သတင်းပဒေသာ ကျော်ဟုန်း

ကျော်ဟုန်း – ကနေဒါ ဗန်ကူးဗားမှ ၂၆ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား

ကျော်ဟုန်း – ကနေဒါ ဗန်ကူးဗားမှ ၂၆ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား
သြဂုတ် ၁၃၊ ၂၀၁၄ 
 
 


ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဘီစီမှာ အခြေနေထိုင်နေကြတဲ့ ကျောင်းသားတပ်မတော်မှ ရဲဘော်၊ရဲမေဟောင်းများက စုပေါင်းပြီး ၂၆ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံအခမ်းအနားကို 33 Knight st , Vancouver BC က မိုးလုံလေလုံခန်းမဆောင်မှာ သြဂုတ်၊၉၊ ၂၀၁၄ နေ့ မှာ မနက် ၁၀ နာရီမှ ညနေ ၂ နာရီထိ ကျင်းပခဲ့ကြပါတယ်။

ရှစ်လေးလုံးအခမ်းအနားကို ဖွင့်လှစ်ကြောင်းကြေညာအပြီးမှာ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို အလေးပြုခြင်း၊ မြန်မာ့လွတ်လပ်ရေးကိုကြိုးပမ်းရင်းကျဆုံးခဲ့ကြသော အာဇာနည်အပေါင်းအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော သူရဲကောင်းများကို အလေးပြုခြင်းများပြီးနောက် (၁)မိနစ်ငြိမ်သက် ဂါရ၀ပြုခဲ့ကြပါသေးတယ်။





သည့်နောက်မှာ ABSDF မှ ပေးပို့ သောသ၀ဏ်လွှာကို ရဲမေ မမိုးမိုးမှလည်းကောင်း၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း)မှ ပေးပို့ သော သ၀ဏ်လွှာကို ရဲဘော်ဘိုဘို မှလည်းကောင်း၊  တော်လှန်သော ဒီမိုကရက်တစ်အင်အားစုများ  (ဗန်ကူးဗား ကနေဒါ) သ၀ဏ်လွှာကို ရဲဘော်ထွန်းထွန်းမှလည်းကောင်း အသီးသီး ဖတ်ကြားပေးပါတယ်။

ABSDF ရဲ့သ၀ဏ်လွှာကောက်နုတ်ချက်ကတော့ “ ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေက အသွင်ကူးပြောင်းနေဆဲကာဖြစ်လို့  အခင်းအကျင်းများရှုပ်ထွေးနေကြောင်း၊ နိုင်ငံရေးတိုးတက်မှုနှေးကွေးနေကြောင်း။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊  ဖွဲစည်းပုံ ဥပဒေပြင်ဆင်ရေးများ၊  အငြင်းပွားဖွယ် PR ရွေးကောက်ပွဲစနစ်များနဲ့  မီဒီယာလွတ်လပ်ခွင့်များ  လက်ရှိအစိုးရကဖြေရှင်းပေးရန်လိုကြောင်း” တိုက်တွန်းထားပါတယ်။ ဒ့ါအပြင် တိုင်းရင်းသားစုံမှ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ကြိုးစားနေသလိုပင်ဒီမိုအင်အားစုတို့ မှလည်း အခြေခံလွတ်လပ်ခွင့်များရရန် အရှိန်မြှင့်ဆောင်ရွက်ကြစေလိုကြောင်းများလဲ ပါရှိပါတယ်။





ပွင့်လင်းလူ့ အဖွဲ့ သ၀ဏ်လွှာမှာတော့ “ ၂၆ နှစ်တာ ကြာညောင်းခဲ့ပေမဲ့ ပြည်သူတွေ မျှော်မှန်းတဲ့ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေးနဲ့ တိုင်းရင်းသားများတန်းတူညီမျှရေးတို့ မှာစိန်ခေါ်မှုများရှိနေသေးကြောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေများပြင်ရေး၊ အပစ်အခတ်ရပ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ အတွက် ပြည်သူများနဲ့ အတူ ၄င်းတို့ အဖွဲ့ လည်းပါဝင်ကာ ဆောင်ရွက်မည့်အကြောင်း၊ ရှစ်လေးလုံးစိတ်ဓာတ်နဲ့  ပန်းတိုင်ရောက်သည်အထိ ရင်ဆိုင်သွားမည့်အကြောင်းများပါပါတယ်။

တော်လှန်သောဒီမိုကရက်တစ်အင်အားစုများ(ဗန်ကူးဗား)ကြေညာချက်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ သိမ်းဆည်းလယ်/ မြေများ မူလပိုင်ရှင်ထံပြန်ပေးရေး၊ စစ်ပွဲများ တတိုင်းပြည်လုံးအတိုင်းအတာဖြင့် အမြန်ရပ်ဆိုင်းရေး၊ PR ရွေးကောက်ပွဲမကျင့်သုံးစေရေးတို့ ကို လက်ရှိအစိုးရထံ တိုက်တွန်းထားပါတယ်။ 



ထို့ နောက်မှာ ကျောင်းသားရဲဘော်ဟောင်းဖြစ်သော  ၀င်းမြင့်ထွန်း၊ ကျော်ဇေယျ၊ မျိုးမင်း၊ မညွန့် ညွန့် သန်း၊ မမိုးမိုး၊ မရီစိန်၊ အင်ယု၊ထွေးကို၊ ထွန်းထွန်း၊  တင်အောင်ထွန်း၊ ညွန့် အောင်နဲ့ ကိုတင်နွယ်တို့ မှ ၄င်းတို့ ဖြတ်သန်းခဲ့ရသော တော်လှန်ရေးအတွေ့ အကြုံများနဲ့ ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များအတွက် အကြံပေးမှုများ၊ ကျန်းမာရေးမကောင်းသော AB ရဲဘော်ဟောင်းများ၊ ကျဆုံးရဲဘော်များရဲ့ မိသားစုဝင်များ ကူညီပံ့ပိုးနိုင်ရေးများကို ဆွေးနွေးခဲ့ကြပါတယ်။

သည့်နောက်မှာတော့ တော်လှန်ရေးစိတ်ဓာတ်များမြှင့်တင်ပေးသည့်အနေနဲ့  (သွေးမုန်တိုင်း၊ ကမ္ဘာမကြေဘူး) သီချင်းများကို အုပ်စုဖြင့်သီ ဆိုခြင်း၊ တဦးခြင်းသီဆိုခြင်းများ တင်ဆက်ကာ ရှစ်လေးလုံးစိတ်ဓာတ်ရှင်သန်ရေးကို အားမြှင့်ခဲ့ကြပါတယ်။ မျိုးဆက်သစ်များရှစ်လေးလုံးသမိုင်းမှန်သိနိုင်ဖို့ အတွက် သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများကိုလဲအခမ်းအနားမှာ ပြထားတာတွေ့ ရပါတယ်။ ကြွရောက် လာသူများကို starbucks ကော်ဖီ၊ ခေါက်ဆွဲကြော်၊ စမူဆာ၊ သစ်သီးမျိုးစုံ၊ ဖျော်ရည်မျိုးစုံတို့ နဲ့ ဧည့်ခံပြီး  အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts