Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – သတင်းစာဆရာကြီး မောင်ဝံသ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးအလှူပြုလုပ်

ရန်နောင် (ဗိုလ်တထောင်) – သတင်းစာဆရာကြီး မောင်ဝံသ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေးအလှူပြုလုပ်
သြဂုတ် ၁၃၊ ၂၀၁၄

အတွေးအမြင် ပဲ့ကိုင်ရှင်၊ ပြည်သူ့ခေတ်တွန်းအားရှင် သတင်းစာဆရာ၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စာရေး ဆရာမောင်ဝံသ ကွယ်လွန်ခဲ့ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နှစ်လည်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရွှေကျင်ကျောင်းတိုက်၌ နံနက် (၁၀) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

စာပေနယ်တွင်ဂုဏ်သိက္ခာကြီးမားသော အတွေးအမြင်စာစောင်ကို စတင်တည်ထောင်သူ၊ ယနေ့နိုင်ငံရေးလောကတွင် စိတ်ဝင်စားသူများ စောင့်ကြည့်နေရသော ပြည်သူ့ခေတ်ဂျာနယ်ကို တွန်းအားပေးနေသူဖြစ်သော စာရေးဆရာမောင်ဝံသ၏ တနှစ်ပြည့်အလှူပွဲသို့ နယ် ပယ်စုံမှ ပရိတ်သတ်အများအပြားတက်ရောက်ခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

ဆရာ့ကို ဧပြီလ ၁၇ ရက်၊ ၁၉၄၅ ခုနှစ်၊ အင်္ဂါနေ့တွင် အဖ ဦးမောင်ခင်၊ အမိဒေါ်မြစိန်တို့မှ မွေးဖွားခဲ့ပါသည်။ ဆရာ့တွင် မွေးချင်းရှစ်ယောက်ရှိပြီး ဦးမြသန်း၊ ဒေါ်တင်ကြည်၊ ဒေါ်သန်းမြင့်၊ ဒေါ်တင်လှ၊ ဦးသိန်းမြင့်၊ ဦးကြင်စိုးတို့ဖြစ်ပြီး ဆရာ ဦးစိုးသိမ်း (မောင်ဝံသ) သည် အငယ်ဆုံး သား တစ်ယောက်ဖြစ်သည်။

ဆရာသည် သူငယ်ချင်းဖြစ်သူ ဒေါ်မြင့်မြင့်နှင့်အိမ်ထောင်ကျခဲ့ပြီး  နှစ်ယောက်ထွန်းကားခဲ့သည်။ မထိုက်ထိုက်စိုး၊ မလတ်လတ်စိုး၊ နောင်နောင်စိုး၊ ချမ်းသားစိုးတို့ဖြစ်ကြသည်။ ဆရာ၏ သားသမီးများသည်လည်း ဆရာကဲ့သို့ စာပေအပေါ် ဝါသနာကြီးသူများဖြစ်ကြသည်။ မလတ်လတ်စိုးသည် လွတ်လပ်စိုး ကလောင်အမည်ဖြင့် စာပေများရေးသားလျက်ရှိပြီး မထိုက်ထိုက်စိုးသည်လည်း ထိုက်အမည်ဖြင့် စာပေများရေးသားလျက်ရှိသည်။သားဖြစ်သူ နောင်နောင်စိုးမှာ ရန်ကုန်စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့ရကာ စင်္ကာပူမှာနေထိုင်လျက်ရှိကာ သား ငယ်ဖြစ်သူ ချမ်းသာစိုးကတော့ အာဖရိကနိုင်ငံတွင် ဆရာဝန်အဖြစ် သွားရောက်လုပ်ကိုင်နေသူဖြစ်သည်။

ဆရာသည် ၁၉၆၂-၆၃ တက္ကသိုလ်တွင်ပေါ်ပေါက်ခဲ့သော ၇ ဇူလိုင်အရေးအခင်းမတိုင်မီကာလတွင် စာရေးဆရာ ရွှေစွန်ညို(ဦးခင်ဆွေ) နှင့်တွဲကာ ရင်ပြင်နီ၊ တိုက်ပွဲခေါ်သံ တို့ကဲ့သို့ ကဗျာစာအုပ်များကို ထုတ်ဝေခဲ့ပါသည်။ ဆရာသည် ၁၉၆၄-၆၅ ခုနှစ်မှစ၍ ၁၉၈၈ ခုနှစ်အထိ လုပ်သားပြည်သူ့နေ့စဉ်၊မြန်မာ့အလင်း၊မန္တလေးဟံသာဝတီ၊ ဗိုလ်တထောင် သတင်းစာဆိုတဲ့သတင်းစာတိုက် လေးတိုက်တွင် ၂၄ နှစ်ကြာကျင်လည်ခဲ့သော သတင်းစာဆရာသမားကြီးတစ်ဦးလည်းဖြစ်သည်။

ဆရာသည်  နိုင်ငံရေးသမားဘဝကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် ဗဟိုကော်မတီဝင်၊ဗဟိုအလုပ်အမှုဆောင်တစ်ဦးအနေဖြင့်လည်းတာဝန်ယူခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံခဲ့ရသူဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ခဲ့ဖူးသောဆရာသည် ၁၉၈၉ ဇူလိုင်လ ၂၀မှ၁၉၉၀ ဧပြီ ၂၉ အထိ တစ်ကြိမ်၊ ၁၉၉၀ အောက်တိုဘာ ၂၃ မှ ၁၉၉၂ ဧပြီလကုန်အထိတစ်ကြိမ်၊၁၉၉၆ မေ ၂၁ မှ၂၀၀၁ ဇွန်လ ၁၃ ထိတစ်ကြိမ် စစ်အာဏာရှင်အစိုးရ၏ ဖမ်းဆီးနှိပ်စက်ထောင်ချမှုကို ခံခဲ့ရပါသည်။

ဆရာသည် ၂၀၀၅ ခုနှစ်တွင် သတင်းစာပညာကျမ်းတစောင်ကိုရေးသားခဲ့ပြီး သုတစွယ်စုံဆုကို ရရှိခဲ့ပါတယ်။ ဆရာသည် ပြည်တွင်းသတင်းစာသင်တန်းကို ၁၉၆၇-၆၈ ကစာပေဗိမာန်တွင် ဖွင့်လှစ်သောသတင်းစာသင်တန်းကျောင်းတွင် ပထမပတ်သတင်းစာသင်တန်းတက်ရောက်ခဲ့ပြီး ၁၉၇၇ တွင် အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်တက္ကသိုလ်မှာ National Endowment for Humanities (NEH) Professonial Journalism Fellowship သင်တန်းကိုလည်း ပြည်ပတွင်ဆည်းပူးလေ့လာခဲ့သူဖြစ်သည်။ ထိုမှပြန်လာသောအခါ ဒေသကောလိပ်အမှတ်(၁)တွင်ဖွင့်သော လူထုဆက်သွယ်ရေး လုပ်ငန်းသင်တန်းတွင် သုံးနှစ်တာ သတင်းစာပညာများပို့ချပေးခဲ့ပါသည်။ ၂၀၁၀ အောက်တိုဘာ လမှ ၂၀၁၁ မတ်လအထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် NED Reagan- Fascell Democracy Fellowship နဲ့ သတင်းစာပညာ သုတေသနပြုခဲ့ပါသည်။

၁၉၈၄ အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့သော အတွေးအမြင်စာစောင်သည်လည်း ငွေရတုကာလကိုကျော်လွန်ခဲ့ပြီဖြစ်သည်။ယနေ့ခေတ်တွင် စောင်ရေ တထောင်လောက်ရောင်းရလျှင် အောင်မြင်သည်ဟုပြောနိုင်သောအခြေအနေတွင် စောင်ရေ ငါးထောင်ကျော် ပုံနှိပ်ခဲ့ရသည်မှာလည်း ဆရာ၏ အောင်မြင်မှု တစ်ခုဖြစ်သည်။ဆရာ၏ အတွေးအမြင် ကိုဖတ်၍ နားမျက်စိပွင့်လာသော လူများသည် ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်းများအဖြစ်ပေါ်ထွက်နေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ အတွေးအမြင် အားဆရာသေသွားသော်လည်းဆက်ပြီးတော့ ထုတ်ဝေပေးပါဟု ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အားတဖွဖွ မှာကြားခဲ့သူဖြစ်သည်။

ပုဂ္ဂလိက ဂျာနယ်များ ထုတ်ဝေခွင့်ကျလာသောအခါ ဆရာသည် ထောင်ထဲ၌ အကျဉ်းကျနေချိန်ဖြစ်သည်။ထောင်ထဲတွင် စိတ်ကူးယဉ်လာခဲ့မှုကို ဆရာအပြင်ရောက်သောအခါ ပုံဖော်ပါတော့သည်။ ပြည်သူအများပိုင်စိုးတဲ့ ပြည်သူ့ခေတ်ကိုရည်မျှော်တဲ့အတွက် ပြည်သူ့ခေတ် ဆိုသောအမည် ဖြင့်ဂျာနယ်တစောင်ထုတ်ဝေခဲ့ပါသည်။ ဆရာ ထုတ်သောပြည်သူ့ခေတ်ဂျာနယ် သည်လည်း ပရိတ်သတ်အထူးအားပေးသောဂျာနယ်ဖြစ်ခဲ့သည်။သတင်းထောက်မျိုးဆက်သစ်များအတွက် သတင်းစာသင်တန်းကျောင်းကိုလည်းတည်ထောင်ပြီးအခမဲ့ သတင်းစာပညာ သင်ပေးခဲ့သည်။ဆရာ၏ ဂုဏ်ကျေးဇူးကားအထူးပင်ကြီးမြတ်လှပါသည်။

ဟေ့ ဒို့ တွေရဲ့ အလံမှာရှိတဲ့ ဒေါင်းဟာ ခွပ်ဒေါင်းကွ၊ကဒေါင်းမဟုတ်ဘူး၊Fighting Peacock ,Not Dancing Peacock ဟု အာပေါင်အာ ရင်းနှင့် ဆရာပြောခဲ့သည်များကို မမေ့နိုင်သေးပေ။ဆရာ၏ စတိုင်မှာ အလွန်ရိုးရှင်းသည်။ တိုက်ပုံအင်္ကျီ နှင့် ခေါက်ထီးတလက် ဂျိုင်းကြားညှပ်ကာ လျှောက်လှမ်းလာသော ဆရာ့ပုံစံအား မျက်စိထဲကမထွက်သေးပေ။


ရိုးရှင်းသော စာရေးဆရာ ဘဝကိုခံယူရင်းဆရာသည် ထောင်တွင်း၌ စစ်အာဏာရှင်အစိုးရ၏ နှိပ်စက်မှုကြောင့် ဖြစ်ခဲ့သော ဝေဒနာ များဖြင့် ၂၀၁၃ ခုနှစ်သြဂုတ်လ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝိတိုရိယအထူးကုဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

ဆရာနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာရေးဆရာမ ဒေါ်ရွှေကူမေနှင်းကလည်း ဆရာ့နှစ်ပတ်လည်တွင် ယခုကဲ့သို့ အမှတ်တရ ပြောပြခဲ့သည်။  အမေနှင်းနဲ့သူက သိတာကြာပြီပေါ့၊စာရေးသူအချင်းချင်း အနေနဲ့ သိရာကနေ NLD မှာ နိုင်ငံရေးတူတူလုပ်တော့ ပိုတွဲမိတာပေါ့ကွယ်၊ခုနေ ကိုဝံသ များရှိရင် အခုအော်နေတဲ့ ပီအာရ် ကိုသူဘယ်လိုများပြောမလဲမသိဘူးလို့ တွေးနေမိတယ် ဟု ပြောပြခဲ့သည်။

ဆရာမောင်ဝံသ၏ တနှစ်ပြည့်တွင် ဆရာ၏ လုပ်ဖော်ကိုင်ဖက်များ၊ဆရာ့ကိုချစ်ခင်လေးစားသော ဆရာ့တပည့်များက စုစည်းရေးသားသော အမှတ်တရ စာအုပ်တအုပ်ကိုလည်းထုတ်ဝေခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts