Han Thit Naing သတင်းဆောင်းပါး

ဟန်သစ်နိုင် – တော်ဝင်နှင်းဆီမှာ စာပေအနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြသမျှ

 

ဟန်သစ်နိုင် – တော်ဝင်နှင်းဆီမှာ စာပေအနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြသမျှ
သြဂုတ် ၂၈၊ ၂၀၁၄

ရန်ကုန်တော်ဝင်နှင်းဆီခမ်းမတွင် သြဂုတ်လ ၂၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံရေးအင်အားစုများ၊ သရုပ်ဆောင်၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပန်းချီဆရာ/ဆရာမများတတ်ရောက်ခဲ့ကြပြီး စာရေးဆရာဦးမိုးသူမှ သဘာပတိပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် …

“စာပေလောကတွင် ဖတ်သင့်တာ၊ ရေးသင့်တာများကို ဦးစားမပေးဘဲ ဝယ်ချင်အောင်ရေးမည့်စိတ်ဓာတ်များ ဝင်သွားမည်ကို စိုးရိမ်ကြောင်း၊ အပြိုင်အဆိုင်များလာသည့်ခေတ်ကြီးတွင် မှန်မှန်ကန်ကန်သွားဖို့ရာတွင်လည်း ခက်ခဲကြောင်း၊ ရင့်ကျက်ပြီး သဘာရင့်သည့် ဆရာကြီးများက  စာနယ်ဇင်းသမားများနှင့် မီဒီယာသမားများကိုလမ်းလွဲမသွားအောင်း ထိန်းသိမ်းပေးပြီး အထူးဂရုစိုက်သင့်ကြောင်း၊ နိင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသလို ခွဲလို့မရကြောင်း၊ မြန်မာတွင်မက ကမ္ဘာတွင်လည်း စာပေအနုပညာရှင်များအခန်းဟာ ပိုမိုအရေးပါ အင်အားကြီးကြောင်း၊ နိုင်ငံရေးတွင်လည်း နိုင်ငံရေးသမားမဟုတ်သည့် ပညာရှင်များ၊ စာပေသများက ချပြလုပ်ဆောင်လျှင် ပြည်သူများမှပိုမိုလက်ခံမည်ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းသည်လည်း တာဝန်ကို ကိုယ်နဲ့မခွာမြင်စေချင်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မရောက်သေးကြောင်း ထင်ရှားသိသာအောင် စာပေအနုပညာရှင်များက ဝိုင်းဝန်းကူညီသင့်ကြောင်း …” များကို ပြောကြားသည်။

“ဒီမိုကရေစီပျောက်ကွယ်သွားတာဟာ အာလုံးမှာ တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိတယ်လို့ စိတ်ဓာတ်ရှိဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

စာရေးဆရာဦးဖေမြင့်မှလည်း ပြောကြားရာတွင်

” စာပေသမားများသည် ၁၉၆၂ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်မှာ စာပေလွတ်လပ်မှုများဆုံးရှုံးခဲ့ရကြောင်း၊ စာပေသမားများအချင်းချင်းတွေ့ဆုံခွင့်ပွဲလမ်းများ၊ ဆွေးနွေးဝိုင်းများ စာကြည့်တိုက်များလုပ်ခွင့်မရှိခဲ့သဖြင့် အတွေးခေါ်အယူအဆများ ကြုံလှီခဲ့ရကြောင်း၊ ၂၀၁၂ သြဂုတ်လမှစပြီး ချုပ်ကိုင်လာသော စာပေစစ်ဆေးရေးကို ရုပ်သိမ်းလိုက်ကြောင်း၊ ယခု ၃နှစ်အတွင်းလောက်မှ သတင်းစာဂျာနယ်လစ်များပေါ်လာပြီး လွတ်လပ်လာမှုရှိလာကြောင်း၊ လွတ်လပ်စွာရေးသားမှုအပေါ်တွင်လည်း ချုပ်ကိုင်မှုအနေဖြင့် တည်ဆဲဥပဒေကိုသုံးပြီး သတင်းသမားများကို ကြီးမားသောထောင်ဒဏ်များဖြင့် ဖမ်းဆီးထောင်ချခြင်းများပြုလုပ်လာကြောင်း၊ စာနယ်ဇင်းသမားများ ထိခိုက်နစ်နာပြီး အစိုးရလည်း ဂုဏ်သိကာညိုးနွမ်းမည်စိုးသောကြောင့် စာနယ်ဇင်းအဖွဲ့စည်းနှင့် အစိုးရအဖွဲ့ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း …” များကိုပြောကြားသည်။

“စာနယ်ဇင်းလွတ်လပ်ခွင့်လည်း ကျင့်သုံးလို့ရအောင် ၊အခုဖြစ်တဲ့ပြသနာတွေလည်း ကြီးကြီးမားမား မဖြစ်အောင် ကျနော်တို့ကြိုးစားတာဖြစ်ပါတယ်၊ တဖက်မှာလည်း စာနယ်ဇင်းအဖွဲ့စည်းတော်တော်များများသည် စာနယ်ဇင်းသမားတွေကျင့်ဝတ်နဲ့အညီ ရေးသားကြဘို့ ကိုယ့်လူကိုယ် ထိန်းသိမ်းတဲ့အစိတ်အပိုင်းမျိုးလုပ်နေတာတွေရှိပါတယ်” ဟုစာရေးဆရာ ဦးဖေမြင့်ကပြောသည်။

ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)မှလည်းပြောကြားရာတွင် …

“ယနေ့မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောကိစ္စတွေမှာ အရေးပါသောကိစ္စတွေရော အရေးမပါသောကိစ္စတွေပါ ရှုပ်ရှက်ခတ်နေသောအချိန်ဖြစ်နေကြောင်း၊ ၅၉(စ) ဟုပြောနေချိန်တွင် မျိုးစောင့်ဥပဒေပေါ်လာခြင်း၊ ၄၃၆ ဟုပြောနေချိန်တွင် မန္တလေးကကိစ္စ ပေါ်လာခြင်း၊ PRဟုပြောနေချိန်တွင် ခေါင်းလောင်းကြီးဆယ်ခြင်းကိစ္စများပေါ်လာခြင်းတို့သည် နိုင်ငံရေးကို ပြည်သူများအနေနှင့် သတိထားသင့်ကြောင်း၊ အရေးမပါတာတွေ တိမ်မြုပ်ထားပြီး အရေးပါတာတွေကို ဖလှယ်ရင်း ကိုယ့်နိုင်ငံရေးကို ရှေ့သို့မရောက်ရောက်အောင်တွန်းအားပေးသွားဖို့လိုကြောင်း၊ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများသည် ဖိတ်စာရတိုင်း မလာတတ်ပဲ ယုံကြည်လေးစားချစ်ခင်နွေးထွေးသောကြောင့် လာရောက်ဝန်းရံ တက်ရောက်လာခြင်းဖြစ်ကြောင်း ” များပြောကြားသည်။

“ကျမတို့ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများအနေဖြင့် တနိုင်တပိုင်တတ်နိုင်သလောက် ရှင်းလင်းနေကြတာလေးတွေရှိနေတယ်”ဟုပြောသည်။

မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂအသင်း၏ ဥက္ကဌဖြစ်သော ဆရာထက်မြက်မှလည်း

” ယနေ့မြန်မာနိုင်ငံသည်စစ်အာဏာရှင်စနစ် ပြိုကျသွားပြီဟုမခံယူသေးကြောင်း၊ စာနယ်ဇင်းသမားများသည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဒီမိုကရေးစီရရှိရေးအတွက် စာပေဖြင့်တွန်းလှန်ခဲ့ခြင်းများလည်းရှိကြောင်း၊ စာနယ်ဇင်းသမားများသည် ယနေ့အချိန်တွင်လည်း ဖိနှိပ်ခံနေရဆဲဖြစ်ပြီး အထောက်အကူပြုပေးမည့်သူများမရှိသေးကြောင်း၊ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်အနေဖြင့် စာနယ်ဇင်းသမားများဘက်မှ အထောက်ကူပြုရပ်တည်ပေးစေလိုကြောင်းများ” ပြောကြားသည်။

ဆက်လက်ပြီး “စာနယ်ဇင်းသမားတွေဘက် ကဗျာဆရာတွေဘက် ပန်းချီဆရာတွေဘက်က မားမားရပ်တဲ့ ဒီမိုကရေစီတော်လှန်ရေးဖြစ်နေတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီကို တကယ်လှမ်းပြိုင်မယ့် ပါတီတစ်ရပ်အနေနဲ့ရော ရပ်တည်ပေးပါ” ဟုပြောသည်။

ကဗျာဆရာ သစ္စာနီမှလည်း ပြောကြားရာတွင် …

“ကဗျာဆရာများအနေဖြင့်လည်း နိုင်ငံရေးနှင့်ပတ်သက်သောလှုပ်ရှားမှုများကို နိုင်ငံရေးအင်အားစုများ အဖွဲ့စည်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း၊ ကဗျာဆရာနဲ့ နိုင်ငံရေးသမားတွေဟာ အတူတူဖြစ်ပြီးခွဲလို့မရကြောင်း ၊( ၁ )အမှန်တရားကိုမြတ်နိုးခြင်း၊ (၂)အဖိနှိပ်ခံပြည်သူများဘက်မှရဲရဲရပ်တည်ခြင်း၊ (၃)အကျိုးရလဒ်ကိုမျှော်ကိုးပြီးမလုပ်ကြောင်း၊ ဒီမိုကရေစီဆောင်ရွက်ရေးနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂအနေဖြင့် အမြဲတန်းလက်တွဲဖို့ အသင့်ရှိနေကြောင်း” များကို ပြောကြားသည်။

ဆက်လက်ပြီး “နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည် သိုမဟုတ်လည်း အာဏာရပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လို့လည်း ခေါင်းစီးလေးကို ယခု မျှော်လင့်ပါတယ်”ဟုပြောသည်။

ကာတွန်းဆရာ အော်ပီကျယ်မှလည်း …

” သင်တန်းများတက်ပြီး ခေါင်းစဉ်အောက်မှ သင်ကြားခြင်းခံရသောသူများသည် သတ်မှတ်ချက်များရှိနေပြီး အမြင်ကျဉ်းမှုများရှိနေကြောင်း၊ အနုပညာရှင်တွေအားလုံးဟာ အမြင်ကျယ်ဖို့ ကျယ်ပြန့်အောင်လုပ်ဖို့နှင့် ဘောင်ပိတ်နေလို့မရကြောင်း၊ နိုင်ငံတကာခရီးစဉ်များတွင် စာပေသမား၊ နိုင်ငံရေးသမား၊ သရုပ်ဆောင်များ ဂျာနယ်လစ်များအားလုံးသွားလာခွင့်များပြုလုပ်ပေးသလို ကာတွန်းဆရာများအတွက် အခွင့်လမ်းမရှိကြောင်း၊ အရင်ခေတ်ကစာရေးဆရာတွေ နိုင်ငံတကာခရီးစဉ်များတွင် လွတ်လွတ်လပ်လပ်သွားလာခွင့်များရှိခဲ့သလို အခုအနုပညာရှင်တွေအားလုံးကိုလည်း လွတ်လပ်စွာလေ့လာရေးခရီးစဉ်များ စီစဉ်မှုများလုပ်ပေးဖို့လိုကြောင်း” များကို ပြောကြားသည်။

ပန်းချီ ဓာတ်ပုံကိုယ်စား ဆရာဦးကျော်သောင်းမှ ပန်းချီကားများရေးဆွဲရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကို မော်ဒန်ပန်းချီများဖြင့် ပြသခြင်းများပြုလုပ်ကြောင်း၊ ပန်းချီကားများရေးဆွဲခြင်းများတွင်လည်း တားဆီးပိတ်ပင်မှုများရှိခဲ့ကြောင်း၊ ပြည်သူများဆင်းရဲနေခြင်းသည် အသိတရားများနည်းနေခြင်းကြောင့်ဖြစ်ပြီး ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး ဒီမိုကရေစီတော်လှန်ရေးကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းများ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံဆွေးနွေးပွဲတွင် တတ်ရောက်လာသော အနုပညာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ယောက်ချင်းစီထပြီးမိတ်ဆက်ခြင်းများပြုလုပ်ကြသည်။ အခမ်းအနားအပြီးတွင် ဒေါ်ခင်ကြည်စာကြည့်တိုက်အတွက် စာပေတိုက်အများအပြားနှင့် စာရေးဆရာများမှ စာအုပ်များလှူဒါန်းခြင်းများကို ဒေါ်အောင်ဆန်းစုကြည်မှလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းများပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts