Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – ပီအာကန့်ကွက်ပွဲ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်

ဟန်သစ်နိုင် – ပီအာကန့်ကွက်ပွဲ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်
သြဂုတ် ၄၊ ၂၀၁၄
 

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် PR စနစ်နှင့်ပတ်သက်သော ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေပညာရှင် ဦးကိုနီ၊ ဦးဝင်းချို၊ စာရေးဆရာ ဦးထင်လင်းဦးနှင့် အစီအစဉ်မှူးအဖြစ် ဦးနေမျိုးဇင်မှ ဆောင်ရွက်ပြီး သြဂုတ်လ ၃ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့သည်။

ဦးနေမျိုးဇင်က PR စနစ်ဟာ တိုင်းပြည်အတွက် နိုင်ငံအတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့ စနစ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲကတည်းက ဘာ ကြောင့်များ အစမလုပ်ခဲ့ရကြောင်း၊ အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံအတွက် တိုင်းရင်းသားပေါင်းစုံပြည်သူလူထုတရပ်လုံး စည်းလုံး ညီညွှတ်ပြီး ယုံကြည်မှုရှိမှုရှိနေတဲ့အချိန်၊ နိုင်ငံပိုင်အဖွဲ့စည်း၊ တိုင်းရင်းသားအဖွဲ့စည်းတွေမျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံအနာဂတ် ကောင်းဖို့အတွက် ငြိမ်းချမ်းရေးလမ်းစကို စတင်ခင်းကျင်းနေသောအချိန်၊  ပြည်သူလူထုတရပ်လုံးကလက်မခံသော ပုဒ်မအားလုံးကို ပြင်ဆင်ဖို့တခဲနက်တောင်းဆိုနေတဲ့အချိန်ကျမှ PRဆိုသောစနစ်ကို အတင်းဇွတ်သွင်းဖို့မကြိုးစားသင့်ကြောင်း၊ PR သည် တိုင်းပြည်အတွက် ကောင်းလာမလား၊ ဆိုးလာမလား၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတွေအတွက် လမ်းဖွင့်ပေးသော တံခါးတချပ်ဖြစ်နေမလားဟု ပြော သည်။

ဆက်လက်ပြီး “ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်ပြီး ဂုဏ်တွေကို ပဏာတင့်စွာနဲ့ ရင်ကော့ခေါင်းမော့ပြီးဝင်လာတဲ့ ပြည်သူ့ ခေါင်းဆောင်စစ်စစ်တွေပဲ မြင်ချင်ပါတယ်။ လွှတ်တော်ထဲတွင် လူတွေပဲမြင်ချင်ပါတယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေပညာရှင် ဦးကိုနီမှ PR စနစ်အကြောင်းပြောကြားရာတွင်  နိုင်ငံ့ကောင်းကျိုးအတွက် ပြည်သူလူထု အတွက် PRစ နစ်ကိုပြောင်းချင်ရင် ၁၉၄၇ လွတ်လပ်ရေးမယူခင်ကတည်းက စဉ်းစားသင့်ကြောင်း၊ ၁၉၈၄ ဆိုရှယ်လစ်ခေတ်တွင်လည်း PR စနစ်ကို ရွေးချယ်မှုမပြုခဲ့ကြောင်း၊ တပ်မတော်ကလုပ်ပေးသော ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း PR စနစ်ကို မသုံးခဲ့ကြောင်း၊ ၂၀၁၀ ရွေး ကောက်ပွဲနှင့် နောက်ဆုံး၂၀၁၂ ရွေးကောက်ပွဲအထိ PR စနစ်ကို မသုံးခဲ့သော်လည်း ယခုမှ ဘာကြောင့်လွှတ်တော်ထဲတွင် PR ဟု အော် နေရကြောင်း၊ စနစ်တစ်ခုကိုပြောင်းချင်ပြီး PR အကြောင်း စပြောလာသောသူများသည် ၂၀၁၂ ရွေးကောက်ပွဲတွင် တနေရာမှမရဘဲ ရှုံးနိမ့် သောသူတွေသာ ဖန်တီးကြောင်း၊ PR စနစ်သည် နိုင်တဲ့သူများ လွှတ်တော်ရောက်သလို ရှုံးတဲ့သူများကိုပါ လွှတ်တော်တတ်ဖို့ အခွင့်အ လမ်းပေးထားကြောင်း၊ PR စနစ်ကို လွှတ်တော်တွင်တင်သွင်းနေသူများသည် လူထုအားလုံးကမထောက်ခံလည်း ငါတို့လွှတ်တော်ကို တတ်လို့ရသေးတယ်ဟု ယူဆကြောင်း ပြောသည်။

ဆက်လက်ပြီး “အဲဒီမတရားတာကြီးကို မြင်မြင်ထင်ထင်တွေ့နေရပါရဲ့နဲ့ တရားစွာမတောင်းဆိုဘဲနဲ့ PR  PR  အော်နေတာကတော့ သိပ်ပြီး အဓိပ္ပါယ်မရှိဘူးလို့” ပြောသည်။

ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်သော PR စနစ်အကြောင်း ဟောပြောပွဲသည် တရားဝင်ပထမဦးဆုံးပြုလုပ်သည့်ပွဲဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts