ရသဆောင်းပါးစုံ ဖြစ်ရပ်များ၊ အမှတ်တရများ

သက်ခိုင် – ငါးပြားပြားလေးရဲ့ ကြင်နာမှုနဲ့ မာနယ်ပလောနေ့များ

သက်ခိုင် – ငါးပြားပြားလေးရဲ့ ကြင်နာမှုနဲ့ မာနယ်ပလောနေ့များ
ဇူလိုင် ၂၀၊ ၂၀၁၄
 


(၁)

ကိုလှမြင့်ကတောခိုတာ အောင်ဖေတို့ထက်စောတယ်၊ ဒါပေမယ့်မာနယ်ပလောရောက်တာက နောက်ကျတယ်၊ ဘာလို့ဆို သူကဒီဇင်ဘာကုန်လောက်ကတည်းက ထွက်လာရတာဆိုတော့ အရင်ဦးအောင် မွန်ဒေသဘက်က ဗိုလ်မှူးကြီးစိန်မြ (အဘ)ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် (People Defense Force, PDF)မှာ ခဏနေနေ ရသေးတယ်၊ နောက်မှသူ့ကို မာနယ်ပလောကို ခေါ်ရတာ။

အမှန်က သူ့ကိုရဲဘော် အတော်များများက တောထဲအထိ ဆက်ပြီးဒုက္ခ မခံစေချင်တော့ဘူး၊ ရန်ကုန်မှာပဲ နေခဲ့စေချင်တာ၊ ကိုမြင့်ဇော်ကအစပေါ့၊ အောင်ဖေတို့တွေထဲကအချို့ တောခိုကြတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး ကတည်းက လမ်းကြောင်းရှာတာတွေ လုပ်လို့အဆင်ပြေတော့ ၁၉၉၁ခုနှစ်၊ အောက်တိုဘာလဆန်းတရက် ညနေခင်းမှာ ရန်ကင်းက လဘသဌာနချုပ်ကို အောင်ဖေရောက်လာတော့ ကိုမြင့်ဇော်က အောင်ဖေနဲ့ ကိုအေးမြင့်ကို လက်ဘက်ရည်ဆိုင်ခေါ်သွားတယ်၊ ဟေ့ကောင်တွေ လာလိုက်ခဲ့ ပြောစရာရှိတယ်ဆိုပြီးတော့၊ အောင်ဖေတို့လည်း ဘာလဲပေါ့၊ အမေငယ်ဆိုင်များ သွားမလို့လား မသိပေါ့၊ အမေငယ်ဆိုင်ဆိုတာ တခါတလေ ပိုက်ဆံအဆင်ပြေရင် လူငယ်သဘာဝ လူစုပြီးယမကာလေးဘာလေး သွားသောက်တဲ့ဆိုင်၊ ကန်ဘဲ့ဘူတာရုံ လမ်းထဲက။

မဟုတ်ဘူး လက်ဘက်ရည်ဆိုင်ရောက်မှ အောင်ဖေတို့ကို ပြောတယ်၊ မင်းဒီညမပြန်တော့နဲ့ ဒီမှာအိပ် မနက်ခရီးထွက်ရမယ်တဲ့၊ အောင်ဖေသဘောပေါက်လိုက်တယ် တောထဲကိုသွားရတော့မယ်ပေါ့၊ ဒါဆို ဘယ်သူတွေ ပါလဲဆိုတော့ မင်းရယ်၊ အေးမြင့်ရယ်၊ ကိုချစ်ရယ် ၃ယောက်တဲ့၊ ဟာခင်ဗျားကလည်း ဟိုလူ ကိုလှမြင့် မပါဘူးလားဆိုတော့၊ မခေါ်တော့ဘူးတဲ့ သူနေခဲ့ပါစေတော့ကွာ ဟိုမှာကပင်ပန်းဆင်းရဲမှာတဲ့၊ အောင်ဖေက မရဘူးဆိုပြီး စကားကြီး စကားကျယ်တွေပြောပြီး လျှာရှည်တော့တယ်၊ ခင်ဗျားကလည်းဗျာ စားအတူသွားအတူ နေလာခဲ့ပြီးမှ ချန်ထားခဲ့ရင် သူဘယ်စိတ်ကောင်းမလဲဗျ ဘာညာနဲ့ အပိုဆာဒါးတွေ ပြောတော့တာပဲ၊ အမှန်က အောင်ဖေက ကိုလှမြင့်ဆိုရင် ညာတာပါတေးနဲ့ တခုခုလုပ်ရင် အကူအညီ တောင်းနေကြ၊ ဟိုကလူကြီးဖြစ်ပြီး အတွေ့အကြုံရှိတော့ သူသက်သာတယ်လေ ဒါကြောင့်အပါခေါ်တာ၊ အဲဒီတော့ ဒါဆိုမင်းသူဒုက္ခရောက်ရင် မင်းတို့ခံမလားတဲ့၊ ပြတ်ပြတ်ပဲပြောလိုက်တယ် ခံမယ်လို့၊ ဒါဆို မင်းသွားခေါ်ချေ သူ့ကိုပါလိုက်ခိုင်းမယ်တဲ့၊ အဲဒါနဲ့ နောက်ရက် ခရီးထွက်တော့ သူလည်းပါလာတာ။

ဒါပေမယ့် အဲဒီခရီးက မအောင်မြင်လိုက်ပါဘူး ပြန်တပ်ခေါက် လာရတယ်၊ စီစဉ်တဲ့ရဲဘော်က ဒီလမ်းက စိတ်အချရဆုံးနဲ့ အကောင်းဆုံး၊ ဒီ့အတွက် ဥက္ကဌကို အရင်ပို့ပြီးမှ ခင်ဗျားတို့ကို ပို့နိုင်မယ်တဲ့ ဘယ်လိုမှကို ပြောမရဘူး။ အရက်တိုက်ပါမယ်ပြောလည်း မရဘူး၊ မသောက်ဘူးတဲ့။ ဒါနဲ့ရန်ကုန်ပြန်လာရကော အဲဒီနောက် အောင်ဖေလည်း အဖမ်းခံရတော့တာပဲ၊ (၄၅)ရက်ကြာတယ်၊ အောင်ဖေအဖမ်းခံရပြီဆိုတာ သိတော့မှ ကိုမြင့်ဇော်တို့ အမြန်ထွက်ကြရတာ အဲဒီမှာကိုလှမြင့်က ကျန်နေခဲ့တယ်၊ ထောက်လှမ်းရေး မရိပ်မိအောင် ဌာနချုပ်မှာ သူ့ကိုနေနေစေပြီး နောက်မှလူလွှတ်ပြီး ခေါ်ခဲ့ရတာ။ နောက်ဆုံး ကိုမြင့်ဇော်တို့ မာနယ်ပလော ရောက်ပြီး ပါတီအလံစိုက်တဲ့နေ့၊ နိုဝင်ဘာလ(၇)ရက်ကာလ အပါအဝင် ပါတီမတရားအသင်း အကြေငြာခံရတဲ့ ၁၉၉၁ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့အထိ သူကဌာနချုပ်မှာ ခပ်တည်တည် နေနေခဲ့ရတာ၊ သူနဲ့အတူ ရဲဘော်တချို့လည်း ရှိကြသေးတယ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှာ အောင်ဖေက ပြန်လွတ်တော့ ဌာနချုပ်ကို မဆက်သွယ်တော့ဘဲ တခြားနည်းနဲ့ အဆက်အသွယ်လုပ် ထွက်လာခဲ့တာဆိုတော့ သူနဲ့မတွေ့ဖြစ်တော့တာ မာနယ်ပလောရောက်မှ ပြန်ဆုံတာ၊ ဆိုတော့ အဲဒီလိုမျိုးသူက ဒုက္ခခံချင်တဲ့ ပါရမီက ပြည့်ဝတာ။

ကိုလှမြင့်ကို ဝန်ကြီးခန့်လိုက်တော့ စားရေးသောက်ရေးက အတော်ကိုပြေလည်သွားတယ် တနေကုန်ဘာပြီးရင် ဘာလုပ်မယ် ဘာချက်မယ်စသဖြင့် သူကသေချာ စီမံခန့်ခွဲတာ၊ အောင်ဖေတို့တွေက ဝိုင်းကူယုံပဲ၊ သူက အသီးအရွက် အစုံကိုလည်း အတော်လေးသိတယ်။

တခါတော့ မာနယ်ပလောမှာ အလေ့ကျပေါက်နေတဲ့ ဟင်းနုနွယ်ပင်တွေကို ဘယ်ချောင်က သူတွေ့လာသလဲ မသိပါဘူး၊ အဲဒါကိုကျော်ချက်လေးချက်ကော၊ ကျက်တော့အရင်စားတာက အောင်ဖေတို့အုပ်စု ၄-၅ယောက် လောက်ရှိမယ်၊ ဟင်းကြည့်တော့ အရွက်ကျော် တခါမှလည်း မတွေ့ဖူးဘူး မာနယ်ပလောမှာ၊ ဒါနဲ့ “ဟေ့လူ ဘာအရွက်ကြော်လဲဗျ” ဆိုတော့ ဟင်းနုနွယ်လို့ သူကဖြေတယ်၊ ဒါပေမယ့် အောင်ဖေကစချင်တော့ “ဟာခင်ဗျားဟာ မဟုတ်ဘူး ဘယ်ကဟင်းနုနွယ်ရမှာလဲ ဒါခွေးသေးပန်းရွက်တွေဗျ” လို့ အတည်ပေါက် ပြောတော့၊ ကျန်တဲ့သူတွေကလည်း ငလှောင်တွေလေ သိတယ်မဟုတ်လား၊ ဟာဟုတ်သား ကိုလှမြင့် ခင်ဗျားကလည်းဗျာ ကလေးတွေကို ခွေးသေးပန်းရွက် ကြော်ကျွေးရတယ်လို့ တို့ဘာတို့ ဝင်ဖောက်ကော၊ ဒါနဲ့တင် အောင်ဖေက မရပ်ဘူး ခင်ဗျားမဟုတ်တာ ကြော်ကျွေးတာ ဥက္ကဌကို သွားတိုင်မယ်ဗျဆိုပြီး ခပ်တည်တည်နဲ့ စားဖိုထဲကထွက်လာတော့ ကိုလှမြင့်လေ ဒေါသတကြီးနဲ့ ယောင်းမကိုင်ပြီး လိုက်တာဗျာ “မှင်စာလေး ငါက တကူးတက ခူးလာပြီးချက်ကျွေးရသေးတယ် ငါ့ကို ဘာမဟုတ်က ဟုတ်ကပြောရတာလဲ” ဆိုပြီးလိုက်လို့ ပတ်ပြေးခဲ့သေးတယ်၊ ဒါကနောက်ကြတော့ ဟာသလိုဖြစ်သွားကော ကိုလှမြင့် ခွေးသေးပန်းရွက် ကြော်ကျွေး တယ်ဆိုပြီး၊ အဲဒီလိုသူ့ကိုစရင် မျက်မှန်တဝင်းဝင်းနဲ့ ဒီကောင်အောင်ဖေ အတော်ဆိုးတဲ့ကောင် ဆိုပြီး ရယ်နေတတ်တော့တာပဲ။

(၂)

ဆိုခဲ့တဲ့အတိုင်း မာနယ်ပလောလူစည်လာတော့ ညဘက်ဆိုရင် တခါတလေ အေဘီကရဲဘော်တွေ လာအိပ်တတ်ကြတယ်၊ အဲဒီလိုညတွေမှာ တခုမဟုတ်တခု အောင်ဖေတို့တွေ ဆော့တတ်ကြတယ် အင်္ဂလိပ် စာလုံးဆက် Scrabble တို့ စစ်တုရင် Chess တို့ပေါ့၊ တခါတလေ အဆိုတော်ကြီး ကိုမွန်းအောင်ကို ပူဆာရင် သူကဂစ်တာတီးပြီး သီချင်းဆိုပြတတ်တယ်။

အောင်ဖေက ဘာကစားကစား များသောအားဖြင့် ပါတတ်တယ်၊ နည်းနည်းလည်း ကစားတာမဆိုးဘူး ပြောရမှာပေါ့ အဲဒီတော့ အောင်ဖေ့ကိုစရင်းနောက်ရင်း ကျန်တဲ့သူတွေက နေရာပေးကစားကြလေ့ရှိတယ်၊ Chess ကစားတဲ့နေရာမှာ အောင်ဖေမကျေမလည် အဖြစ်ရဆုံးက ကဗျာဆရာ ကိုလွမ်းဏီ၊ သူနဲ့ အောင်ဖေကစားရင် အောင်ဖေကြီးပဲရှုံးတယ်၊ ညံ့လို့ရယ်တော့ မဟုတ်ဘူး၊ ဟိုလူက လူနောက်ဆိုတော့ အောင်ဖေ့ကို မခံချင်အောင်စပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာ ဒါကို အောင်ဖေငတုံးက မသိတော့ ဒေါတွေပွပြီး စဉ်းစားမရ ဖြစ်ပြီး ရှုံးတာ၊ သူလုပ်ပုံက တကွက်ရွှေ့ပြီးရင် ဘေးမှာရှိတဲ့သူတွေနဲ့ ပွားနေကော ဘာဖြစ်တယ် ညာဖြစ်တယ်၊ စာပေက ဘယ်လို အေဘီကဘယ်လို ရုန်းခဲ့ရတာ၊ လဘသထောင်တုန်းက ဘယ်လိုရန်သူက ညှိုးတာ၊ ဒါတွေကို ကရားရေလွှတ်လျှောက်ပြောနေကော၊ အမှန်က ပြောနေရင်းက အောင်ဖေဘာရွှေ့နိုင်မလဲ စဉ်းစားနေတာ၊ ပြီးရင် သူဘာရွှေ့မယ်ပေါ့၊ အဲဒီတော့ အောင်ဖေကရွှေ့ပြီးရင် ကိုလွမ်းဏီ ကျနော့်အလှည့်ပြီးပြီ ခင်ဗျားအလှည့် အမြဲပြောရတယ်၊ ဒါကိုသူက တချက် ကစားကွက်ကိုကြည့်ပြီး ဖျတ်ကနဲ တခုခုရွှေ့၊ ပြီးရင်ဆက်ပွားနေကော၊ အောင်ဖေကတော့ ခေါင်းကြီးငုံ့ စဉ်းစား၊ ငါ့ကိုလေးလေးစားစား မကစားဘူး လုပ်ပုံက မကစားချင် ကစားချင်ပုံနဲ့ ရွှေ့သွားတယ် ဘာညာပေါ့လေ၊ ကြာတော့ စိတ်ကဒေါပွလာ စဉ်းစားတာ မမှန်ဖြစ် မှားရွှေ့ အဲဒီကြတော့ ပုဂ္ဂိုလ်က ဂွက်ကနဲကောက်စား ချက်ကနဲ ချက်နဲ့ အောင်ဖေရှုံးကော။

ကစားပြီးရင် အောင်ဖေစဉ်းစားတယ် ငါ့နှယ်မရွှေ့ရမှာ ရွှေ့မိတယ်ပေါ့၊ သေစမ်းပါပေါ့လေ၊ နောက်ကြတော့ စိတ်ကိုဒုန်ဒုန်းချလိုက်တယ် ကိုလွမ်းဏီ ဘာပဲပွားနေပွားနေ ကိုယ့်ဘာသာ စိတ်အေးအေးထား စဉ်းစားမယ်၊ ရွှေ့မယ်ပေါ့၊ အဲဒီလိုလည်း စဉ်းစားပြီးရွှေ့တဲ့အခါကြတော့ နောက်ပိုင်းအကွက်သာကော အဲဒီအချိန်ကြတော့ စိန်လွမ်းဏီက ခေါင်းမဖော်တော့ဘူး မပွားအားတော့ဘူး စဉ်းစားရပြီ၊ ဒါဆိုအောင်ဖေက စခွင့်ရသွားကော ကိုလွမ်းဏီ ရန်ကုန်လဘသရုံးဘေးက ဘယ်ဆိုင်လဲဗျ မုန့်ဟင်းခါး စားကောင်းတယ်ဆိုတာလေ ဘာညာ သွားသွားစတော့တာပဲ၊ ဟိုလူက တခွန်းဆိုတခွန်းမှကို ပြန်မပြောအားတော့ဘူး သူရှုံးပြီကိုး၊ ကျန်တဲ့ သူတွေကလည်း ချက်ခုံကို ပြူးပြဲဝိုင်းကြည့် ဝိုင်းစဉ်းစားပေးပေါ့ ဘာလို့ဆို အောင်ဖေကိုရှုံးရင် နာမည် ပျက်တော့မယ်လေ၊ သိတယ်မဟုတ်လား အောင်ဖေက အကျင့်က ကောင်းတာမဟုတ် တခါတလေလေး နိုင်ကြည့် တသက်လုံး အောင်လံကြီးကိုထူနေတတ်တာကိုး။

များသောအားဖြင့် Scrabble ကစားပြီဆိုရင် ကိုမြင့်ဇော်ရယ်၊ ကိုမွန်းအောင်ရယ် နောက်တယောက်ယောက်နဲ့ အောင်ဖေကတော့ ဒိုင်ခံပါတာများတယ်၊ ဘာလို့ဆို အောင်ဖေပါရင် ပွဲစည်တယ်လေ၊ အောင်ဖေ့ကို မခံချင်အောင် စပေးဆွပေး၊ စာလုံးရှိသလို မရှိသလိုလုပ် ဖမ်းအောင်မြှောက်ပေး၊ ဖမ်းတယ်ဆိုရင် ဖမ်းတဲ့သူ အလှည့်ကျော်သွားတာကိုး၊ အောင်ဖေ အမှတ်များနေရင်လည်း တယောက်ယောက် မနိုင်နိုင်အောင် ဝိုင်းကူ၊ ဒါကိုအောင်ဖေက မခံနိုင် ဒေါသတွေထွက် မတရားတာမခံဘူး ဘာညာနဲ့ပြော ကျန်တဲ့သူတွေက တခွိခွိနဲ့ပေါ့၊ အဲဒီလို မပျော်ပျော်အောင် နေကြရတာ။

ဒီလို လူလက်ခံပြီး ဝင်ကစားလို့ရအောင်လည်း အောင်ဖေက အားရင် Dictionary တအုပ်ကို လှန်လှန်ပြီး ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့် မှတ်နေတာ၊ အထူးသဖြင့် စကားလုံးတိုလေးတွေ သဘောက eel ငါးရှည့် mob လူအုပ် စသဖြင့်ပေါ့လေ၊ ဒီလိုမျိုးတွေ သိမှလည်း အမှတ်ကောင်းကောင်းရအောင် ဆက်လို့ဖြစ်တာလေ၊ ၄ယောက်ကစားတဲ့ နေရာမှာ ကျန်၃ယောက်ကလည်း လစ်ရင်လစ်သလို အောင်ဖေကို ကလိဖို့ စဖို့ ကြံစည် နေတာဆိုတော့ မရှုံးအောင် ဖိဖိကစားရတာ။

တရက်တော့ ကစားနေရင်းက ချောင်ကျို ချောင်ကြားမှာကပ်ရပ်ပြီးတော့ အောင်ဖေက DAB ဆိုတဲ့ စကားလုံး တလုံး ထည့်လိုက်ကော၊ အမှတ်ကလည်း အတော်ကိုကောင်းသွားတယ် ကျန်သူတွေတယောက်မျက်နှာ တယောက်ကြည့်တယ်၊ ပြီးတော့ တယောက်က “ဟေ့ကောင် မင်းဟာက တပ်ပေါင်းစုနာမည်နော်၊ ဒါကစား နေတာ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး” အဲဒီလို ခြိမ်းခြောက်တယ်၊ ဆိုလိုတာ Democratic Alliance of Burma(DAB) ဆိုတာက မြန်မာပြည် ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (မဒမဖ)ပေါ့လေ အဲဒီလိုကြပ်တာ၊ အောင်ဖေကတော့ ခပ်တင်းတင်းပဲ “ခင်ဗျားတို့ ဖမ်းချင်ဖမ်း မရှိလို့ရှုံးရင် ကျုပ်အမှတ် အနုတ်ခံလိုက်မယ်” လို့ ပြောလိုက်တယ်၊ ကျန်တဲ့သူတွေ နည်းနည်းတော့ လေသွားတယ် ပြဿနာပဲ ဒီကောင်က တခါတလေ မဟုတ်တမ်းတရားတွေထည့်ပြီး အမှတ်ယူတတ်တဲ့ ညာဏ်ကလည်းရှိတော့ ဖမ်းရခက် မဖမ်းရခက် ဖြစ်နေကော။

“မင်းဟာကလည်းကွာ ရှိလို့လားဟ တော်ကြာမင်းက အမှတ်များနေတာ နုတ်လိုက်ရရင် မင်းရှုံးသွားဦးမယ်” ဘာညာနဲ့ ကိုဇော်ဇော်ထွန်းက အပျော့ဆွဲ ညှိသေးတယ် မထည့်နဲ့ပေါ့ တခြားဟာထည့်ပေါ့၊ မရဘူးအောင်ဖေက ခပ်မာမာပဲ ထည့်တယ် ဖမ်းချင်ဖမ်း၊ အဲဒီလိုပြောပြီး Dictionary ကိုယူပြီး ဘယ်သူမှကြည့်မရအောင် ကိုယ့်ဘာသာ သေချာအောင်ကြည့်တယ်၊ ဟား သေချာတာပေါ့ ရှိတယ် ဒီလူတွေဖမ်းရင် ငါတော့ထောပြီ ရှယ်ပဲပေါ့၊ သူက ကစားတဲ့အခါမှာ ထည့်ထားတဲ့သူပဲ Dictionary ကိုကြည့်ခွင့်ရှိတယ်၊ ဒါပေမယ့် မသင်္ကာလို့ မရှိဘူးထင်လို့ ဖမ်းမယ်ဆိုရင်တော့ အားလုံးကဝိုင်းလှန်ပြီး ဟုတ်မဟုတ်စစ်ရတယ် အဲဒီလိုစည်းကမ်း သတ်မှတ်ထားတာကိုး၊ ဖမ်းရမယ့်သူက ကိုဇော်မိုးကျော် သူ့အလှည့်၊ နောက်ဆုံး ကျန်သူတွေကော ဘေးကဝိုင်းအားပေးသူတွေကော အောင်ဖေလုပ်နေပုံကို ကြည့်မရဘူးထင်ပါရဲ့ ကဲဖမ်းတယ်ကွာလှန် ဆိုပြီးဖမ်းပါလေကော၊ အဲဒီတော့ အောင်ဖေက ရှာထားပြီးသားနေရာကို လှန်ပြီး ဒီမှာရှိတယ်တွေ့လားလို့ ပြလိုက်တယ်၊ ဘာတဲ့လဲအဓိပါယ်ကပေါ့ ကျန်တဲ့သူတွေကမေးတယ်၊ အောင်ဖေကဖတ်ပြလိုက်တယ် “ A kind of small flat fish” ဆိုပြီး ဗမာလိုဘာသာပြန်ပြလိုက်တာကတော့ “ငါးပြားပြားလေးရဲ့ ကြင်နာမှု” ဆိုပြီးတော့၊ အားလုံးဗြုန်းကနဲ ကြောင်သွားတယ် နောက်မှသဘောပေါက်ပြီး ဝါးကနဲ ရယ်ကြတော့တာပဲ ဟုတ်တယ်လေ kind ကို နာမ် သဘောယူပြီး အမျိုးအစား (ငါးပြားပြား အမျိုးအစားတခု) လို့ဘာသာပြန်ရမှာကို  နာမ်မှန်း နာမဝိသေသနမှန်း သေချာမသိဘဲ ရမ်းသမ်း ဘာသာပြန်လိုက်တဲ့ အောင်ဖေ့စကားကို အားလုံး သဘောကျ သွားကြတာပေါ့၊ ဒီစကားက မာနယ်ပလောတခွင်မှာ အဲဒီ ၁၉၉၂ခုနှစ်ကာလတလျှောက် ငါးပြားပြားလေးရဲ့ ကြင်နာမှု ဆိုပြီး တွင်သွားတော့ တာပဲ။

နောက်ပိုင်း စခန်းတခုလုံး ဘာလုပ်လုပ် ဖြည်းဖြည်းသက်သာလုပ်ပါဆိုတဲ့ စကားပြောမယ်ဆိုရင် အောင်ဖေမကြား ကြားအောင်လို့ “မင်းကလည်း ငါးပြားပြားလေးရဲ့ ကြင်နာမှုနဲ့ လုပ်ပါဟ” ဆိုပြီး ပြောကြတော့ တာပါပဲ။

(၃)

မာနယ်ပလောမှာတော့ အစားအသောက်က မဆိုးဘူးခေါ်ရမယ် ချက်တတ်ပြုတ်တတ်သူတွေ အတော်များတော့ တခုမဟုတ်တခု ရှာကြံချက်တတ်ကြသလို၊ စိုက်ခင်းက အကျိုးပေးတာလည်းရှိရဲ့၊ မာနယ်ပလောကို အောင်ဖေတို့ရောက်ပြီး မကြာခင်ပဲ မိုးကျတာဆိုတော့ သောင်ရင်းမြစ်က မိုးတွင်းဆိုတော့ ရေတက်တော့တာပေါ့ ရေစီးကတော့ နည်းနည်းကြမ်းတယ်။ တခါတလေ သစ်ပင်တွေအမြစ်ကပါကျွတ်ပြီး ရေထဲမျောပါလာတောင် ရှိသေးရဲ့။

ဟုတ်မဟုတ်တော့ မသိဘူး အေဘီကရဲဘော်တွေ ပြောပြဖူးတာက တခါတော့ သောင်ရင်းအထက်ကနေ တောဆင်တကောင်ထင်ပါရဲ့ ရေထဲမျောပါလာကောတဲ့ အဲဒါကိုစတွေ့တဲ့စခန်းကနေ စက်တွေနဲ့အသီးသီး အကြောင်းကြားတာ မြစ်ညှာစခန်းကနေ မျောလာတဲ့ဆင်ကြီးကို ဆယ်လိုက် ရသလောက် အသားဖဲ့ယူလိုက် ပြန်မျောလိုက်၊ နောက်စခန်းတခုက ဆယ်လိုက် အသားဖဲ့ယူလိုက်တဲ့ နောက်ဆုံးစခန်းတွေကတော့ စောင့်ရင်းစောင့်ရင်းနဲ့ ဘာမှမတွေ့ရတော့ဘူး အရိုးတွေပဲကျန်တော့လို့ ရေထဲမြုပ်သွားတာ ဖြစ်မယ်ထင်ပါရဲ့။

အောင်ဖေတို့က နေ့ကောညပါ ရေနွေးအိုးတည်၊ လက်ဘက်ခြောက်ခပ်ပြီး သောက်ကြတာကိုး၊ တရက်တော့ မနက်ခင်းမှာ ရေနွေးအိုးထဲက လက်ဘက်ခြောက်တွေကို ကျင်းပြီး နောက်အသစ်တည်မယ်ပေါ့၊ ကိုလှမြင့်က ရောက်လာပြီး လက်ဘက်ခြောက်တွေကို ဆယ်တယ်၊ ပြီးတော့ဇလုံတလုံးနဲ့ သပ်သပ်ထည့်ထားကော၊ ဒီလူဘာလုပ်မလို့လဲ မသိပေါ့ မေးတော့လည်းမဖြေဘူး၊ လူကြီးတွေအလုပ် ကလေးဝင်မရှုပ်နဲ့ဆိုပြီး နောက်သေးတယ်။

ဘယ်ဟုတ်မလဲ ၂ရက်လောက်ကြာတော့ ညဘက်စကားပြောရင်း၊ နားရင်းကစားရင်းနေကြတုန်း၊ လက်ဘက်သုပ်ဆိုပြီး ကိုလှမြင့်လာချပေးတာ စားကြည့်တော့ အတော်ကိုကောင်းတာပဲ လက်ဘက်ခြောက်ကို ပြန်သုပ်ထားတာ၊ နောက်ပိုင်းမိုးကျလာတော့ မိုးကျလက်ဘက်ရွက်တွေကိုလည်း သူသွားခူးပြီး ညဘက်ဆို သုပ်သုပ်ကျွေးသေးရဲ့။ မာနယ်ပလောရဲ့ ပင်တိုင်ဟင်းကတော့ သင်္ဘောသီးစိမ်းကို အတုံးလေးတွေဖြစ်အောင် လှီးပြီး ငါးသေတ္တာ ၂ဗူးလောက်ကို အဖတ်တွေချေပြီး ဟင်းသဘောချက်စားကြတာ အတော်များများ စားရတယ်၊ မြှစ်ကတော့ ဘုန်းကြီးကျောင်းဘက်က သွားခုတ်လိုက် အစိုးရရုံးဘက်က ခုတ်လိုက်နဲ့ ပေါမှပေါ၊ ညနေမစောင်းခင်ဆို ကိုမြင့်ဇော်က ခရမ်းသားဆိုတော့ ကွန်ပစ်တာကျွမ်းတယ် ကွန်ဆိုတာ ဒီလိုစု ဒီလို လက်ပေါ်တင်ထား ပြီးရင်ဟောသလို ဝိုင်းနေအောင်ပစ်ရတယ်ကွ ဆိုပြီးဖောင်လုပ်ထားတဲ့ အပေါ်ကနေပစ်တာ အထူးသဖြင့် ငါးဇင်ရိုင်းတွေ အတော်ရတယ်၊ ဒါလည်းဟင်းတခွက်တော့ ဖြစ်တာပဲ၊ မိုးကုန်တော့ ဒီဖောင်အစုတ်ကို ဝါးနဲ့ထိုးပြီး တဘက်ထိုင်းဘက်ကမ်းက ချောက်ကမ်းပါးအောက်ကို ရေငုပ် ခရုရှာပေါ့ အတက်ကြွဆုံးကတော့ ကိုစိုးမိုးနဲ့သူ၊ ရေမကူးတတ်တဲ့ အောင်ဖေကတော့ ဖောင်ပေါ်ကနေ အပျော်သဘော တခါတလေ ပါသွားတတ်လေရဲ့၊ သူတို့ကတော့ ပြောပါတယ် ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် မင်းကိုသံလွင်ထဲအထိ ဖောင်နဲ့မျောချလိုက်မယ်တဲ့ ကမ်းကခွာမှခြိမ်းခြောက်တာ၊ အောင်ဖေကတော့ ဘာမှမလုပ်ပါဘူးဗျ ခင်ဗျားတို့ကလည်း ပေါ့လေ။

နောက်ပိုင်းကြတော့ မိုးကုန်ပြီး ခြေခင်းလက်ခင်းသာလာသလို လူတွေကိုလည်း ဟိုနေရာချ ဒီနေရာချပေါ့၊ တပ်မဟာ(၃) ရှေ့တန်းက ကိုအောင်မိုး၊ ကိုအောင်ကိုနဲ့ တောကျွဲအင်းသား ကိုလွင်ဦးတို့လည်း မာနယ်ပလော တက်လာကြတယ်၊ ရဲဘော်သစ်တွေလည်း ဟိုကဒီကရောက်လာကြတယ်၊ အေဘီကနေ ပြန်ရောက်လာတဲ့ သာကေတက ကိုရန်နောင်စိုး တို့လည်းပါရဲ့။ လူတော့ အတော်များလာတယ်။

အဲဒီအချိန်ကာလမှာပဲ မာနယ်ပလောမှာ ဂျင်းရှပ်ရဲ့ Compromise ပဲခေါ်မလား Negotiation ပဲခေါ်မလား စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းဆိုတဲ့ သင်တန်းတွေ ဘာတွေစဖွင့်လာသလို၊ National Council of Union of Burma (NCUB) လို့ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ စတာတွေဖွဲ့ဖြစ်တယ်၊ ကိုချစ်ကတော့ အဲဒီအချိန်က စထောင်တဲ့ Democratic Voice of Burma (DVB) အတွက် သင်တန်းတက် ရသလို၊ နောက်ပိုင်းလည်း သတင်းထောက်လုပ်ရတယ်၊ ကိုအေးမြင့်နဲ့ ကိုဗညားကတော့ ဆေးသင်တန်းလွှတ်တာ ခံရတယ်။

ကိုဇော်မိုးကျော် ဦးဆောင်ပြီး၊ ကိုအောင်မိုး၊ ကိုအောင်ကျော်စိုး၊ ကိုလွင်ဦးနဲ့ အောင်ဖေတို့ ၅ယောက်ကိုတော့ မွန်ဘက်မှာ ဒေသသစ်ဖော်ဆောင်ရေး အစီအစဉ်နဲ့ ရဲဘော်ငါးသိန်းလွှတ်လိုက်တယ်၊ ဒါကတော့ လူခွဲပြီး လွှတ်တာပါ၊ ကိုဇော်မိုးကျော်နဲ့ ကိုအောင်မိုးကအရင် ပြီးမှကိုအောင်ကျော်စိုး ဦးဆောင်ပြီး၊ ကိုလွင်ဦးနဲ့ အောင်ဖေတို့၃ယောက်ကတခါ၊ လိုက်ပို့သူကတော့ ထိုင်းစကားပြောတတ်တဲ့ အဘဦးစိန်မြတပ်က ကိုဝင်းအောင်ကျော်။

(၄)

မှတ်မှတ်ရရ မာနယ်ပလောကခွာတော့ ၁၉၉၁ခုနှစ် နိုဝင်ဘာလကုန်ပိုင်း၊ မနက်အစောကြီး စက်လှေနဲ့ သော်လဲထကို ဆက်သွားရတယ် သူကထိုင်းဘက်ခြမ်း ကုန်သည်ဈေးကွက် ကုန်စည်ကော နွားကောကျွဲကော အရောင်းအဝယ်လုပ်ကြတာ၊ မာနယ်ပလောကနေ စားသောက်ကုန်ဝယ်ရင် အဲဒီမှာ သွားသွားဝယ်ရတယ် အဓိကတော့ ကိုစိုးငြိမ်းက အဝယ်တော် သူပဲဦးစီးသွားရတာ၊ သူကစကားကို မနားတမ်းတရစပ် ပြောတတ်တယ်၊ လုကိုလှိုင်းစီးနေရသလို သူ့စကားနားထောင်ရတာ၊ ပြောပုံကကြည့်လေ။

“ငါကွာဈေးဝယ်ဖို့ဆိုပြီး မနက်အစောကြီး ထရတယ်၊ ဘယ်သူမှ မနိုးသေးဘူး ချိန်းထားတဲ့ လှေသမားကလည်း မလာသေး ထိုင်စောင့်ရကော ဆေးလိပ်တောင် တဝက်ကျိုးတယ်၊ ရောက်လာတော့ ဆီဖြည့်လှေထွက်ပေါ့၊ လမ်းမှာကလည်းကွာ ရေစီးကအတော်သန်တာကွ ကျောက်ဆောင်တွေ မနည်းရှောင်မောင်းရတယ်၊ အလင်းရောင်ကလည်း ပျပျလေးပဲရှိတာဆိုတော့ အတော်သတိထားရတယ်ကွ၊ တခါတခါ တဘုတ်ဘုတ်နဲ့ လှေကပြုတ်ပြုတ်ကျသေးတယ်၊ လမ်းမှာလူကြုံကလည်း ၄-၅ခါတက်တယ်ကွ၊ ဒါနဲ့သော်လဲထရောက်ကော၊ ဈေးကလည်းကွာ လိုချင်တာတွေ သိပ်မရှိဘူး ငါးပိဆို ၁ဗုံးပဲရတယ်၊ ကျန်တဲ့ဟာတွေကလည်း ဈေးထဲအနှံ့ လိုက်ရှာရတာကွ ဗိုက်ဆာပေမယ့် ဘာမှမစားအားသေးဘူးပေါ့ကွာ၊ နောက်ဆုံးဝယ်တာတွေပြီးတော့ မင်းစဉ်းစားကြည့် ၁၁နာရီထိုးနေပြီ၊ ဒါနဲ့ငါလည်း ဘာမှစဉ်းစားမနေအားဘူး ချက်ချက်းပြန်ဖို့ ပြင်ရတာပေါ့ကွာ ဒီကြားထဲ လူကြုံလိုက်မယ့် သူတွေကိုလည်း စောင့်ခေါ်ရသေးတယ်၊ လူစုံတော့ ၁၁နာရီခွဲပြီကွ၊ ပြန်လာတော့ လည်းကွာ လမ်းမှာလူတွေ ချရသေးတယ်၊ ပစ္စည်းလည်းဝိုင်းကူချရတာပေါ့၊ လမ်းကလည်း သိတဲ့အတိုင်းပဲကွာ ရေစီးကငြိမ်သွားတယ် မရှိဘူး အစုန်လည်း အစုန်မို့၊ အဆန်လည်းအဆန်မို့ အတော်ကိုသတိထားရတယ်ကွ၊ ဂိတ်တွေကျော်ရင်တော့ ဖြည်းဖြည်းမောင်းရတာပေါ့ကွာ၊ ဒီသောင်ရင်း ပြန်တက်တော့ ရေကကျနေတယ် ဒါကြောင့် အတော်ဆန်ပြီးတက်ယူရတယ်ကွ၊ ဒီကြားထဲ လှေကကမ်းပေါ် မေးသွားထိုးသေးတယ်၊ ပြန်ဆင်းတွန်း ရတာပေါ့ကွာ၊ နောက်ဆုံးစခန်းမြင်တော့မှ ငါလည်းသက်ပြင်းချရတယ်၊ အခုပဲပစ္စည်းတွေချပြီး မင်းနဲ့စကား ပြောတာကွ”

တော်သေးတယ် ပစ္စည်းတွေ ချပြီးသွားလို့၊ အဲဒီလို non stop ပြောတတ်တာဆိုတော့ အောင်ဖေနားထောင်ရင်း မောမောသွားတတ်တယ်၊ သူကတော့ အေးဆေးပဲ သက်လုံကောင်းပုံရတယ်။

သော်လဲထရောက်မှ ကားစီးပြီး မဲ့စရီးယန်းဆိုတဲ့ ထိုင်းနယ်စပ်မြို့ကို ရောက်တယ်။ သော်လဲထကနေ စထွက်တော့ လမ်းကမြေနီလမ်းပဲရှိသေးတယ် ဒါပေမယ့် ဘူဒိုဇာတွေနဲ့ ကားလမ်းအတွက် ထိုင်းကဖောက်နေပြီ၊ အတော်ကြာတော့ ကတ္တရာလမ်းလေးရောက်တယ် ဒေသတခုလုံးက စိမ်းစိမ်းစိုစိုလေးတွနဲ့ အတော်တော့ ကြည့်ကောင်းသား၊ တနေရာမှာ ဆိုင်ကယ်လေးရပ်ပြီး ကောင်မလေးတယောက် စိုက်ခင်းထဲမှာ ဘာလုပ်နေလဲ ကြည့်တော့ ခရမ်းချဉ်သီး ဆင်းခူးနေတာဗျား လမ်းဘေးလူသူပြတ်တဲ့ ကားလမ်းဘေးက သူတို့စိုက်ခင်းမှာ ဟာဒီအမျိုးသမီး မကြောက်မလန့် တယောက်တည်းလို့ ပြောမိတော့ “အငယ်လေး ဒါထိုင်းလေ” တဲ့ ကိုဝင်းအောင်ကျော်က ပြောတယ်၊ ဟုတ်သား ကိုယ့်မြန်မာပြည်မှတ်လို့ ပြောမိတာ ထိုင်းကတော့ တရားဥပဒေ စိုးမိုးရေး ရှိတဲ့နိုင်ငံကိုး၊ မြန်မာပြည်နယ်စပ်မှာသာဆို စစ်တပ်နဲ့ တိုးလို့ကတော့ အမလေးလေး မတွေးဝံ့စရာပေါ့။

နောက်တခုက အောင်ဖေစိတ်မကောင်းဖြစ်သွားတာ၊ သူများတွေက နယ်စပ်အထိတောင် လူသူကင်းမဲ့တဲ့ စိုက်ခင်းမှာ မပူပင်မကြောင့်ကျ ဟင်းသီးဟင်းရွက်ကို ဆိုင်ကယ်နဲ့ခူးနေချိန်မှာ ကျေးလက်ဒေသက မြန်မာပြည်သားတွေကတော့ တောတောင်တွေထဲမှာ ပင်ပင်ပန်းပန်း ခုတ်ထစ်စိုက်ပျိုးပြီး ပြေးလွှားပုန်းအောင် စားသောက်နေနေ ရတာကိုပဲ။

မဲ့စရီးယန်းရောက်တော့ အဲဒီကားဂိတ်မှာတင်ပဲ ဘန်ကောက်သွားမယ့် ကားလက်မှတ်၎စောင်ဝယ်ပြီး ကားထွက်မယ့်အချိန် ထိုင်စောင့်နေရတော့တာပေါ့၊ အောင်ဖေတို့ရောက်တာက စောသေးတယ်လေ၊ ၃နာရီလောက်ပဲ ရှိဦးမယ်၊ ကားကည၇နာရီမှထွက်မှာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းက အိစံသီချင်းလေးတွေကို ဆိုင်တဆိုင်ကအကျယ်ကြီး ဖွင့်ထားတာကို နားထောင်ရင်း စားသောက်ဆိုင်တခုမှာ ထိုင်နေကြတာပေါ့။

သိပ်မကြာပါဘူး ၁၅မိနစ် မိနစ်၂၀လောက်ပဲရှိဦးမယ်၊ မလှမ်းမကမ်းမှာ သတင်းစာဖတ်နေတဲ့ တယောက်က တနေရာသွားပြီး အပေါ်အကျီင်္ဝတ်ပြီး ပြန်လာတယ်၊ အရင်ကတော့ စွပ်ကျယ်လေးနဲ့လေ။ အောင်ဖေတို့ကို လာမေးတယ် “ဖိ ခပ်၊ ပိုင်နိုင်ခပ်” ပေါ့လေ၊ ဆိုလိုတာက အကိုတို့ ဘယ်သွားကြမလဲပေါ့၊ ကိုဝင်းအောင်ကျော်က ထိုင်းလိုတက်တော့ ဘန်ကောက်သွားမယ်ပေါ့လေ၊ အဲဒီမှာဒီထိုင်းက မှတ်ပုံတင်ရှိလား ဘာညာနဲ့မေးတော့တာ ယဉ်ယဉ်ကျေးကျေးပါပဲ၊ ကိုဝင်းအောင်ကျော်ကလည်း သူ့ဆီမှာပါလာတဲ့ ထိုင်းထောက်လှမ်းရေးက လုပ်ပေးထားတဲ့ ခရီးသွားလာခွင့် စာရွက်အထောက်အထားတွေ ထုတ်ပြလိုက်တာပေါ့၊ ဓါတ်ပုံတွေကပ်ထားပြီး ထိုင်းအရာရှိကြီးကြီးတယောက်က လက်မှတ်ထိုးပေးထားတဲ့ဟာ။ အစိုးရ တံဆိပ်နဲ့။ အဲဒီထိုင်းလည်း သေချာကြည့်ပြီး စာရွက်တွေပြန်ပေးပြီး ခပ်ခွန်မာ့မာ့(ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ) နဲ့ ခပ်သွားကော။ လူတွေကို လာမေးတာ အကျီင်္ဝတ်ပြီးမှမေးတယ် ယဉ်ကျေးတယ်ခေါ်ရမှာပေါ့၊ နောက်မှမေးကြည့်တော့ ဒီဘဲက ဘာလဲပေါ့၊ ကိုဝင်းအောင်ကျော်ကပြောတယ် ထောက်လှမ်းရေးတဲ့၊ မြန်မာပြည်ထောက်လှမ်းရေးက လွတ်ပေမယ့် ထိုင်းထောက်လှမ်းရေးနဲ့ ထပ်တော့တွေ့ရသေးတာပါပဲ။

တညလုံး မိုးလင်းတဲ့အထိ ဘန်ကောက်ရောက်ဖို့ ကားစီးရတယ်၊ ထိုင်းလမ်းမတွေကကောင်းတော့ ကားကြီးတွေ တစီးနဲ့တစီး ကျော်တက်တာတောင် ညင်ညင်သာသာပါပဲ ခေါင်းလွတ်ပြီဆိုတာနဲ့ ကျော်တက်သွားတာပဲ၊ ဗူဗူဗွမ်ဗွမ် လုပ်မနေဘူး။

ပထမတော့ လေအေးစက်တပ်ကားကြီးစီးရတာ အရသာရှိလို့ပေါ့၊ နောက်ခရီးတဝက်ရောက်လို့ ညစာ စားမယ်လည်းလုပ်ကော ပြဿနာတက်တော့တာပဲ၊ ကားနားလို့ ခရီးသည်တွေဆင်း ထမင်းစားမယ်ဆိုမှ ကိုရွှေဌက်က စလာတော့တာ၊ လူကိုတဂတ်ဂတ်နဲ့ မေးတွေရိုက်ကုန်ကော ဘယ်လိုမှကို ထိန်းမရတော့ဘူး၊ ဟာမလုပ်နဲ့လေ တောင်ပိုင်းရောက်မှ တက်ပါဟ လမ်းမကြီးမှာ လူတွေသတိထားမိမှာပေါ့ ဘာညာ ပြောလည်းမရဘူး ထမင်းတောင်စားမရဘူး တုန်နေတာ၊ တချို့ကတော့ကြည့်တာပေါ့ ဒီကောင်ဘာဖြစ်လဲပေါ့၊ ကားပေါ်ပြန်တက်ပြီး ၁၀မိနစ်လောက်ကြာမှ အတုန်ရပ်သွားတယ် အဖျားကတော့ မတက်ဘူး၊ သောက်ဌက်ဖျား ဒုက္ခပေးပုံများ။ ဘန်ကောက်ရောက်တော့ PDF ရုံးမှာပဲ တည်းရပါတယ်၊ အဘဦးစိန်မြလည်း ရှိနေတယ်၊ သူ့ကိုနုတ်ဆက်ပေါ့။

၂-၃ရက်လောက် ဘန်ကောက်မှာ နားရသေးတယ် ရောက်တုန်းရောက်ခိုက်ဆိုပြီး၊ ရုပ်ရှင်လိုက်ပြတော့ တရုံလုံး ကိုယ့်လူတွေ ၄ယောက်ထဲ၊ ၂ကားဆက်တိုက်ပြတာ၊ အခုခတ်စကားနဲ့ ပြောရရင် အမုန်း ကြည့်လိုက် ရတယ်ပေါ့လေ။

၃ရက်လောက်ကြာတော့ အောင်ဖေတို့ ဘန်ကောက်ကနေ၊ ကန်ချနဘူရီ၊ အဲဒီကနေ မြန်မာနိုင်ငံ ဘုရားသုံးဆူ တဘက်ခြမ်း ထိုင်းနိုင်ငံ စံခရဘူရီနယ်စပ်မြို့လေးကို ခရီးဆက်ရတော့တာပေါ့၊ ပထမတော့ ဘတ်စ်ကားနဲ့ ကန်ဘူရီသွား၊ အဲဒီကမှ ထိုင်းအခေါ် လုတ်တုတ်လို့ခေါ်တဲ့ ဗင်ကားလေးနဲ့ စံခရဘူရီတောင်ပေါ်မြို့ကို ၅နာရီကျော် ကားမောင်းတက်ရတာ။

ကန်ဘူရီကထွက်လို့ ထုံပါဖုန်လောက်ပဲရှိသေးတယ် အောင်ဖေစီးလာတဲ့ ဘယ်ဘက် နောက်ဆုံးတန်းအောက်က ကားဘီးကကျွတ်ထွက်သွားတာ၊ ကံကောင်းလို့ ဘာမှမဖြစ်ကြတယ်၊ အဲဒီတုန်းက အောင်ဖေက အပြင်ငေးနေရင်း ရုတ်တရက် ကားကနိမ့်လာသလို ကားဘေးကနေ ဘာကြီးလိုက်လာပြီး ဘေးကိုထွက်သွားပါလိမ့်ကြည့်နေတာ၊ ကားဘီးမှန်းမသိဘူး၊ ကားသမားတော်လို့ အသာလေးဘရိတ်အုပ်ပြီးရပ်တာ ပြီးတော့လူတွေဆင်း ကားဘီး အသစ်လဲနဲ့ ခေါ်ထွပ် ခေါ်ထွပ်(တောင်းပန်ပါတယ်) လုပ်ပြီး၊ သိပ်တော့အကြာကြီး မဟုတ်ပါဘူး ပြန်မောင်းလို့ ရသွားကော၊ ဒါကတော့ အောင်ဖေသေကံမရောက် သက်မပျောက်ခဲ့တာတွေ အထဲက တခုပဲရှိသေးတယ် ပေါ့လေ။

နောက်ပိုင်းတော့ စံခရဘူရီရောက်ရှိပုံနဲ့ မွန်ဒေသ တောင်ပိုင်းဒေသ အခြေအနေတွေကို ထပ်မံရေးသားပါဦးမယ်။

သက်ခိုင်
(၁၆း၁၈)နာရီ
(၁.၅.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts