Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) ဗြိတိသျှကောင်စီမှ သိန်း (၄၅၀)ကျော် တန်ဖိုးရှိ IELTS ပညာသင်ဆုများပေးအပ်

ရန်နောင်(ဗိုလ်တထောင်) ဗြိတိသျှကောင်စီမှ သိန်း (၄၅၀)ကျော် တန်ဖိုးရှိ IELTS ပညာသင်ဆုများပေးအပ်
ဇူလိုင် ၂၅၊ ၂၀၁၄

ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုကို  ၂၀၁၄ ခုနှစ်တွင် ရရှိသွားသော ဒေါက်တာသန္တာအောင် နှင့် စောမယ်လ်ဗင်ကိုကိုလေး တို့ နှစ်ဦးအား ပညာသင်ဆု ပေးအပ်ပွဲကို ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၃ ရက် (ဗုဒ္ဓဟူး)နေ့ နေ့လည် ၃ နာရီခွဲအချိန်၌ ရန်ကုန်မြို့ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေါက်တာသန္တာအောင်သည် Regional Scholarship စတာလင်ပေါင် ၂၅၀၀၀(မြန်မာငွေ ကျပ်သိန်း၄၁၅ ခန့်) ရရှိပြီး စောမယ်လ်ဗင်ကိုလေး သည် Country Scholarship စတာလင်ပေါင်၂၅၀၀ (မြန်မာငွေ ကျပ် ၄၁သိန်းခန့် ) ရရှိခဲ့ပါသည်။

ရှေးဦးစွာ ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Mr.Kevin Mackenzine မှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတကာ ပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ်အတွေ့အကြုံရရှိစေရန်အခွင့်အလမ်းကောင်းဖြစ်ကြောင်း၊ယခုမြန်မာနိုင်ငံမှ ထူးချွန်သည့် ပုဂ္ဂိုလ်နှစ်ဦး ပညာသင်ဆုချီးမြှင့်ခံရသည့်အတွက် ၎င်းတို့ရွေးချယ်ထားသည့် ဘာသာရပ်များတွင် ပိုမိုပေါက်မြောက်စေရန်အခွင့်အရေးရရှိသွားပြီ ဖြစ်ကြောင်း ၊မြန်မာနိုင်ငံမှ ဒေါက်တာသန္တာအောင် မှ အရှေ့အာရှဒေသတွင် အမြင့်ဆုံး  IELTS ပညာသင်ဆုရသွားသည်မှာ အထူးဂုဏ်ယူစရာပင်ဖြစ်ကြောင်း ၊ဆုရသွားကြသော ဒေါက်တာသန္တာအောင် နှင့် စောမယ်လ်ဗင်ကိုကိုလေး တို့ နှစ်ဦးစလုံးအား ဝမ်းမြောက်ကြောင်း ပြောကြားသည်။

ထို့နောက်ဆုရရှိသူနှစ်ဦးအား မြန်မာနိုင်ငံညွှန်ကြားရေးမှူး Mr. Kevin Mackenzie မှ ပညာသင်ဆုများအားပေးအပ်ချီးမြှင့်ပေးအပ်ပါသည်။

ဆက်လက်၍ ပညာသင်ဆုကြေးငွေ ၄၁၅ သိန်းရရှိသည့် ဒေါက်တာ သန္တာအောင်မှကျေးဇူးတင်စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကာလမတိုင်မီတည်းက ဗြိတိသျှကောင်စီမှ  အင်္ဂလိပ်စာသင်တန်းများနှင့် စာကြည့်တိုက်ဝန်ဆောင်မှုများကြောင့် မြန်မာကျောင်းသားတွေ၏ အင်္ဂလိပ်စာအခွင့်အလမ်းပိုမိုကောင်းမွန်လာကြောင်း၊ IELTS ပညာသင်ဆုရရှိခြင်းဖြင့် သူမနှင့် အခြားဆုရရှိသူအနေဖြင့် မိမိတို့တက်ရောက်လိုသောနိုင်ငံတကာတက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားလိုသော ဘာသာရပ်များကို တက်ရောက်ခွင့် ရပြီး မိမိတို့၏ ပညာရေးဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူရပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပညာသင်ဆု ၄၁ သိန်းရရှိသော စောမယ်လ်ဗင်ကိုကိုလေး မှလည်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများ၊ နည်းပညာတိုးတက်မှုများ ၊ကျန်းမာရေး ဆိုင်ရာကိစ္စများနှင့် အလုပ်အကိုင်အခွင့်အလမ်းများသည် အနာဂတ်၏ ပန်းချီကားချပ်အတွက် အရေးပါသော စုတ်ချက်ကောင်းများဖြစ်ကြောင်း၊၎င်း စုတ်ချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်နိုင်ရန် ကိုယ်စီအားသာချက်များ ရှိရန်လိုကြောင်း၊ ထိုအားသာချက်မှာ ပညာရေးပင်ဖြစ်ကြောင်း ပြောကြားပါသည်။

ဒေါက်တာသန္တာအောင်သည် ဂျာမနီနိုင်င် ဘာလင်မြို့ရှိ Chartie- Universitatsmedizin တက္ကသိုလ်တွင် ပညာသင်ကြားမည်ဖြစ်ပြီး စောမယ်လ်ဗင်ကိုကိုလေးသည် စင်္ကာပူ နိုင်ငံရှိ Kaplan Higher Education Academy (Royal Holloway, University of London program ) တွင် ဆက်လက်ပညာသင်ကြားကြမည်ဖြစ်သည်။

ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ၏ စားမေးပွဲဌာနတာဝန်ခံ ဒေါ်အိအိမွန် မှလည်းယခုကဲ့သို့ပြောကြားခဲ့ပါသည်။ ဒေသတွင်းဆုဆိုတာ (၁၁)နိုင်ငံပြိုင်ရတာပါ။ လူပေါင်းရာနဲ့ချီတဲ့အထဲက မြန်မာနိုင်ငံရတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နောက်ဆို ဖြေဆိုသူများအဆင်ပြေစေရန် တစ်လလျှင် နှစ်ကြိမ်စာမေးပွဲပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ (၅)တ်အလို ကြိုတင်စာရင်းပေးသွင်းမှုကိုလည်း ပယ်ဖျက်ပြီး (၅)ရက်အလိုသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း၊ နောက်နှစ်တွင်လည်းအနည်းဆုံးဆု နှစ်ဆုပေးနိုင်ရန်ကြိုးစားထားကြောင်း၊ ပြောကြားခဲ့သည်။

ဗြိတိသျှကောင်စီမှ ပြုလုပ်ကျင်းပပေးသည့် IELTS စာမေးပွဲ သည်မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ၂၈၀၀ကျော်ရှိပြီး ယခုလောလောဆယ်တွင် တစ်လလျှင်တစ်ကြိမ် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြေဆိုနိုင်ပြီး အောက်တိုဘာလမှစ၍ ရန်ကုန်မြို့တွင် တစ်လလျှင် နှစ်ကြိမ်ဖြေဆိုနိုင်တော့မည်ဖြစ်သည်။ မြန်မာငွေဖြင့်အလွယ်တကူဖြေဆိုနိုင်ပြီး ပြင်ဆင်ရန် စာအုပ်စာတမ်းများအား အလွယ်တကူရရှိနိုင်ခြင်းတို့အပြင် ရန်ကုန်နှင့် မန္တလေးတို့တွင် ဖြေဆိုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဖြေဆိုကြသည့် အင်္ဂလိပ်ဘာသာအရည်အချင်းစစ် စာမေးပွဲများထဲတွင် နံပါတ်တစ်ဖြစ်နေကြောင်းလည်း ဆရာမဒေါ်အိအိမွန်မှ ရှင်းပြခဲ့ပါသည်။

မြန်မာနိုင်ငံမှ IELTS Scholarship လျှောက်ထားသူများသည် မြန်မာနိုင်ငံတွင်လက်ရှိနေထိုင်သူဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၄ ပညာသင်နှစ်မှစ၍ ဘွဲ့ကြို နှင့် ဘွဲ့လွန် ပညာသင်ကြားမည့်သူ၊ IELTS လက်မှတ်အား ဝင်ခွင့်လိုအပ်ချက်တခုအနေဖြင့် လက်ခံသော တက္ကသိုလ်(မည်သည့်နိုင်ငံမှဖြစ်စေ) တွင်တက်မည့်သူ၊ အနည်းဆုံး IELTS overall band sore 6 ရရှိသူ (နှစ်နှစ်အတွင်းရရှိထားသူ) ၊ IELTS စာမေးပွဲအား ဗြိတိသျှကောင်စီတွင် ဖြေဆိုထားသူ၊ မိမိလျှောက်ထားသော တက္ကသိုလ်မှ ဝင်ခွင့်အထောက်အထားကို သတ်မှတ်ထားသော အချိန်အတွင်းပြသ နိုင်သူများသာ လျှောက်ထားနိုင်မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts