုင်ထုတ်နိုင်တဲ့ ဝါသနာရှင်လူငယ်တွေကတော့ ခိုးတဲ့အခွေတွေ နှာဖြတ်မှာကို မကြောက်ဖူးတဲ့။ သူတို့အဖို့ကျတော့- ပိုက်ဆံပြန်မ ရတာ အရေးမဟုတ်။ လူတွေလက်ထဲရောက်ဖို့သာ အဓိကတဲ့။ ဟုတ်မှာပေါ့လေ၊ သီချင်းကလေးလှုပ်တုတ်လှုပ်တုတ်ကလဲ လူတွေ လက်ထဲရောက်သွား၊ ရုပ်ကလေးကလဲ အဖြူသားဆိုရင်တော့၊ နေရာတခုရဘို့ရာမဝေးဘူးဆိုတဲ့ခေတ်ပဲကိုး။ အင်း- ခိုးမှာမကြိုက်တဲ့သူနဲ့ ခိုးမှာကိုကြိုက်တဲ့တို့ရဲ့ အတွေး။ ဘာတွေပဲဖြစ်နေနေပါ။ မာအေးကတော့ ဥပဒေကိုလေးစားဖို့ရာကို တိုက်တွန်းချင်ပါတယ်။

မာအေးက အရှင်မြတ်ဗုဒ္ဓရဲ့မေတ္တာကို ခိုကိုးရာလိုက်နာ ဥပသိကာဖြစ်တာမို့ မနက်တိုင်း ငါးပါးသီလတောင်းခံဆောက်တည်ဖြစ်တော့ “အဒိန္ဒာဒါနာဝေရမဏိ”- သူတပါး၏ဥစ္စာကို ခိုးယူဖြစ်မှ ရှောင်ခြင်းဆိုတာကို လိုက်နာပြီးသားဖြစ်နေပါပြီ။

သောတရှင်တို့ရေ သီလအကြောင်း ပြောမိသွားပြန်ပြီဘဲ၊ ဟိုတနေ့က မာအေးတို့ အမေရိကန်ရွာကလေးက ဇေတဝန်ကျောင်း ဝါဆိုပွဲမှာ မာအေးမသိခဲ့တာလေး ဆရာတော်အရှင် ဇာဂရဟောကြားတဲ့တရားတော်မှာ နာခဲ့ရလို့ ပြန်ပြောချင်တာနဲ့ အခန့်သင့်လိုက်တာရှင်။ မာအေး တို့သီလယူတဲ့အခါတိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ၊ ဘယ်သီလမျိုးယူယူ၊ သံဃာတွေထံ ခွင့်ပန်တောင်းဆိုကြရတာချည်းပါဘဲ။ သံဃာမရှိရင်သာ ကိုယ့်အိမ်မှာပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ သီလတောင်းခဲ့ကြရတယ်။ အဲဒီလိုသီလစောင့်ခွင့်တောင်းမှ သီလပေးရတာဟာ၊ လင်္ကျာတော်ရံ အရှင်သာရိပုတ္တရာအကြောင်းပြုပြီး မြတ်ဗုဒ္ဓက စီစဉ်ခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။

လင်္ကျာတော်ရံကြီးက တွေ့သမျှပုရိသတွေကို သီလပေးတတ်လေ့ရှိတဲ့အတွက် တချို့မှာအလုပ်အကိုင်ပျက်၊ တချို့က အားလုံးမလိုက်နာ နိုင်လို့ စိတ်မချမ်းမသာဖြစ်ကြရတယ်ဆိုတဲ့သတင်း အဖဘုရားကြားရတာကြောင့် သီလကိုစေါင့်ထိန်းလိုတဲ့သူက တောင်းခံမှပေးဖို့ ဥပဒေ သဖြစ်လာသတဲ့။ ကိုယ်လည်း သီလတောင်းလာပေါင်းမျာလှပေါ့။ ခုနှစ်ဆယ်ကျော်မှသိရတဲ့ သီလတောင်းခြင်းအကြောင်းအရင်း မျှဝေ လိုက်ပါတယ်ရှင်။

(ငါးပါးသီလမှ) ပဉ္စသီတရားငါးပါးဂုဏ်ကိုရည်၊ အားထားလို့ယုံယုံကြည်ကြည်၊ အဖုံဖုံအလီလီ ဘယာဘေးတွေ…ဝေး..ဝေးကြမည်။ ယခု ကာလ မုသာဝါဒပြုကာ မှားကြပြီ၊ (ဒုဒရိုက်ဆယ်ပါး တရားမှမညီ၊ ပြုမိုက်ကယ်မှားမှားကြမည်)၂ တရားအလာယုံကြည်၊ သိကြားသာသနာ ကြုံပြီ၊ လုံခြုံစေမည် ပဉ္စသီတရားပွားများဖို့သာရည်။

(ရှေးစာနဲ့အညီ တေးကဗျာဖွဲ့သီ)၂     ယက်သဲ့ကြား ငါးတင်မည်၊ တင်တဲ့ငါး ကြောင်ညိုဖား စား- စားလိမ့်မည်တဲ့။ ငါးပါးပဉ္စသီ လုံခြုံအောင် ထိမ်းသိမ်းကြပါစို့အတည်….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts