မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေတယ် – အမှတ် (၅၄၁)


မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေတယ် – အမှတ် (၅၄၁)
ဇူလိုင် ၂၀၊ ၂၀၁၄
 
 

● မာအေးဆိုနည်း ကကြီးခကွေး (၆)
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်၊
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဆရာမြို့မငြိမ်းရဲ့ ‘သက်ဝေ’ ခေတ်ဟောင်းစုံတွဲသီချင်းဓါတ်ပြား ပထမခြမ်းတော့ ပြောပြီိးခဲ့ပြီ၊ ချစ်ဆွေတို့ လိုက်ဆိုလေ့ကျင့်ဖို့ဘဲလိုတာနော်၊ မာအေးဖက်ကတော့ အိပ်သွန်ဖာမှောက်ပေးလိုက်တာဘဲ၊ အဲ…ခုခေတ်မှာ ထန်းကေါက်ဖါမှမသုံးတော့တာ၊ မေ့သွားလို့- စကါးဟောင်းကလေးကို ပြောမိပါတယ်ရှင်၊ အိပ်သွန်သေတာမှောက်လို့ ပြောင်းပြောရကေါင်းမလားဘဲ။

ကဲ-ကဲ ဓါတ်ပြားနောက်ခြမ်းဆက်လိုက်ပါဦးမယ်၊ မူရင်းကိုနားဆင်နှင့်ပါနော်။

(မေရှင်) ခိုင်းတော့သက်ဝေအချစ်စမ်းချင်စမ်း၊ မစမ်းချင်နေ၊ ထို့ထက်ခင်မင်တာတွေ၊ အသက်ကိုစွန့်ရတောင်ပင် မငြိုငြင်ဘူးရှင့်၊ အသင့်လိုရာစေ..

(ပြည်လှဖေ) မခိုင်းရက်ဖူးကွယ်၊ သည်ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ၊ ရှေ့ကမောင်သါအစဉ်နေ၊ အသက်နဲ့ထပ်တူကြင်မလေ၊ ရင်ကိုခွဲလို့အသဲကင်ပါစေ၊ ချစ်သက်ဝေနှမ စိတ်တိုင်းကျကျ ပျော်သလိုနေ၊ လှသည်ထက်လှမယ်ဆိုရင်၊ ဆေးဖက်ဝင်ပါသလား၊ မောင့်အသားတွေ၊ မောင့်အသွေးတွေ၊
 မောင့်အသဲတွေ မောင့်နှလုံးတွေ၊ အသုံးပြုပါလေ၊ ကြည်ဖြူပါတယ်လိုရာကို ယူစေ…

သီချင်းရှေ့ပိုင်းမှာ-သစ်စာတွေမေတာတွေရော- အချစ်တွေရော အသက်တွေရော ချစ်တဲ့သူအတွက် ဘာမဆိုအလိုကျပါဘဲလို့ လည်စင်းချစ်ပြနေတဲ့ မိန်းမသားကို၊ ဆရာငြိမ်းကထပ်ပြီး၊ ခိုင်းတော့သက်ဝေလို့ အသက်စွန့်သည့်တိုင်အောင် မငြိုငြင်ပါဘူးဆိုတဲ့အကြောင်း- ပြောခဲ့ပြီးတာတွေထက်ပိုပြီး ချစ်ပြစေပါတယ်။

မိန်းမသားဖက်က အချစ်ကိုများများပြခဲ့တဲ့ဆရာက၊ ယောင်္ကျားသားများအတွက်လဲ ညီမျှအောင် လိုက်လျောအောင်ရေးခဲ့တာတွေ့ရပါတယ်၊ မခိုင်းရက်ပါဘူးတဲ့၊ ချစ်သူရဲ့ရှေ့မှာ အစဉ်သဖြင့်ရှိနေပါမယ်တဲ့၊ အဲဒီကိစကအရေးကြီးတာပေါ့ရှင်၊ ရှေ့က အစဉ်နေမယ်ဆိုတာ၊ ဘာပဲဖြစ်ဖြစ်လာလာ သူ့ရှေ့ကနေပြီးကါကွယ်မယ်၊ ရင်ဆိုင်မယ်လို့ ဆိုရင်းဖြစ်လို့ပါ၊ တဖက်ကအသက်ပေးတာကို- အသက်နဲ့ထပ်တူကြင်နာပါမယ်လို့ ခြေထါးပါတယ်၊ ရင်ခွဲခွဲအသဲကင်ကင်၊ အသွေးအသားအသဲနှလုံး မင်းလိုရာသုံးပါ၊ မင်းလှရင်ပြီးတာပါဘဲ၊ ကြည်ဖြူစွာပေးဆက်ပါမယ်ကွယ်လို့လဲ ပြန်ပြီးချစ်ပြစေခဲ့ပါတယ်။

ဒီသီချင်းမှာ၊ ယဉ်ကျေးမှုအရ နားရှင်စရာမပါ၊ မောင်နဲ့နှမ၊ သားနဲ့အမိအတူရှိနေလဲ မျက်နှာမပူရတဲ့ သီချင်းမျိုးမဟုတ်တာကလဲ ကြည်နူးစရာလို့ပြောချင်တာပါ၊ မောင်တို့မယ်တို့ဒီလိုချစ်ကြပါလို့များ ဦးလေးငြိမ်းကမှာခဲ့တာလားမှ မသိတာနော်။

ကဲ-မာအေးဆိုနည်း ကကြီးခကွေးစံနစ်နဲ့ သရုပ်ခွဲဆိုကြည့်လိုက်မယ်၊ခိုင်းတော့ ဇော်သက်ဝေ၊ အချစ်စမ်းချင်စမ်း အမ်း မစမ်းချင်နေ အေ၊
ဒီစာကြောင်းမှာ ‘တော့’ ‘စမ်း’  နဲ့ ‘နေ’ ဆိုတဲ့စာတွေရဲ့နောက်မှာ- တသံစီဖြည့်ပါတယ်၊ထို့ ဝို့ဝို့ထက်၊ ခင်မင် အင် တာတွေ၊ဒီနေရာမှာ ‘ထို့’ နောက်မှာ (၂)သံ၊ ‘မင်’ နောက်မှာ (၁)သံဆက်ထားပါတယ်၊ စာအုပ်တွေမှာ “ထူးတဲ့ခင်မင်တာတွေ” လို့ ရိုက်ထားတာတွေ ရှိနေပါတယ်၊ ဆရာငြိမ်းရဲ့ဆိုလိုချက်က- ရှေ့မှာချစ်ပြလာတာတွေထက် ပိုတဲ့ကိစ  ‘အသက်စွန့်’ တာကို ပြောချင်လို့ “ထို့ထက်” -အဲဒါတွေထက်လို့ ရေးခဲ့တာအမှန်ဖြစ်ပါတယ်၊ မာအေးကတော့ မေတာဂရုဏာသံကို ပြချင်လို့ ‘ထို့’ နောက်မှာ ‘ထိုဝို့ဝို့’ လို့ဆိုပေါက်လုပ်တာပါ။

အသက်ကို ဝို စွန့်ရတောင်ပင်၊ မငြိုငြင်ဘူး ဟူးရှင့်၊ အသင့်လိုရာ အာအာအာစေ…
ဒီအချိန်မှာ ‘ကို’ နဲ့ ‘ဘူး’မှာ (၁)သံစီနဲ့ ‘ရာ’ မှာ အာအာအာ သုံးသံဆက်ပြီး ‘စေ’ ကိုဆိုမယ် ဘာမှမပြင်ရဘဲလှတဲ့နေရာလေးကိုတော့ ‘စွန့်ရတောင်ပင်’ ဆိုတဲ့နေရာမှာ တွေ့နိုင်ပါတယ်လို့ ညွှန်ပြချင်ပါတယ်ရှင်၊ အသက်ကို စွန့်ရဲတောင်ပင်၊ မမရှင်ကအဲဒီလိုဆိုသွားတာပါ၊ ‘ရ’ ကိုအသံနောက်လိုက်တည့်တည့်ဆိုလိုက်တဲ့အခါ -‘ရာ’၊ လိုလို ‘ရန်’ လိုလို အသံမျိုးလေးထွက်လာတာကိုပြောချင်တာပါ၊ မာအေးဆိုသေချာ ဓါတ်ပြားနားမထောင်ခင်တုန်းက -‘အသက်ကိုစွန့်ရတောင်ပင်’ လို့ဆိုခဲ့တာပေါ့၊ ‘ရန်နဲ့ ရ’ ကအဓိပါယ်လွဲမသွားလို့တော်ပါသေးရဲ့။

မငြိုငြင်ဘူးရှင့်- ဆိုတာမှာ (၁)သံဆက်ဖို့ မာအေးပြောခဲ့ပါတယ်နော်၊ အဲဒါကို ‘ဘူး’ ရဲ့ နောက်ကလိုက်တဲ့ ကါရံသံ ‘ဝူး’ နဲ့ဆိုရင် ‘ဘူးဝူးရှင့်’ ၊ အဲဒီလိုအသံထွက်ပါလိမ့်မယ်၊ နည်းနည်းပိုပြီးနုချင်နွဲ့ချင်ရင်တော့ “ဘူးဝူးရှင့်၊ အသင့်လိုရာ အာအာအာ စေ” လို့ ဆိုလိုက်ပါ၊ နွဲ့တဲ့ချဲတဲ့ဆိုပုံလေးဖြစ်သွားတာပေါ့၊

ဦးလေးကြီးပြည်လှဖေရဲ့ ဆိုပိုဒ်ကျရင် မခိုင်းရက်ဖူး ဝူးဝူးဝူး ကွယ့်၊ ဒီကိုယ့်လည်ဆွဲ အဲ ပုလဲသွယ်ရေ ဟေ.. မာအေးဆိုရင်  ‘မခိုင်းရက်ဖူး ဝူးဝူး ဝူးကွယ်၊ ‘ဖူး’ ဆိုတဲ့နေရာမှာအသံ (၃)သံဆက်ပါမယ်၊ ဒါပေမယ့် ‘ဖူးနဲ့ အသံဆက်ဝူဝူး’ နဲ့ ဝူးကွယ် လို့ဆိုပေါက်ထဲမှာ တခုထပ်ခွဲထား တာကို သတိပြုပါရှင်၊ ပြောထားတဲ့အတိုင်း ဆိုကြည့်လေ့ကျင့်ပါ၊ ‘ဖူးဝူးဝူး ဝူးကွယ့်’ အဲဒါမျိုးဖြစ်သွားပါလိမ့်မယ်။

ရှေ့အေ၊ က မောင်သာ အာ အစဉ်နေ၊ အသက်နဲ့ အဲ့ ထပ်တူကြင်မယ်လေ၊ ရင်ကို ဝို ခွဲဟဲလို့၊ အသဲအဲ ကင်ပါ အာအာအာ စေ… ‘ရှေ့’ ‘သာ’ ‘နဲ့’ ‘ကို’၊  ‘ခွဲ’ ‘သဲ’ ဒီစာ (၆)လုံးကို (၁) သံစီဆက်ဆိုပါ။ ‘ပါ’ ဆိုတဲ့နေရာကတော့ အသံချတော့မှာဖြစ်လို့ ‘အာ့အာအအာ’ လို့ (၃)သံဆက်ပြီး ‘စေ’ ကိုဆိုရပါမယ်။ ချစ်သက်ဝေ ဟေဟေဟေ နှမ၊ စိတ်တိုင်းကျကျ ပျော်သလိုနေ အေ့အေ့အေ၊ လှသထက် အက်လှမယ် ဆို့ အိုအိုအို ရင်၊ ဆေးဖက်ဝင်ပါသလား အအာအာအားအာအာ…

ချစ်သက်ဝေနောက်မှာ (၃)သံ၊ ‘နေ’ ရဲ့နောက်မှာ (၃)သံ၊ ‘ထက်’ ရဲ့နောက်မှာ (၁)သံဆိုရဲ့နောက်(၃)သံ၊ ‘သလား အာအာအာအားအားအာ… တဆက်ထဲဆွဲရင်ရပါပြီ။

မောင့်အသားတွေ၊ မောင့်အသွေးတွေ၊ မောင့်အသဲတွေ အေအေအေ မောင့်နှလုံးတွေ၊ အသုံးဝုံးဝုံ ပြုဝုပါ အာအာအာ လေ၊ ကြည်ဖြူ ဝူပါတယ်၊ လိုရာကိုယူစေ…

မောင့်အသဲတွေရဲ့နောက်မှာ (၃)သံဖြည့်ပါ၊ ‘သုံး’ နေရာမှာ ဝုံးဝုံ (၂) သံဖြည့်မယ် ပြု’ နောက်က (၁)သံနဲ့ ‘ဖြူ’ နောက်က ‘ဝူ’ တသံလိုက်ရပါ မယ်။

ဒါက ဒုတိယစာကိုယ်အပိုဒ်ပြီးသွားတာပါ၊ ပြီးရင် “ဓူဝံကြယ်အပိုဒ်” ကို မိန်းခလေးဖက်က ပြန်ဆိုပြီးတဲ့အခါ သီချင်းဆုံးသွားပါတယ်။

‘သက်ဝေ’ ကိုလေ့ကျင့်သီဆိုကြည့်ရင်းက စာပီအောင်ဘယ်လိုဆိုရမှာလဲ၊ အသံရောက်ပြီးမှ ဆိုပေါက်ထည့်ရမယ်၊ သီချင်းကို နွဲ့အောင် ဘာတွေလုပ်နိုင်သလဲ၊ အဆိုတော်လုပ်မှတော့ စာတွေအသံတွေရဲ့ကါရံကို နားလည်ဖို့လေ့လာရမယ်၊ သီချင်းကိုမမှားအောင် ကါရံနဲ့လိုက် တွေးခေါ် စဉ်းစားလို့ရတယ်၊ တော်ရုံနဲ့သီချင်းမမှားနိုင်ဘူးဆိုတဲ့ အသိတွေရလာပါလိမ့်မယ်- နားလည်စွာဆိုတတ်သူတွေ နားဆင်တတ် သူတွေ ဖြစ်ကြပါစေရှင်.။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts