မှတ်စုမှတ်တမ်း အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၉)- ဂန္ဒီခန်းမအစည်းအဝေးဒုတိယနေ့

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၉) – ဂန္ဒီခန်းမအစည်းအဝေးဒုတိယနေ့
သြဂုတ် ၁၃၊ ၂၀၁၄
 
 
 

(၂၉)ရက်နေ့  မနက်တော့ အိမ်ကထွက်ကတည်းက မနေ့က ရခဲ့တဲ့ရင်ထိုးတံဆိပ်၊ ဖဲပွင့်၊ အမည်နဲ့ မဲဆန္ဒ နယ်မြေ ပါ  ပလတ်စတစ်ရင်ထိုးများ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ရင်ထိုးတံဆိပ်တွေ   ဝေဝေဆာဆာ တပ်ခဲ့တာမို့ဘတ်စ်ကား မစီးတော့ပဲ တက္ကစီပဲ စီးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်..။
တက္ကစီပေါမယ့် ကြည့်မြင်တိုင်  အထက်လမ်းဘက်ကို မီးရထားလမ်း ကူးပြီး လာခဲ့တယ်…။   မာဇဒါဘီ၆၀ဝတက္ကစီတစ်စီးကို တားပြီး ဗိုလ်အောင်ကျော်လမ်းကို ဘယ်လောက်လဲလို့ မေးတော့ကားဆရာကရယ်ပြီး “တက်ပါဗျာ၊ ကျွန်တော်အလကားပို့ပေးပါ့မယ်”…လို့ပြောပါတယ်..။ ပြီးတော့ တစ်ဆက် တည်းပဲ“ကျနော်တို့က ဒီလောက်တော့ပံ့ပိုးပေးရမှာပေါ့”  လို့လည်းပြောပါတယ်…။ ကျနော်လည်း ကားရှေ့ခန်းကို..တက်လိုက် ပါတယ်။

လမ်းတစ်လျှောက်မှာ သူက  ဘယ်မြို့နယ်ကလဲလို့မေးရင်းကျနော်တို့မြို့နယ်ရဲ့ အခြေအနေကို မေးပါတယ်..။ သူကတော့စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းက ဖြစ်တဲ့အကြောင်း..။ သူကိုယ်တိုင်လည်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဖြစ်တာ၊ သူက ပြည်ဇာတိဖြစ်တာနဲ့ပြည်မြို့နယ်တစ်နယ်က ဘယ်လိုဖြစ်သွားတာလဲလို့ မေးပါတယ်..။ ပြည်(၁)မြို့နယ်မှာ အင်အယ်ဒီကရှုံးသွားလို့ဖြစ်ပါတယ်..။ ကျနော်လည်း သိသလောက် ခပ်ကျဉ်းကျဉ်း ပြောပြလိုက်ပါတယ်…။သူက“ ဆိုးတာပေါ့ဗျာ”လို့ မှတ်ချက်ချပါတယ်။

ပြည်ကိုပြန်မရောက်တာကြာပြီမို့ ပြည်က လူတွေရော၊ အခြေအနေတွေပါသူမသိတာများပါတယ်။မြို့ထဲဘက်ရောက်တော့ သူက ကမ်းနားလမ်းနှစ်လမ်းမောင်းဘက်  ကဝင်ပါတယ်။ဒါဆိုရင် ဗိုလ်အောင်ကျော် လမ်းထောင့်  ကျရင်ဆင်းပြီးကုန်သည်လမ်းဘက်နည်းနည်းပဲ လျှောက်ရမယ်..။ တကယ်လို့ ဂန္ဒီခန်းမရှေ့အရောက် ဝင်ခွင့်ရရင်လည်း သူလိုက်ပို့ပေးမယ်ပြောပါတယ်။ ဒီနေ့တော့ဂန္ဒီခန်းမအောက်အထိကားနဲ့ဝင်လို့ရပါတယ်..။ ရဲတွေက ဆီးတားပေမယ့် ကျနော့်ရင်ဘတ်ကတံဆိပ်တွေနဲ့မို့ဝင်ခွင့်ပြုလိုက်တာပါ..။

ဂန္ဒီခန်းမထဲ စောစောရောက်တယ်။ဧည့်သည်အဖြစ်တက်ရောက်လာတဲ့မောင်လင်းယုန် (ရှမ်းပြည်)က ဓာတ်ပုံတွဲရိုက်မယ်ဆိုပြီး သူ့အသိကင်မရာသမားခေါ်လာပြီးရိုက်ပါတယ်။ သူက “နေဦး၊ခရမ်းတင်မောင်ဝင်းကို ရှာဦးမယ်”ဆိုပြီး ထွက်သွားပါတယ်။ ၆၀ခုနှစ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးမှာတွဲခဲ့တဲ့သူတွေပါ။ ခန်းမထဲ ရောက်တဲ့သူတွေလည်းဆိုင်ရာဆိုင်ရာအသိများကို နှုတ်ဆက်ကြပါတယ်။ကျနော်နဲ့ တစ်မြို့တည်း နောက်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးအေးသန်းကကြာအင်းဆိပ်ကြီးက အရွေးခံရတဲ့  မျိုးချစ်ရဲဘော်ဟောင်း  ဗိုလ်ကြီးလှမောင်ကို သွားနှုတ်ဆက်ကြမယ်လို့ပြောပါတယ်။ သူက (၁၉၆၉) ခုနှစ်က ပေါင်းတည်မှာ နလက ဥက္ကဌ
လုပ်သွားဖူးပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ကျွန်းဆွယ်အရေးအခင်းဖြစ်ပြီးစ တက္ကသိုလ်ကပြန်လာတဲ့ ဦးအေးသန်း အဖမ်းခံရတယ်..။ဗိုလ်ကြီးလှမောင်က နလက ဥက္ကဌဆိုတော့ သူတို့ဆုံဖူးပါတယ်။ ကျနော်နဲ့ ကတော့တင်းနစ်ကွင်းမှာအတူကစားဖူးသူတွေပါ..။ တင်းနစ် ကလပ်သင်းဓာတ်ပုံစုရိုက်တော့ အတူတူဓာတ်ပုံရိုက်ခဲ့ဖူးပါတယ်။ သွားနှုတ်ဆက်ပြီးပေါင်းတည်ကဆိုတော့ ကျနော့်ကို ချက်ခြင်း မှတ်မိပါတယ်။ဦးအေးသန်းကိုသိပ်မှတ်မိပုံမပေါ်လို့ ကျနော်ကပဲပြောရတယ်။“၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်းနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးတို့ပေါင်းတည်မှာ ကျောင်းသားနှစ်ယောက် ဖမ်းတဲ့အထဲက တစ်ယောက်လေ”လို့ပြောတော့မှ “အေးဗျာ၊ အဲဒီတုန်းကလည်း ကျနော်တို့က ကြားကပါ။အပေါ်ကခိုင်းလို့ခေါ်ပြီး ပြည်ကိုပို့ပေးရတာပါ”  လို့ ပြောနေတုန်းပဲအခမ်းအနားမှူး ဦးစိန်လှဦး  စင်မြင့်ပေါ်တက်လာတာမြင်လို့ နှုတ်ဆက်ပြီး ကိုယ့်နေရာကိုယ် ပြန်ခဲ့ကြပါတယ်..။

ဒုတိယနေ့မှာလည်း  သဘာပတိအဖြစ် ဦးကြည်မောင်က ဆောင်ရွက်ပြီးဦးစိန်လှဦးကအခမ်းအနားမှူးပါပဲ။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး   ကျောင်းသားလူငယ်များနဲ့နိုင်ငံရပ်ခြားမှ ဒီမိုကရေစီလိုလားသောညီအစ်ကို၊ မောင်နှမများက သဝဏ်လွှာတွေပေးပို့တာကြေညာ ပါတယ်။ နောက်မနေ့ကအဆက် အဖြစ်မန္တလေးတိုင်း၊ တံတားဦး(၁)က ဦးဧရာ တက်လာပါတယ်။ လွှတ်တော်ဘယ်တော့ခေါ်မှာလဲ၊အာဏာဘယ်တော့လွှဲမှာလဲ..။ ဒါပြည်သူတွေဆန္ဒအရ မေးနေ ရတာပါ။လွှတ်တော်ကိုစက်တင်ဘာ(၁၅)ရက်နေ့အတွင်းခေါ်ပေးပါလို့တောင်းဆိုကြောင်းတင်ပြပါတယ်။

မန္တလေးတိုင်း ကပဲ အမရပူရ(၁) ကိုယ်စားလှယ်ဦးဇော်မြင့်မောင်ကတော့ အခုခေါ်ယူပေးဖို့ တောင်းဆိုနေတဲ့ လွှတ်တော်ဆိုတာ ရုပ်သေးလွှတ်တော်မဟုတ်ဘူး.။အာဏာသုံးရပ်ကိုအပြည့်အဝပိုင်စိုးတဲ့လွှတ်တော်ပဲ ဖြစ်ရမယ်လို့ပြောပါတယ်..။ ဒီလွှတ်တော်ကို လည်း စက်တင်ဘာလ(၁၅)ရက်နေ့မတိုင်မီ ခေါ်ပေးပါလို့နဝတကို အကြောင်းကြားရမယ်လို့ ဆွေးနွေး ပါတယ်။

မန္တလေးတိုင်းက နောက်တစ်ယောက်က မြစ်သား(၁)ကိုယ်စားလှယ်ဒေါ်အုန်းကြည်ပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲနည်းနဲ့အရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေကို နဝတထုတ် နေ့စဉ်သတင်းစာတွေက သွယ်ဝိုက်ပြီး တစ်မျိုး..။ တိုက်ရိုက်တစ်မျိုး… နေ့စဉ်တိုက်ခိုက်ရေးသားနေတာဟာ အလွန်သဘာဝမကျလို့ ဒါတွေမလုပ်ဖို့နဝတကိုပြောပါ..။ ကျွန်မတို့ဘက်က  သတင်းလွှာ ကိုလည်း
တိုးချဲ့ထုတ်ဝေဖို့လုပ်ပါလို့  တိုက်တွန်းသွားပါတယ်။

နောက် မွန်ပြည်နယ်က  ကျိုက်ထို ကိုယ်စားလှယ် ဒေါက်တာအေးဇံက ဒီနေ့အစည်းအဝေးကြီးဟာ ခိုင်မာသော ဆုံးဖြတ်ချက်များကျင့်သုံးပိုင်ခွင့်ရှိကြောင်း..။ ဒါကြောင့် အာဏာဆိုရာမှာ ကန့်သတ်တဲ့အာဏာခွဲဝေ ကျင့်သုံးရမယ့် အာဏာမျိုး မလိုချင်ပါ..။ လက်မခံဘူးဆိုတာယတိပြတ်ဆုံးဖြတ်ထားပါလို့ ခပ်တင်းတင်းပဲပြောသွားပါတယ်..။ အခုအထိ အာဏာခွဲဝေရေး ဆိုတဲ့ အသုံးကိုသုံးသွားတာသူတစ်ယောက်ပဲရှိသေးတယ်.။

ဒီပြည်နယ်ကပဲ  နောက်တစ်ယောက် ကတော့  မုဒုံ(၁)ကဒေါ်တင်စောဦးပါ..။  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ  မူကြမ်းရေးဆွဲရာမှာ လစ်ကွက်ဟာကွက် မရှိအောင်   တခြား ကျွမ်းကျင်သူများ၊  လူမျိုးစုများနဲ့ထပ်မံညှိနှိုင်းဖို့တင်ပြသွားပါတယ်။

ရခိုင်ပြည်နယ်  တောင်ကုတ်မြို့နယ်က ဦးကျော်ခိုင်ကတော့လက်ရှိစစ်အုပ်ချုပ်ရေးနဲ့  ပြည်သူ့လွတ်လပ်ခွင့် ကန့်သတ်ထားတဲ့  အမိန့်ဥပဒေ များ ရုတ်သိမ်းပေးဖို့  စောလျင်စွာလိုအပ်နေပြီ..။   အဖွဲ့ချုပ်နဲ့ နဝတ တွေ့ဆုံ ဆွေးနွေးရမယ့် ကြားကာလအပိုင်းအခြားရှိဖို့ မလိုအပ်တော့ ဘူး..။ ဆက်တိုက် လုပ်သွားဖို့ပဲလို့ ဆွေးနွေးသွားပါတယ်..။

ရသေ့တောင်(၁)က ဦးမောင်ကြွင်းအောင်က  ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး၊   ပြည်သူ့လွှတ်တော်အမြန်ခေါ်ယူရေး၊ အာဏာအမြန်လွှဲအပ်ရေး၊ အထွေထွေအတွင်းရေးမှူးနဲ့နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတာတွေကို   ဒီခန်းမထဲကကိုယ်စားလှယ်များက သတ္တိရှိရှိတောင်းဆို သွားပါလို့ ရခိုင်သံဝဲဝဲ၊ ဒေါပါပါနဲ့ ဆွေးနွေးသွားပါတယ်။

ရန်ကုန်တိုင်း  အလှည့်ရောက်တော့ ကျောက်တန်းကိုယ်စားလှယ်ဒေါက်တာသန်းငြိမ်း တက်လာပါတယ်။ သူက နဝတ အတွင်းရေးမှူး(၁)  ဗိုလ်ခင်ညွန့် နဲ့ယောက်ဖအရင်းခေါက်ခေါက်မို့   နာမည်ကြီးနေသူပါ။ သူ့နှမ ဒေါ်ခင်ဝင်းရွှေဆိုတာဗိုလ်ခင်ညွန့်ရဲ့ ဇနီးပေါ့။ လွန်ခဲ့တဲ့သုံးရက် လောက်က ကမ်းနားလမ်းကြိတ်ဝိုင်းတစ်ခုမှာ သူလည်းပါပါတယ်..။ ဒီညှိနှိုင်းပွဲ တုန်းက ကျနော်တို့ဆွေးနွေးခဲ့တာတွေကိုတော့ ဒီနေ့ နှစ်ရက် ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေ  သတိမရ ကြတော့ ဘူး။ ထည့် မဆွေးနွေး သလောက်ပဲ..။ခုနက မွန်ပြည်နယ် ကိုယ်စားလှယ် တစ်ယောက်သာ အာဏာခွဲဝေရေး ဆိုတဲ့ အသုံးထည့်သုံး သွားတယ်။

လိုင်းကတော့ပြတ်ပြတ်ပဲ..။မနေ့ကထက်တောင်ဒီနေ့ပိုပြတ်လာကြတယ်။ ဒါကို ကိုသန်းငြိမ်း များသတိရမလား…။ သူကတော့ တက္ကသိုလ်တုန်းက တပ်ဦးမှာ အတူတူလုပ်ခဲ့ဖူးပြီးနိုင်ငံရေးကို ကြိုတင်ညှိနှိုင်း ချမှတ်မှု များနဲ့ လုပ်ဆောင် တတ်သူ..။ဒါပေမယ့်  သူလည်း တက်ပြီး စကားပြောကြတဲ့ လွှတ်တော် ကိုယ်စားလှယ် များရဲ့ ရေစီးကြောင်းမှာ မျောပါ သွားပါတယ်။ “ကိုယ်စားလှယ်ကြီးများခင်ဗျား ကျွန်တော်တို့ ဂန္ဒီခန်းမရဲ့ ဘေးကကုန်သည်လမ်း နဲ့ ဗိုလ်အောင်ကျော်လမ်း ပလက်ဖောင်းဆီကိုကြည့်လိုက်စမ်းပါ..။ ရဟန်းရှင်လူ  ကျောင်းသား ပြည်သူတွေဟာ စစ်သားတွေနဲ့လှံစွပ်တကမ်းမှာ မိုးရွာရွာ နေပူပူ မျှော်လင့်တကြီးစောင့်စားရင်းအားပေးနေကြပါတယ်..။ သူတို့ ဘာတွေ စောင့်နေကြတာလဲ..။ သူတို့ ဘာတွေကို အားပေးနေကြတာလဲ…။ လွန်ခဲ့တဲ့ နှစ်လလောက်ကအသက်စွန့်ပြီး  လွှဲအပ်လိုက်တဲ့ .သူတို့ ပေးလိုက်ကြတဲ့ တာဝန်တွေကို ခင်ဗျားတို့ ကျွန်တော်တို့ကျေမှကျေပါ့မလားကိုယ်စားလှယ်ကြီး တွေ အားများနည်းနေသလား..။နည်းနေသေးရင် သူတို့အားဖြည့်ပေးဦးမယ်ဆိုပြီးလာနေကြတာ..။ ဒီလို တာဝန်တွေ ကျေပြီးရင်း ကျေနေတဲ့ပြည်သူတွေကို…”

(လက်ခုပ်သံများ) (အပြင်ကလက်ခုပ်သံများ)
ဒီလောက်ပြောကတည်းက သူလည်း ဒီအရှိန်ကြီးထဲ မျောပါသွားပြီဆိုတာသိလောက်ပါပြီ။ (၁/၉၀) ကြေညာချက်ကို  မခံမရပ်နိုင်ဖြစ်နေတဲ့သူတွေပဲ..။သူသူ ကိုယ်ကိုယ် ဒီလိုဖြစ်လာတာဟာ ဆန်းတယ်လို့တော့ ပြောလို့မရပါဘူး။

ရန်ကုန်တိုင်းက နောက်တစ်ယောက်ကတော့ ပုဇွန်တောင် ဦးနိုင်းနိုင်းပါ။   “ကျွန်တော်တို့ ဖွင့်လှစ်ပေးရမယ့် ဒီမိုကရေစီ တံခါးကြီးကိုမပွင့် အောင် ပဉ္စလက်နဲ့ စီမံထားတာဆိုတော့ ဖွင့်လိုက်ရင်အန္တရာယ်ဖြစ်မှာလား.. အရင်သိဖို့ လိုတယ်။ သူက ပဉ္စလက်နည်းသုံးရင် ကိုယ်ကသူ့ထက်သာတဲ့ ပဉ္စလက်နည်းကိုသုံးရမှာပေါ့…။ရွှေပြည်တော် မျှော်တိုင်း ဝေးတဲ့ အဖြစ်တော့ ဘယ်တော့မှမခံနိုင်ပါဘူး..။ အဖွဲ့ချုပ်နဲ့လွှတ်တော်ကိုယ်စားလှယ်များကြား   ဆက်ဆံရေး ကိုလည်း နားလည်ကြဖို့အရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကတည်းက သက်ဆိုင်ရာ   နယ်မြေအဖွဲ့ချုပ်အတွင်း   ရှင်သန်ပေါက်ဖွားလာ သူတွေအတွက် အရေးမကြီးပေမယ့်အခြားအမျိုးအစားကတော့ အဖွဲ့ချုပ်နဲ့ အဆက်မပြတ်အောင် ရှိနေဖို့ထပ်မံသတိပေးချင်တယ်..။ ပြည်သူ့လွှတ်တော်ဆိုတာ   အာဏာသုံးရပ် ကိုင်စွဲရမယ့်  လွှတ်တော်ပဲ ဖြစ်တယ် ဆိုတာ တစ်ချက်မှအလျှော့အတင်းမလုပ်ပါနဲ့”…လို့ပြောသွားပါတယ်။

ရန်ကုန်တိုင်းက နောက်တစ်ယောက်က လှည်းကူး(၂)က ဦးစံတင်ပါ။ယာယီဖွဲ့စည်းပုံအခြေခံ ရေးဆွဲပြီး အာဏာ လွှဲပြောင်းယူမယ် ဆိုတာ
ထောက်ခံပါတယ်ဆိုတာလောက်ပဲပြောသွားပါတယ်။ရှမ်းပြည်နယ်က ပထမဆုံး စကားပြောသူကတော့ တောင်ကြီး(၂)က ခွန်ဖေထွေး(ခေါ်)ခွန်ရတနာဟော့ ဖြစ်ပါတယ်။ အမည်ဆန်းသလောက် ရှမ်းပီပီ ဖြူဖြူသေးသေးနဲ့အပြောကောင်းလှပါတယ်။“ကျွန်တော်တို့ လွှတ်တော် အမြန် ပေါ်ပေါက်ရေး၊ အာဏာလွှဲပြောင်းရေးပြောနေတာအာဏာရူးလို့မဟုတ်ဘူး၊ သမိုင်းမှာ တာဝန်မကျေသူ ဖြစ်မှာ စိုးလို့ပြောနေရတာပါ..။ ကျွန်တော်တို့ဟာ   သမိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရည်တူ အခွင့်အရေးကိုသာ တောင်းဆိုခဲ့ ပေမယ့် ကျွန်တော်တို့မတောင်းခဲ့တဲ့ ခွဲထွက်ရေး  တောင်းဆိုသူ များအဖြစ် တွန်းပို့ခဲ့ကြပါတယ်..။ ဘယ်သူတွေက တွန်းပို့ ခဲ့တယ်ဆိုတာတော့ နောက်ကြောင်းမပြန်လိုတော့ပါဘူး..။ ပင်လုံမြေမှာ အခြေခံခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ တန်းတူညီမျှ အခွင့်ရေးပေးခြင်းအားဖြင့်  ဆက်လက်ရှင်သန်ဖို့သာလိုလားပါတယ်..။ ရှေ့ဆက်ပြီးပြည်နယ်သားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရည်တူအခွင့်အရေးများ၊ရပိုင်ခွင့်များ အပေါ် အခြေပြု တည်ဆောက်သွားမယ့် ဖက်ဒရယ်ပြည်ထောင်စုကိုသာ လိုလားပါတယ်”..လို့ အပြောပိုင်ပိုင် တင်ပြသွားလို့ လက်ခုပ်သံတဖြောင်းဖြောင်းဖြစ်ရပါတယ်။

ကျိုင်းတုံ(၁)က ဦးစိုင်းလုံးကျောက်က“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာ အရာရာအတွက်ဗဟိုကျလို့ ဒါကို မျက်ခြေဖြတ် မပစ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေပြပြီး စည်းရုံးခဲ့လို့ အနိုင်ရတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုမေ့မသွားဖို့ ဗဟိုကို သတိပေးချင်ပါတယ်”

(လက်ခုပ်သံများ)(အပြင်မှလက်ခုပ်သံများ)

“ပြီးတော့ နဝတရဲ့ တာဝန်ရှိပုဂ္ဂိုလ်ကြီး တစ်ဦးက ပြောဖူးပါတယ်..။ရုပ်ရှင်လက်မှတ်ဝယ်ပြီးရင် ရုပ်ရှင်ရုံထဲမဝင်ပဲ ဘာလုပ်နေမှာလဲတဲ့..။အားလုံးလည်းမှတ်မိကြဦးမှာပါ(ဒါကတစ်ချိန်ကဗိုလ်ချုပ်စောမောင်ကပါတီတွေဖွဲ့ပြီးမှ ရွေးကောက်ပွဲမဝင်ဘူးဆိုတာ ဘာသဘောလဲ၊ ရုပ်ရှင်လက်မှတ်ဝယ်ပြီးမှရုပ်ရှင်ထဲမဝင်ရင် ဘာလုပ်မှာလဲလို့ ဒေါ်အောင်ဆန်းစုကြည်ကိုစောင်းပြီးပြောဖူးပါတယ်။ ဒါကိုသူပြန်ကောက်တာပါ။) ကျွန်တော်တို့ပါတီများများဘဲရုပ်ရှင်လက်မှတ် ..ဝယ်တာနဲ့တူတဲ့ ပါတီလည်း  ထောင်ခဲ့ပြီးပြီ…။ရုပ်ရှင်ရုံထဲဝင်တာနဲ့ တူတဲ့ရွေးကောက်ပွဲဝင်လို့လည်း အနိုင်ရပါတီ ဖြစ်လာပြီ..။ဒီတော့ နောက်ထပ် မေးစရာရှိလာပါတယ်..။ရုပ်ရှင်ရုံထဲလည်းလူစုံပြီ..။ဘာလို့ ရုပ်ရှင်မပြသေးတာလဲ”

(လက်ခုပ်သံများ)

“ရုပ်ရှင်ပြချိန်တန်လို့ မပြရင်.. ပရိသတ်ကဘာလုပ်တတ်သလဲ..။ ဘာတွေဖြစ်လာတတ်သလဲ”

(လက်ခုပ်သံများ)

“နဝတစဉ်းစားမိပုံ မပေါ်သေးရင်အဲဒါစဉ်းစားပါ”..လို့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ပဲ ပြောသွား ပြန်ပါတယ်။

ရှမ်းပြည်နယ် နောင်ချိုကိုယ်စားလှယ် ဦးထွန်းအောင်ကတော့ဒီရွေးကောက်ပွဲမှာ    အမတ်ဦးရေ အများဆုံး ရရှိပြီးအစိုးရဖွဲ့နိုင်လောက်တဲ့ အဖွဲ့ကြီးကို နဝတက မတွေ့နိုင်ဘူးဆိုတာဘာကြောင့်လဲလို့ စဉ်းစားသင့်ပါတယ် လို့ပဲ ဆွေးနွေးသွားပါတယ်။

နောက် ဧရာဝတီတိုင်းက ဘိုကလေး(၁) ဦးဝင်းကြိုင်၊ အိမ်မဲ(၂)ဦးမြင့်မောင်တို့ နောက်ဆုံးဆွေးနွေးကြရာမှာ “နိုင်ငံရေးသဘောတရားအရ အကောင်းဆုံးအချိန်ဟာ တစ်ချိန်သာရှိပြီးအချိန်အကန့်အသတ်လည်း ရှိပါတယ်။ ဒါကို အမိအရ ဆုပ်ကိုင်နိုင်ဖို့လိုပါတယ်။မြစ်ဝကျွန်းပေါ်မှာ အဆိုတစ်ခုရှိတာက ရေကျော်တစ်ခုကို ဖြတ်ဖို့ဟာရေပြည့်ချိန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအဖွဲ့ဟာရေပြည့်ချိန်မှာ ဖြတ်နိုင်အောင်ဖြတ်ပါလို့ တိုက်တွန်းသွားပါတယ်။ ဗဟိုက ဦးဆောင်မှုကိုလွှတ်တော်ကိုယ်စားလှယ်များက   လက်တွဲမဖြုတ်၊ လိုက်ပါဖို့လည်း
ကတိပြုပါတယ်..လို့ဆွေးနွေးပြီး   ပြည်သူတွေရဲ့ ဒီမိုကရေစီ မွတ်သိပ်မှုကိုဖြေရှင်းပေးဖို့ရော၊ ကမ္ဘာပေါ်က ဒီမိုကရေစီနိုင်ငံအသီးသီးရဲ့ ရွေးကောက်ပွဲကျင့်ထုံးကျင့်နည်းတွေအရရော လွှတ်တော်ကို အမြန်ဆုံး ခေါ်ပေးတဲ့ကောင်းမြတ်တဲ့ အစဉ်အလာတစ်ရပ်ကို နဝတ က ဆောင်ရွက်ပေးပါလို့တိုက်တွန်းပါတယ်။ လွှတ်တော်ကိုလည်း စက်တင်ဘာလအတွင်းခေါ်ပေးပါလို့ တောင်းဆိုသွားပါ တယ်။

ဗဟိုအလုပ်အမှုဆောင်ရဲ့ အစီရင်ခံစာကို ပြည်နယ်နဲ့တိုင်းအသီးသီးက ပြန်လည်ဆွေးနွေးပြီးသွား လို့ အစည်းအဝေးကို ခဏနားပြီးနံနက်စာစားကြပါတယ်။ ထမင်းစားရင်း စဉ်းစားမိတာတော့ အစည်းအဝေးမတိုင်မီကျနော်တို့ ကြိုတင်ပြီး ကြိတ်ဝိုင်းကလေးတွေမှာ ချခဲ့တဲ့ သဘောထားနဲ့တော့ဒီအစည်းအဝေးကြီးရဲ့သဘောထားက ပိုမို ပြင်းထန် မြင့်မားသွားပါပြီ…။ လွှတ်တော်ခေါ်ယူရေးကိုအဓိကထားရမှာ ဖြစ်ပေမယ့် လွှတ်တော်ရဲ့အာဏာစက်ကို တည်ဆောက်ရဦးမယ့် ကာလတစ်ရပ်ရှိဖို့ လိုတယ်..။ ဒီကာလမှာမီဒီယာတွေကိုအသုံးချပြီး လွှတ်တော်ကို တည်ငြိမ်အောင် နဲ့ ဩဇာသက်ရောက်အောင်ဖန်တီးပြီးမှ အာဏာ လွှဲပြောင်းရေးကို သွားရမယ်ဆိုတဲ့ သဘောဟာ မရှိတော့ပါဘူး..။

တကယ်တော့ ဒီသဘောထားကလည်း   ကျနော်တို့ဝိုင်းတစ်ဝိုင်းတည်းရဲ့သဘောထား ဖြစ်ချင်ဖြစ်နေ မှာပါ..။ ဒီမှာ တစ်ခုတည်းသော သဘောထားတစ်ရပ်ကို ကြိုတင်ရရှိရေးနဲ့အဲဒီသဘောထားကနေပြီး ဘေးစောင်း မသွားရေး..။ လူများစု ရဲ့နောက်မြီးဆွဲသဘောထားကို  ပြောင်းမသွားရေးကို   အခုအခါမှာရော ဘယ်သူကလေထန်ထန်မှာ ထွက်ရပ်ရဲမှာလဲ…။ ဒီတော့မှလည်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဟာ အရာရာရဲ့ ဗဟိုချက် ဖြစ်တယ်ဆိုတာပိုပြီး သဘောပေါက် သွားပါတယ်။ လေထန်ထန်မှာ လူများစုကို ရင်ဆိုင်ပြီး သဘောထားတစ်ရပ်ကို အခိုင်အမာ ရပ်တည် နိုင်မယ့်သူ..။ ရပ်တည်ရဲတဲ့သူဟာဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဘယ်သူစွမ်းနိုင်မှာလဲ..။

အခု အစည်းအဝေးကြီး မှာ ဦးကြည်မောင် ရဲ့ ခေါင်းဆောင်မှုကိုလက်ခံနိုင်လာပါပြီ ဆိုတာတောင်မှ အခုလို ကိုယ်စားလှယ်အားလုံးက  လွှတ်တော်အမြန်ခေါ်ရေး..၊ ဒီလွှတ်တော်က အာဏာသုံးရပ် ပိုင်ဆိုင်ရေး၊ အာဏာအမြန်လွှဲပြောင်းရေး  ဆိုတာတွေကို   အားကောင်း မောင်းသန်   ဆွေးနွေးနေချိန်မှာ တချို့ကိစ္စများအတွက်  အသွင်ကူးပြောင်းဆဲ ကာလရှိဖို့လိုအပ်တယ်ဆိုတဲ့သဘောထားမျိုးနဲ့ဘယ်မှာ တင်းတင်းကြီး ရပ်ခံရဲပါ့မလဲ။ နောက် အစီအစဉ်တွေမှာ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုဦးစီးအဖွဲ့များကဘယ်လိုင်းဆွဲယူသွားမ လဲ စောင့်ကြည့် ရတော့မှာပေါ့..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts