သတင်းဆောင်းပါး

တင်မောင်ထွေး – အစ္စရေးတို့ အကြောင်း မီဒီယာမပြောသမျှ အပိုင်း (၂)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

တင်မောင်ထွေး – အစ္စရေးတို့ အကြောင်း မီဒီယာမပြောသမျှ အပိုင်း (၂)

ဇူလိုင် ၂၅၊ ၂၀၁၄

“အစ္စရေးတို့ အကြောင်း မီဒီယာမပြောသမျှ” ကိုစရေးတော့ ဒုတိယပိုင်းရေးဖို့ အစီအစဉ်မရှိခဲ့ပါဘူး။  ဒါပေမယ့် ဂါဇာကမ်းမြှောင်ကတော့ တနေ့တခြားပိုလို့သာ ကံဆိုးမိုးမှောင်ကျလာတဲ့အပြင် ပါလစ္စတိုင်းအရပ်ဘက် သေဆုံးမှုက မြင့်သထက် မြင့်တက်လာနေသလို ဒီကနေ့ထိဆိုရင် စုစုပေါင်း ၆၂၀ ထိ သေဆုံးခဲ့ရပြီး ဖြစ်တာကြောင့် ဒုတိယပိုင်းကို ဆက်လက်ရေးသားရခြင်းဖြစ်ပါတယ်။

အစ္စရေးတို့ဟာ ဆေးရုံဆေးပေးခန်းတွေပါမချန် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လည်း အရပ်ဘက်သေဆုံးမှုနှုန်းက နေ့စဉ်မြင့်တက်နေပါတယ်။ တနင်္ဂနွေနေ့ က ဟားမားစ်တွေကြောင့် အစ္စရေးစစ်သား ၁၃ ဦး သေဆုံးခဲ့တဲ့သတင်း မြန်မာမီဒီယာတွေမှာ တက်လာပါတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက အစ္စရေးစစ်သား ၁၃ ဦးသေရတာဟာ မြန်မာမီဒီယာတွေအဖို့  “ခေါင်းစဉ်တပ်” ဖော်ပြရမယ့် သတင်းဖြစ်နေသလို ဒါထက်ပိုတာကတော့ ၁၃ ဦးဆိုတာဟာ ၈ နှစ်အတွင်း တနေ့တာ အတွက် ဟားမားစ်က သတ်ပစ်နိုင်ခဲ့တဲ့ အစ္စရေးစစ်သား အများဆုံးအရေအတွက် ဖြစ်နေတယ်ဆို တဲ့အချက်ကိုတော့ မသိလို့ဘဲလား တကယ်ချန်ခဲ့တာလား တော့ မသိ၊ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

အစ္စရေးစစ်ဆင်ရေးကြောင့် တနေ့ကို ပျမ်းမျှ အရပ်သား ၂ဝ ကနေ ၃ဝ ထိ သေဆုံးနေရပါတယ်။ လူပေါင်း ၆၂ဝ သေဆုံးပြီးချိန်မှာ ၇၅ ရာခိုင်နှုန်းက အရပ်သားတွေဖြစ်ပြီး အဲဒီထဲမှာ ကလေးငယ် ၁ဝဝ ကျော် ပါဝင်နေပါတယ်။

တဘက်မှာလည်း အစ္စရေးကျူးကျော်စစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နေရာအနှံ့ဖြစ်ပေါ်နေပါတယ်။ ပြင်သစ်မှာတော့ အန္တီဆီးမိုက်အုပ်စုများရဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ ဆန္ဒပြမှုတွေ ရှိခဲ့သလို အင်္ဂလန်နိုင်ငံမှာတော့ လူပေါင်း ၁ သောင်းခွဲလောက်ပါတဲ့ ဆန္ဒပြမှု စနေနေ့က ဖြစ်ခဲ့တယ်လို့ ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

(http://www.theguardian.com/world/2014/jul/19/david-cameron-barack-obama-discuss-gaza)

အင်္ဂလန်ဆန္ဒပြပွဲတွေမှာ ပါလီမန်အမတ်တွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ အင်္ဂလန် ပါလီမန်မှာတော့ အစ္စရေးကျူးကျော်စစ် ရှုံ့ချမှုဟာ အမတ်တိုင်းလိုလိုရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပါတယ်။ ဘရက်ဖို့အနောက်ပိုင်းကိုယ်စားပြု ပါလီမန်အမတ်နဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျော့ဂဲလိုဝေး (George Galloway) ကတော့  “ပါလစ္စတိုင်းမှာ ကံဆိုးမိုးမှောင်ကျဖို့ ကျနော်တို့က စီမံဖန်တီး ရေးသားခဲ့ကြတာပါ” လို့  ပါလီမန်မှာ ဆိုခဲ့သလို အစ္စရေးဗိုလ်ချုပ်တစ်ဦးနဲ့ အလ်ဂျဇီးယား အင်တာဗျူးမှာတော့ “Gangster Terrorist State of Israel” ၊ လူရမ်းကား အကြမ်းဖက်သမားတွေနေတဲ့ အစ္စရေးနိုင်ငံရယ်လို့ စကားလုံး ပြင်းပြင်းထန်ထန်သုံးပြီး စွပ်စွဲပြောဆိုသွားတာ တွေ့ရပါတယ်။

(http://www.youtube.com/watch?v=9eYVhQxcxhw)

အဖြစ်အပျက်ကို ပြန်ပြောင်းပြောရရင်တော့ ဇွန် ၁၂ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အစ္စရေး ဆယ်ကျော်သက် ၃ ဦးကို ဟားမားစ်က ပြန်ပေးဆွဲတယ်လို့ ဆိုပေမယ့် ဟားမားစ်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၃ ဦးရဲ့ အလောင်းကိုသာ ပြန်တွေ့ခဲ့ရတဲ့အတွက် အစ္စရေးတို့ ဒေါသူပုန်ထခဲ့ပါတယ်။ ပါလစ္စတိုင်း ၃ဝဝ ကျော်ကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့သလို ငါးဦးကို သတ်ပစ်ခဲ့ပါတယ်။

ဒီနေရာမှာ အဓိက ဆွေးနွေးဖို့လိုတာက ပါလစ္စတိုင်းအားလုံးဟာ ဟားမားစ်တွေကို ထောက်ခံသလား ဆိုတာကိုပါ။ အဓိကအချက်ကတော့ တခြားလူ့အသိုင်းအဝိုင်း အဖွဲ့အစည်းတွေလိုပါပဲ၊ ပါလစ္စတိုင်းတွေထဲမှာ ခရစ်ယာန်၊ အေးသီးယိစ်နဲ့ ဘာသာတစ်ခုကို လက်ခံထားပြီး လက်တွေ့မကျင့်သုံးတဲ့ အဂနော့စတစ်တွေ ပါဝင်နေပါတယ်။ သူတို့တွေအားလုံး အစ္စလာမ်ဘာသာဝင်တွေချည့် မဟုတ်သလို  သူတို့အားလုံးဟာ ဟားမားစ်ကို ထောက်ခံကြသူတွေလည်း မဟုတ်ပါ။ တချို့က အစ္စလာမ်မစ် အစွန်းရောက်အတွေးအခေါ်ကို အသားပေးတဲ့ ဟားမားစ်ကို ထောက်ခံတယ်၊ တချို့က လက်ရှိသမ္မတ အာဘတ်စ်ရဲ့ ဖတာဟ်ပါတီကို ထောက်ခံတယ်၊ တချို့ကတော့ လက်နက်ကိုင် မားခ်ဝါဒီတွေဖြစ်တဲ့  PFLP (Popular Front for the Liberation of Palestine) ကို ထောက်ခံကြပါတယ်။

ပြီးခဲ့တဲ့တပတ်က ကမ်းခြေမှာ ဘောလုံးကန်နေတဲ့ ကလေးငယ် ၄ ဦးကို အစ္စရေးတွေ သတ်ပစ်လိုက်တော့ အနီးအပါးက အမျိုးသမီးကြီးတွေဟာ အစ္စရေးကိုချည့်ကျိန်ဆဲနေကြတာမဟုတ်ဘဲ ဟားမားစ်တွေကိုပါ ကျိန်ဆဲပြီး ငိုယိုနေကြတယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းက ရေးသားထားပါတယ်။

(http://www.nytimes.com/2014/07/23/world/middleeast/hamas-gambled-on-war-as-its-woes-grew-in-gaza.html?_r=0)

ဒါကိုထောက်ရှုခြင်းအားဖြင့် ဟားမားစ်တွေက ဘယ်သူတွေလဲ၊ အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ပြီး ဘာကြောင့် ပါလစ္စတိုင်းတွေအပေါ်မှာတောင်  လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေရတာလဲ ဆိုတဲ့ အမေးတွေ စီရရီ ထွက်ပေါ်လာပါပြီ။


သံသယပွားဖွယ် အစွန်းရောက်ဟားမားစ်များ

အစ္စရေးနယ်ချဲ့က ပါလစ္စတိုင်းမြေတွေကို လုယူထားတယ်ဆိုတာ စာဖတ်သူတိုင်း သိတဲ့အချက်လို့ မှတ်ယူနိုင်ပါတယ်။ ပါလစ္စတိုင်းတွေထဲမှာ ထင်ရှားတဲ့ အစ္စရေးနယ်ချဲ့ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားသူတွေ အများကြီးရှိပေမယ့် သူတို့တွေက မီဒီယာထက်မှာတော့ ပေါ်မလာဖူးပါဘူး။

အမေရိကန်အခြေစိုက်၊ ကိုလံဘီယာတက္ကသိုလ်ရဲ့ အီရန်အရေးလေ့လာသူ ပရောဖက်ဆာ ဟာမစ်ဒါဗာရှီကတော့ ဟားမားစ်ကို မထောက်ခံဘဲ အကြမ်းမဖက် နယ်ချဲ့အစ္စရေး ဆန့်ကျင်လှုပ်ရှားသူများကို  “non-violent civil disobedience” ခေါ် အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားသူများလို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ သူက မီဒီယာထက် ရောက်မလာတဲ့ ထင်ရှားတဲ့ပါလစ္စတိုင်းလူမျိုး၊ အကြမ်းမဖက်နယ်ချဲ့ အစ္စရေးဆန့်ကျင်လှုပ်ရှားသူအချို့ကို ထုတ်ပြခဲ့ပါတယ်။ သူရဲ့ စာရင်းထဲမှာတော့ ကမ္ဘာကျော်၊ မှတ်ပုံတင် (Identity Card) ဆိုတဲ့ ကဗျာနဲ့ ထင်ရှားတဲ့ ကဗျာဆရာ မာမွတ် ဒါဝီရှ်၊ စာရေးဆရာ ဂတ်ဆန် ကနာဖာနီ(Ghassan Kanafani)၊ ရုပ်ရှင်ထုတ်လုပ်သူ မီချယ် ခလိုင်ဖီ(Michel Khleifi)၊ လန်ဒန်က ပန်းချီဆရာမ မိုနာဟတွမ် (Mona Hatoum)၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားတဲ့ လိုင်လာ အဘူ(Lila Abu Lughod )၊ အဆိုတော် မုဟမ်မဒ် အာဆဖ် (Muhammad Assaf)၊ စာရေးဆရာ ဝီဒက်ကာဝါ (Widad Karwar) နဲ့ ရာဝီယာ ဘီရှာရာ (Rawia Bishara) တို့ ပါဝင်ပါတယ်။

၁၉၈၇မှာ စတင်အခြေတည်လာတဲ့ ဟားမားစ်ရဲ့ တိုးတက်လာမှုကတော့ သံသယပွားဖွယ် ပါပဲ။ အမေရိကန်ပါလီမန်အမတ်နဲ့ ရီပတ်ဘလီကန်နိုင်ငံရေးသမားဟောင်း ရွန်အားနက်စ်ပေါလ် (Ron Paul) က ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော် (House of Representatives) မှာ အစ္စရေးတွေက  ဟားမားစ်တိုးတက်လာဖို့ အကူအညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အကြောင်းရင်းကတော့   အာရာဖတ်ရဲ့ ပီအဲလ်အို(PLO) ပါတီ ကို တန်ပြန် တွန်းလှန်နိုင်ဖို့ ဖြစ်ပါတယ်။ ရွန်ပေါလ်က အစ္စရေးရဲ့ ဟားမားစ်ကို ထောက်ပံ့မှုဟာ အမေရိကန် စီအိုင်အေရဲ့ ဆိုဗီယက်ယူနီယံကို ထောက်လှမ်းဖို့ အာဖဂန်တာလီဘန်တွေကို ထောက်ပံ့ပုံမျိုး ဆင်တူနေတယ်လို့လည်း ပြောခဲ့ပါတယ်။

(http://www.youtube.com/watch?v=cehzmAfC6w0)

ရွန်ပေါလ်တစ်ယောက်တည်း ဟားမားစ်တိုးတက်လာဖို့ အစ္စရေးထောက်ပံ့တာ ဖြစ်တဲ့အကြောင်း ဆိုခဲ့တာ မဟုတ်ပါ။ အမေရိကန် နိုင်ငံရဲ့ Center for Strategic and International Studies ခေါ် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာရဲ့ အမျိုးသား လုံခြုံရေး တာဝန်ခံ အန်တိုနီ ကောဒက်စ်မန်း (Anthony Cordesman) ကလည်း အစ္စရေးက ဟားမားစ်တွေကို တိုက်ရိုက်ထောက်ပံ့ပြီး ပီအဲလ်အိုကို ပြိုင်ဆိုင်ဖို့ အင်အားဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါတွေတင်မကသေးဘဲ နောက်ထပ်အရှုပ်အထွေးတွေလည်း အများကြီး ရှိနေပါတယ်။ တစ်ခုကတော့ စုံထောက်ဂျာနယ်လစ်လို့ ထင်ရှားတဲ့ ဒေးဗစ် ရို့စ် (David Rose) က “ဖတာဟ် (၁၉ ၆၇ တွင် ဖတာဟ်နှင့် ပီအဲလ်အို ပေါင်းစည်း) နဲ့ ဟားမားစ်အကြား ဂါဇာပြည်တွင်းစစ် ဖြစ်ရလေအောင် ဖတာဟ်ကို အမေရိကန်သမ္မတဟောင်း ဘုရှ်၊ ကွန်ဒိုလီဇာရိုက်၊ အမျိုးသားလုံခြုံရေးဒုအကြံပေး အီးလီးယက်အဗ္ဗရမ်တို့က ကျောထောက်နောက်ခံပေးပြီး လက်နက်တွေထောက်ပံ့ပေးခဲ့” တဲ့ အကြောင်း အမေရိကန်  State Department ရဲ့ ပေါက်ထွက်လာတဲ့ လျှို့ဝှက်သတင်းပါ စာရွက်စာတမ်းတွေကို အခြေခံပြီး ရေးသားဖော်ပြခဲ့ပါတယ်။

(http://www.vanityfair.com/politics/features/2008/04/gaza200804)

ဒါပေမယ့် ၂ဝဝ၇ ခုနှစ်က ဖြစ်ခဲ့တဲ့ အဲဒီစစ်မှာ ဖတာဟ်တွေက ဂါဇာကို အုပ်ချုပ်ခွင့် ဆုံးရှုံးပြီး ဟားမားစ်တွေလက်ထဲ ထည့်ပေးခဲ့ရပါတယ်။ ဖတာဟ်ရဲ့ ဒီအရှုံးဟာလည်း သံသယပွားစရာဖြစ်ပါတယ်။ ဖတာဟ်က ဟားမားစ်ကို တိုက်ဖို့ အားပေးခဲ့တဲ့အထဲမှာ အစ္စရေးလည်း ပါခဲ့တယ်ဆိုတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ခလောက်ဆန်မှုတွေကို ပေါ်လွင်လာစေပါတယ်။

အစ္စရေးတို့အနေနဲ့ တဖက်က ဟားမားစ်ကို ထောက်ပံ့တယ်၊ တဘက်က အမေရိကန်ကို ဖတာဟ်နဲ့ ဟားမားစ် တိုက်ကြဖို့ မြှောက်ပေးရလေအောင် ဖိအားပေးခဲ့တယ်။ ဖတာဟ်နဲ့ ဟားမားစ်တိုက်တော့ ဖတာဟ်ရှုံးပြီး ဂါဇာကမ်းမြောင်ဒေသ ဟားမားစ်တွေလက်အောက် ရောက်ခဲ့ပါတယ်။

ဒီတော့ အစ္စရေးအနေနဲ့  ဟားမားစ်အကြမ်းဖက်အစိုးရအကြောင်း ပြပြီး ဂါဇာကို အချိန်မရွေးဝင်တိုက်လို့ ရနေတယ်လို့ သုံးသပ်စရာ ဖြစ်လာပါတယ်။

အစ္စရေးဟာ ဂါဇာကျူးကျော်စစ်မှာ Restraint ခေါ် စစ်ကို ထိန်းချုပ်လျော့ချပစ်ဖို့ ကြိုးစားနေခဲ့ပါသလား

Restraint ဆိုတာဟာ အထက်ကနေ အမိန့်လာတဲ့အခါ အဲဒီအမိန့်မှာ လက်အောက်ငယ်သား စစ်သားတွေအနေနဲ့ မိမိတို့ရဲ့ တိုက်ရေးခိုက်ရေး အပြုအမူတွေကို ဘယ်နေရာမှာတော့ဖြင့် ထိန်းချုပ်ရမယ်၊ ဘယ်နေရာကိုတော့ဖြင့် မတိုက်ခိုက်ရဘူး စသဖြင့် ထည့်သွင်းဖော်ပြထားတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။

လတ်တလော အစ္စရေးသံတမန်တွေက မိမိတို့အနေနဲ့ Restraint ဆိုတဲ့ စစ်လျော့ချရေးလုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ပါတယ်လို့သာ တွင်တွင် ဆိုနေပါတယ်။

ဟားမားစ်ပြန်ပေးဆွဲမှု မဖြစ်ခင်ကတည်းက အစ္စရေးတွေက ပါလစ္စတိုင်းအရပ်သားတွေအပေါ်မှာ သတ်ဖြတ်အနိုင်ကျင့်တာတွေ လုပ်နေခဲ့တာပါ။ ဒါကြောင့် Restraint  ဆိုတာကို တွက်ချက်တော့မယ်ဆိုရင် ဟားမားစ်ရဲ့  အစ္စရေးဆယ်ကျော်သက် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်မှုကနေ စလို့ မရဘဲ အစ္စရေးရဲ့ ပါလစ္စတိုင်းလယ်သမား၊ ကျောက်တူးသမားနဲ့ ငါးဖမ်းသမားတွေကို ပစ်ခတ်သတ်ဖြတ်တာတွေကနေ စရပါလိမ့်မယ်။

အစ္စရေးဟာ ၂ဝဝ၅ မှာ ဂါဇာကနေဆုတ်ပေးအပြီး အလွန်တင်းကျပ်တဲ့ နယ်ခြားစည်းတွေ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနယ်ခြားစည်းတွေကို ပါလစ္စတိုင်းတွေအတွက် လုံးဝကန့်သတ်ပြီး အကယ်၍ ဖြတ်သန်းခဲ့မယ်ဆိုရင်တော့ ပစ်ခတ်သတ်ဖြတ်လေ့ ရှိပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ အရှေ့အလယ်ပိုင်းကျွမ်းကျင်သူ ဆာရာရွိုင်း (Sara Roy) က ၂ဝ၁၂ ခုနှစ်၊ ဘော့စတွန်ဂလုပ်မှာ အခုလိုရေးခဲ့ပါတယ်။ “အစ္စရေးက ကန့်သတ်ဇုန်တွေ ပြဌားန်ခဲ့တယ်။ အဲဒီဇုန်က ဂါဇာဧရိယာရဲ့ ၁၄ ရာခိုင်နှုန်းလောက်ကို စုပ်ယူထားပြီးဖြစ်တယ်။ ဒါ့ပြင် စိုက်ပျိုးမြေ ၄၈ ရာခိုင်နှုန်းကလည်း အဲဒီထဲမှာ ပါနေတယ်။ ရေပိုင်နက်ကန့်သတ်ဇုန်မှာဆိုရင်တော့ ၁၉၉၃ အော်စလို သဘောတူညီချက်အရ ပါလစ္စတိုင်းတွေကို ပေးရမယ့် ၈၅ ရာခိုင်နှုန်း ရေပိုင်နက်အကျယ်အဝန်းမှာ ရေမိုင် ၂ဝ ရှိတဲ့အနက် ရေမိုင် ၃ မိုင်ကိုသာ ပါလစ္စတိုင်းတွေကို ပေးထားတယ်”။

(http://www.bostonglobe.com/opinion/2012/11/23/roy/sctFniw6Wn2n9nTdxZ91RJ/story.html)

အဲဒီတော့ ပါလစ္စတိုင်းလယ်သမားတွေဟာ လယ်မြေနည်းပါး၊ ငါးဖမ်းသမားတွေက ငါးဖမ်းဧရိယာနည်းပါးလာလို့ အစ္စရေးကန့်သတ်ဇုန်နား ကပ်မိတိုင်း အစ္စရေးက ပစ်သတ်ခဲ့တာချည့်ပါပဲ။  ကုလလူ့အခွင့်အရေးအဖွဲ့က ပါလစ္စတိုင်း ကလေးတွေ ကို မတော်မတရားဆက်ဆံမှု ၊ ဖမ်းဆီးထားတဲ့ ပါလစ္စတိုင်းတွေကို နှိပ်စက်မှု ၊ လူတံတိုင်းအဖြစ်အသုံးပြုမှု ၊ ပါလစ္စတိုင်း ကလေးတွေကို နိုင်ငံသားမှတ်ပုံတင်ခွင့် ငြင်းဆန်မှု ၊ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ ခံစားရရှိဖို့ ငြင်းဆန်မှု ၊ ရေသန့် ရရှိရေး၊ ကျောင်းပညာရေးစတာတွေ ကနေလည်း ကန့်သတ်ချုပ်ခြယ်ထားမှု တွေနဲ့ ပတ်သတ်ပြီး အစ္စရေးစစ်တပ်ကို ပြစ်တင် ရှုံ့ချပါတယ်ဆိုပြီး ကုလရဲ့ ကလေးသူငယ်များအခွင့်အရေး ကာကွယ်မှု အဖွဲ့က ပြောခဲ့တဲ့အကြောင်း ရိုက်တာက (၂၀၁၃ခုနှစ်၊ ဇွန်လ) တင်ပြခဲ့ပါတယ်။

(http://www.reuters.com/article/2013/06/20/us-palestinian-israel-children-idUSBRE95J0FR20130620)

အဲဒီအချက်တွေကို ထောက်ရှုခြင်းအားဖြင့် အစ္စရေးဟာ ဂါဇာကို တိုက်ဖို့ အကြောင်းရှာနေခဲ့တာ လားဆိုတာ သံသယ၀င်စရာဖြစ်ပါတယ်။  နိုင်ငံတကာက အစ္စရေးသံအမတ် တွေပြောတဲ့ Restraint ဆိုတာကတော့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် စစ်အင်အားအကြီးဆုံး နိုင်ငံကြီးက ဘယ်ဆီဘယ်ဝယ်မှန်းမသိဘဲ ပစ်လွှတ်လိုက်တဲ့ ဟားမားစ်ဒုံးတွေကို အကြောင်းပြပြီး နိုင်ငံတကာအလယ်မှာ victimhood  ခေါ် “ကျနော်တို့ကတော့ဖြင့် ခံရတဲ့ဘက်ကပါ” ဆိုတဲ့ သနားစရာအသွင်တစ်ခု ဖန်တီးနေတာသာ ဖြစ်တယ်လို့ သုံးသပ်ရပါလိမ့်မယ်။

အစ္စရေးက ဂါဇာကို အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ လျှပ်စစ်မီးတွေ ထောက်ပံ့နေတာလား

အစ္စရေးက ၁၂ဝ မီဂါဝပ်ပမာဏရှိတဲ့ လျှပ်စစ်မီးကို ဂါဇာကို ရောင်းချပါတယ်။ ပါလစ္စတိုင်းရေပိုင်နက် ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်လာတဲ့ ကုန်ပစ္စည်းခွန်တွေကို လျှပ်စစ်ဓါတ်အားခအနေနဲ့ အစ္စရေးက ယူပါတယ်။

အစားအစာနဲ့ ဆေးဝါးတွေကို ဂါဇာမှာ ရောင်းချနေပေမယ့် အဲဒီအစားအစာ ဆေးဝါးတွေက အစ္စရေးထိန်းချုပ်မှုအောက်ကနေ တင်သွင်းကြရတာပါ။ ပါလစ္စတိုင်းတွေ လွတ်လပ်စွာသွားလာနိုင်ရေးဆောင်ရွက်နေတဲ့ အင်ဂျီအို အဖွဲ့  Gisha Legal Center for Freedom of Movement (gisha.org) ရဲ့ တင်ပြချက်အရ ၂ဝ၁၂ ခုနှစ် တစ်ခုထဲမှာ အစ္စရေးထုတ်ကုန် ဒေါ်လာ ၃၇၉ မီလီယံဖိုး ဂါဇာမှာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂါဇာဆိုတာဟာ အစ္စရေးရဲ့ captive market ခေါ် ထွက်ပေါက်မရှိအောင် ပိတ်ထားတဲ့ လှောင်အိမ်ဈေးကွက်ကြီး ဖြစ်လို့နေပါတော့တယ်။

ဟားဗတ်က ဆာရာရွိုင်းက အခုလို ဆိုပြန်ပါတယ်။ “ဂါဇာရဲ့ပျက်စီးယိုယွင်းမှုတွေကို မတော်တဆဖြစ်လာ တယ်လို့ မဆိုသာပါဘူး၊ တကယ်တော့ ဂါဇာရဲ့စီးပွားရေး ပျက်စီးလာတာက အစ္စရေးရဲ့ ရည်ရွယ်ချက်ရှိရှိ စီမံကိန်းချ လုပ်ဆောင်နေမှုတွေကြောင့်ပါ။ ” ဒါ့ပြင်သူမက ဂါဇာနေ ပြည်သူများ အခက်အခဲဖြစ်စေဖို့ အစ္စရေးက တင်းကျပ်စွာ ပိတ်ဆို့ထားတဲ့အကြောင်း၊ အဲဒီလို နယ်ခြားစည်းကာပြီး ပိတ်ဆို့ထားတာကို အမေရိကန်၊ ဥရောပပါလီမန်နဲ့ အီဂျစ်တို့က ထောက်ခံတဲ့အကြောင်း ဆိုပါတယ်။

(http://www.bostonglobe.com/opinion/2014/07/19/deprivation-gaza-strip/6HybezDQv6N0lGzsVWoB4N/story.html)

သောက်သုံးရေအနေနဲ့ West Bank က ရေကို ဂါဇာကို မပေးခိုင်းဘဲပိတ်ထားတာကြောင့် ဂါဇာနေ ပါလစ္စတိုင်းတွေက မိုးရေနဲ့ တွင်းထွက်ရေကို အဓိကထားကြရပါတယ်။  အစ္စရေးက ၅ မီလီယံကုဗမီတာပမာဏရှိတဲ့ ရေကို ဂါဇာအတွက် ရောင်းချပါတယ်။ အဲဒီပမာဏက ဂါဇာလူဦးအရေအတွက် ပင်လယ်ထဲရောက် ရေပေါက်တစ်ပေါက်သာသာ ရှိပါတယ်။

ဆိုးရွားတာက ဂါဇာတွင်းထွက်ရေဟာ ပင်လယ်ရေပါဝင်နှုန်းများနေမှုပါပဲ။ အစ္စရေးက ဂါဇာရဲ့ ရေပေးဝေရေးပိုက်လိုင်းကြီး ၅ ခုနဲ့ ပင်လယ်ရေသန့်စင်ရေး ပိုက်လိုင်းတွေ ၊ မြောင်းတွေကို ဖျက်ဆီးတိုက်ခိုက်နေတာကြောင့် ဂါဇာမှာ ကပ်ဆိုးကြီးတစ်ခုအသွင် ရေခေါင်းပါးလာနိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ဆိုကြောင်း၊ (ICRC) အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့အကြောင်း ICRC ရဲ့ ပြောခွင့်ရအမျိုးသမီး ဒေါမနီရဲ့အဆိုကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

(http://mobile.reuters.com/article/idUSKBN0FK1M020140715?irpc=932)

အစ္စရေးတို့က တိကျတဲ့ပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်နေတာလား

အစ္စရေးတို့က ဟားမားစ်ခေါင်းဆောင်တွေနေတဲ့ အိမ်တွေကို ရွေးပြီး ဗုံးကျဲတာပါလို့ ဆိုပါတယ်။ ဟားမားစ်အိမ်တွေက လူနေရပ်ကွက်တွေမှာ ရှိနေပြီး ပတ်ပတ်လည်မှာ အရပ်ဘက်အိမ်တွေလည်း ရှိနေပါတယ်။ ဥပမာ – အစ္စရေးဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ နေအိမ်ကို အခြားအရပ်သားအိမ်တွေ ကာရံထားတာမျိုးမဟုတ်ဘဲ တစပြင်မှာ အထီးတည်းတည်ပြီး ဒါကတော့ဖြင့် အစ္စရေးဗိုလ်ချုပ်အိမ်ပါလို့ စာကပ်ထားတာမျိုး မဟုတ်ပါ။ အဲလိုပါပဲ။ ဟားမားစ်ကိုသာ ပစ်မှတ်ထားတယ်ဆိုရင် ကမ္ဘာ့ စတုတ္ထမြောက် စစ်အင်အားအကြီးဆုံး အဆင့်မြင့် အစ္စရေးစစ်တပ်တိုက်ခိုက်မှု ကြောင့် အရပ်ဘက်သေဆုံး မှုက စုစုပေါင်းသေဆုံးမှုရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်စရာအကြောင်းမရှိပါ။

အစ္စရေးတို့ ပေးတဲ့ ၃ မိနစ်နဲ့ ဂါဇာပြည်သူတွေရဲ့  ပြေးပေါက်

အစ္စရေးပါလီမန်ရဲ့ ဒုဥက္ကဌဖြစ်သူ မိုရှေဖိုင်ဂလင်း (Moshe Feiglin) က ဂါဇာနေ ပြည်သူများကို အစ္စရေးက ထိုးစစ်ဆင်တော့မှာမို့ ဆိုင်းနိုင်းကန္တာရထဲ ထွက်သွားကြဖို့ နှိုးဆော်ခဲ့ပါတယ်။ ဒါကပဲ နိုင်ငံတကာကို အစ္စရေးသံတမန်တွေ ပြောပြောနေတဲ့ “အရပ်ဘက်ပြည်သူကို ကြိုတင်ထွက်သွားခိုင်းခဲ့တာပါ” ဆိုတဲ့ အချက်ပါ။ ဆိုင်းနိုင်းကနေ တဖက်ကို သွားရင် ပင်လယ်ထဲကို ရောက်၊ မရောက်ရင် အီဂျစ်ကို ရောက်ပါလိမ့်မယ်။ အီဂျစ်က ဂါဇာအတွက် ဆေးဝါးထောက်ပံ့ရေး ယာဉ်တန်းကိုတောင် ပေးမ၀င်တဲ့အထိ နယ်ခြားစည်းကို ပိတ်ဆို့ပစ်ထားတာပါ။ အဓိက အကြောင်းကတော့ အီဂျစ်လက်ရှိအစိုးရက ယခင်အစိုးရဟောင်း မော်စီရဲ့ အစ္စလာမ်မစ်ဘရားဟုဒ်နဲ့ ဟားမားစ်တို့ အဆက်အဆံကို ထိန်းချုပ်ဖို့ အဲဒီလို ပိတ်ပစ်ထားခြင်း ဖြစ်ပါတယ်။ ဂါဇာဒုက္ခသည်တွေဟာ တဖက်ကိုသွားရင်လည်း အစ္စရေးရဲ့ နယ်ခြားစည်းကို ရောက်မယ်၊ နောက်တဖက်မှာလည်း ဆိုင်းနိုင်းကိုဖြတ်ပြီး အီဂျစ်ထိ ခရီးနှင်နိုင်ခဲ့မယ်ဆိုရင်တောင် အီဂျစ်ဘော်ဒါမှာတင် အသက်ထွက်ရကိန်း ဆိုက်နေပါပြီ။

ဂျွန်စတီးဝပ် ဒေးလီးရှိုးကတော့

(http://www.huffingtonpost.co.uk/2014/07/17/the-daily-show-gaza-jon-stewart_n_5595065.html)

အစ္စရေးတို့ရဲ့  ဂါဇာပြည်သူတွေကို ထွက်သွားဖို့ ပေးခဲ့တဲ့ အချိန် ၃ မိနစ်ကို လှောင်ပြောင်ခဲ့သလို ဂါဇာပြည်သူတွေက ဘယ်ကို သွားရမှာလဲ၊ ဂါဇာမြေပုံကို ခင်ဗျားမြင်ဖူးသလား၊ တဖက်မှာ အစ္စရေးက ပိတ်ထားတယ်၊ နောက်တဖက်မှာ အီဂျစ်က ပိတ်ထားတော့ ဂါဇာပြည်သူတွေ ပင်လယ်ထဲ ခုံချရမှာလားလို့ အရွှန်းဖောက် ဝေဖန်ထားပါတယ်။

ဟားမားစ်တွေက လူတံတိုင်းတွေကို အကာအရံယူထားတာလား

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက တဲလ်အဗစ်မြို့လယ်မှာ ရှိပါတယ်။ အစ္စရေးနိုင်ငံ ဟာဇ်လီယာမြို့အနီးက ဂလီလော့ စစ်လေ့ကျင့်ရေးစခန်းကြီး ရဲ့ဘေးမှာ လူသွားလူလာရှုပ်ထွေးတဲ့ ဈေးဝယ်စင်တာကြီးရှိပါတယ်။ ဂျေရုစလင် ရှင်ဘတ်စစ်တပ်ဌာနချုပ်ကတော့ လူနေအိမ်တန်းတွေရဲ့ အစွန်မှာ ရှိပါတယ်။

တကယ်လို့သာ ဟားမားစ်တွေ အသာရပြီး အစ္စရေးစစ်ဘက်ဆိုင်ရာနေရာ တွေကို ဗုံးကျဲရင်၊ ဟားမားစ်တွေကလည်း “အစ္စရေးတွေ လူနေထူထပ်တဲ့ နေရာတွေကို အကာအကွယ်ယူထားပါတယ်” လို့ ပြောတော့မှာပါပဲ။

ဟားမားစ်တွေကတော့ လူနေသိပ်သည်းလှတဲ့ ဂါဇာမှာ ဘယ်ဝယ်ဘယ်ဆီကနေ ဒုံးတွေပစ်လွှတ်နေမှန်းမသိအောင် လှုပ်ရှားနေကြတာပါ။ သို့သော် အဲဒီအချက်က အစ္စရေးတို့အဖို့ အခွင့်ကောင်းယူပြီး အကြောင်းပြချက်အဖြစ် အသုံးချရမယ့် အချက်တော့ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြောကြားချက်အရ အစ္စရေးတိုက်ခိုက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု နေရာ ၁၈ နေရာပျက်ဆီးခဲ့ရပြီး အဲဒီထဲက ၃ ခုက ဆေးရုံတွေဖြစ်နေ တာကြောင့်ပါပဲ။

(http://www.rte.ie/news/2014/0722/632275-israel-gaza/)

ပါလစ္စတိုင်းနယ်မြေတွေ ပြန်ပေးမှာလား

ကိုလံဘီယာ တက္ကသိုလ်ရဲ့ ပရောဖက်ဆာ ဟာမစ်ဒါဗာရှီက “ဟားမားစ်ကို မထောက်ခံဘူး၊ ဟားမားစ်အဖွဲ့ထဲလည်း မဝင်ဘူးဆိုတာနဲ့ပဲ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပါလစ္စတိုင်း ပြည်သူတွေဆီသွားပြီး ဟားမားစ်ကို သည်းခံမနေကြဖို့ တိုက်တွန်းနိုင်မှာ မဟုတ်သလို၊ အစ္စရေးတွေက မင်းတို့လက်နက်ချရင် ပါလစ္စတိုင်းပိုင်နယ်မြေတွေ ပြန်ပေးလိမ့်မယ်ဆိုပြီးလည်း ဟားမားစ်တွေကို သွားပြောနိုင်လိမ့်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

ဒါ့ပြင် ဟာမစ်ဒါဗာရှီက ဟားမားစ်တွေ တကောင်တမြီးမှ မရှိတော့ရင်တောင် အစ္စရေးက ပါလစ္စတိုင်းပိုင်မြေတွေကို ပြန်ပေးမှာလားလို့ မေးခွန်းထုတ်ပါတယ်။

ဗြိတိသျှ လစ်ဘရယ် ဒီမိုကရက် ပါလီမန်အမတ် ဒေးဗစ်ဝါဒ် (David Ward) က သူသာ ဂါဇာမှာ ရှိရင် အစ္စရေးကို ဒုံးနဲ့ထုမှာပဲလို့ တွီတာမှာ ရေးသားခဲ့တာကြောင့် ရဲဌာနမှာ တိုင်တန်းတာတွေကို ခံနေရပါတယ်။ ဟားမားစ်က အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် ဟားမားစ်ရဲ့လုပ်ရပ်တိုင်းသည် အကြမ်းဖက် လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဟားမားစ်ရဲ့ ဒုံးက ဂါဇာနေ ပါလစ္စတိုင်းတွေကို အင်အားဖြည့်တင်းပေးတာထက် စတစပြင်သာသာ စစ်တလင်းကို အရှင်လတ်လတ် မြင်တွေ့ရပြီးမှ သေပွဲဝင်ကြရဖို့ ဖန်တီးနေတာနဲ့သာ တူပါ။ ဒါကြောင့် ဒေးဗစ်ဝါဒ်ရဲ့အရေးအသားဟာ အငြင်းပွားဖွယ်ရာသာ ဖြစ်တယ်လို့ ကောက်ချက်ချရပါမယ်။

ဒီထက်ပိုပြီး အငြင်းပွားဖို့ကောင်းတဲ့အချက်က ဘားအီရန် တက္ကသိုလ်ရဲ့ အရှေ့အလယ်ပိုင်း စကောလာ အစ္စရေးလူမျိုး ပရောက်ဖက်ဆာ မိုဒီချိုင် ကီဒါရဲ့ မှတ်ချက်ပါ။ သူက “တကယ်လို့ ဟားမားစ် ရဲ့ အကြမ်းဖက်အန္တရာယ်ကို တားဆီးလိုတယ်ဆိုရင်တော့ သူတို့ရဲ့ အမေတွေနဲ့ အစ်မနှမတွေကို မုဒိန်းကျင့်ရမယ်” လို့ ဆိုခဲ့တာပါ။

(http://www.ibtimes.co.uk/israeli-professor-rape-hamas-militiants-mothers-sisters-deter-terrorist-attacks-1457836)

ပဋိပက္ခကို ဘယ်လို အဆုံးသတ်မလဲ

ကမ္ဘာ့ခေါင်းဆောင်တွေပင်လျှင် ခေါင်းခဲနေရတဲ့ ကိစ္စပါ။ စစ်မီးကြီးကို အဆုံးသတ်ဖို့ နည်းလမ်း မရှိသလောက်ဖြစ်နေပါပြီ။ ဂါဇာပြည်သူတွေ ဓါးစာခံဖြစ်နေရတာက အရေးအကြီးဆုံး အကြောင်းအရာ ဖြစ်ပါတယ်။ မွတ်စလင်အများစုမြော်လင့်နေတဲ့ အာရပ်ခေါင်းဆောင်နိုင်ငံတွေ (ဥပမာ ဆော်ဒီ၊ ယူအေအီး) တို့ ကြားဝင်လာမယ့်အရေးက မရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အခြေဆိုက် Huffpost သတင်းဌာနက ဆော်ဒီနဲ့ယူအေအီးတို့ကိုယ်တိုင် ဟားမားစ်ကို တိုက်ဖို့ရာ တွန်းအားပေးခဲ့တာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြလိုက်လို့ပါပဲ။

(http://www.huffingtonpost.com/david-hearst/attack-on-gaza-by-saudi-r_b_5603735.html)

ဟားမားစ်တွေသည် ပါလစ္စတိုင်းပြည်သူကို ကိုယ်စားမပြုပါ။ ဟားမားစ်ထောက်ခံသူများ မိမိတို့ကိုယ်ကို ပြန်လည် စိစစ်မေးမြန်းကြပါ။ ငြိမ်းချမ်းရေးကို ရှေးရှုသူအစစ်အမှန်ဖြစ်ရင်တော့ အရာရာကို ငြိမ်းချမ်းရေးအတွက် စံပြသရုပ်အဖြစ် လဲလှယ်လိုက်ဖို့ အချိန်တန်ပါပြီ။ ဒါကသာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်ပါတယ်။ ဒါကသာ အပြစ်မဲ့ မြေစာပင်ကလေးများကို ကယ်တင်ရာ ရောက်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts