Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – စိုင်းဆိုင်မောဝ်၏ တစ်ကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲ ကျင်းပ

 

ရန်နောင်(ဗိုလ်တထောင်) – စိုင်းဆိုင်မောဝ်၏ တစ်ကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲ ကျင်းပ

သြဂုတ် ၃၊ ၂၀၁၄

“ရှမ်းပဲပုပ်လေးကျွန်တော်၊ ကျွန်တော့်ရဲ့စိမ်း၊ ငါ့ကျမှအသည်းကွဲ၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ” စသည်ဖြင့် တခေတ်တခါက နာမည်ကြီးခဲ့သော ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ် ၏  တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁)ရက်နေ့ ည(၈) နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိုင်မောဝ် ၏ တစ်ကိုယ်တော်ပွဲကို ဦးပီးပေါ်က စီစဉ်တင်ဆက်ခဲ့ပြီး ဇနီးဖြစ်သူ ခေးလားမိုး ကလည်း ကူညီသီဆိုဖျော်ဖြေပေးခဲ့သည်။

 

ည(၈) နာရီထိုးခါနီးတွင် စိုင်းဆိုင်မောဝ်သည် Shan State Music Band နှင့်တွဲဖက်၍ တယောကို ကိုယ်တိုင်ထိုးကာ အဖွင့်တီးလုံးဖြင့် တေးဂီတဖျော်ဖြေမှုကို စတင်ခဲ့ပါသည်။ ထို့နောက်သူ၏ နာမည်ကျော် တေးသီချင်းများကို ရှမ်း၊ ကချင်။မြန်မာ ဘာသာများဖြင့် ပရိသတ်နှင့် အပေးအယူမျှစွာသီဆိုဖျော်ဖြေခဲ့ပါသည်။ သူ၏ ဇနီးဖြစ်သူ ခေးလားမိုးကလည်းစုံတွဲသီဆိဲုခြင်းဖြင့်လည်းကောင်း၊ တဦးတည်း သီဆိုဖျော်ဖြေပေးခြင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေပေးခဲ့ပါသည်။

 

သူငယ်ချင်းဖြစ်သူ စိုင်းထီးဆိုင် အတွက် လည်း စိုင်းထီးဆိုင်အတွက် သီချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ထိုသီချင်းရေးနေစဉ်တုန်းက သူ့သူငယ်ချင်းထီးဆိုင် အနားသို့ရောက်လာကြောင်းကို အမွှေးနံ့၊ အပုပ်နံ့ များ ရရှိခြင်းဖြင့် သိရှိခဲ့ကြောင်းလည်း အမှတ်တရပြောပြခဲ့ပါသည်။

အသက်ငါးဆယ်ကျော် နှင့် ခြောက်ဆယ်ဝန်းကျင် လူကြီးများအကြိုက်တွေ့စေခဲ့သော သီချင်းများ ဖြစ်သဖြင့် လူငယ်များကို သိပ်မတွေ့ခဲ့ရသော်လည်း ဆုတော်ငွေပေးသူများ၊ ပန်းစည်း၊ပန်းကုံးပေးသူများဖြင့် ပွဲလေးမှာ အထူးပင်လှပခဲ့သည်ကိုလည်းတွေ့ခဲ့ရပါသည်။

 

ဧရာဝတီတိုင်း ဖျာပုံမြို့ ကလာကြည့်သော ပရိတ်သတ်အုပ်စုကလည်း သူတို့ဖျာပုံက တကူးတက လာကြည့်ရတာဖြစ်ကြောင်း၊ ဆိုစေချင်သော သီချင်းများ ဆိုပေးသည့်အတွက် အထူးပင် ဆိုင်မောဝ်အား နှစ်ခြိုက်ကျေနပ်ရပါကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုတော် များထဲတွင် မြန်မာပြည်တွင် စင်မြင့်ဖျော်ဖြေပွဲများ၌ တွေ့ခဲသူ စတီရီယို ခေတ်ဦး အဆိုတော်များကို ယခုကဲ့သို့ ရှိုးပွဲများ စီစဉ်ပေးဦးမည် ဖြစ်ကြောင်း လည်းစီစဉ်သူ ဦးပီးပေါ်မှ ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ် ၏စင်မြင့်ဖျော်ဖြေပွဲသည်အောင်မြင်သောပွဲလေးဖြစ်ခဲ့သလို ဝင်ကြေးများမှာ နှစ်သောင်းကျပ်၊ တသောင်းခွဲကျပ်၊ တသောင်းကျပ် နှင့် ခုနစ်ထောင်ကျပ်တို့ဖြစ်သည်။ နားမထောင်ရသည်မှာ ကြာပြီဖြစ်သော တေးသီချင်းဟောင်းများ ကို နားထောင်လိုက်ရသဖြင့် အားရခဲ့သော ပရိတ်သတ် အနေဖြင့် ပွဲသွားကြော့ကြော့၊ပွဲပြန်မော့မော့ဖြစ်ခဲ့ရသော ပွဲဖြစ်သည်မှာတော့သေချာခဲ့သည်မှာ လမ်းတလျှောက် သူ့သီချင်းသံများသီဆို၍ ပြန်သွားသည်ကို တွေ့မြင်ခဲ့ရခြင်းဖြင့်သိရှိလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts