ရသဆောင်းပါးစုံ

ပြည်သူ့အသံ မိုးထက်ယံ၊ ညံနိုင်စေသော် (၀်)၊ ပျံစေသော် (၀်)

မင်းကောင်းချစ် (မန္တ္တလေး)
မတ်လ ၇၊ ၂၀၁၄

 

ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးလိုတယ်ဆိုရင် တိုင်းရေးပြည်ရေး ကိစ္စရပ် တွေမှာပြည်သူ့အသံကိုနတ်စည်တီးသံမျိုးလိုပီပီပြင်ပြင်၊ကြည်ကြည်လင်လင်ထွက်ခွင့်ပေးဖို့လိုအပ်တယ်။ခြိမ်းခြောက်မှု၊ဟန့်တားနှောက်ယှက်မှုတွေမပြုအပ်ဘူး။ပြီးတော့ထွက်လာတဲ့ပြည်သူ့အသံ၊ပြည်သူ့သဘောထား၊ ဆန္ဒတွေကို အလေးထားမှုရှိရမယ်။ မှန်မှန်ကန်ကန်တုံ့ပြန်မှု၊ အချိန်မဆိုင်းဘဲအကောင်အထည်ဖော်ဆောင်ရွက်ဖို့လဲလိုတယ်။ 

 

ဒီမိုကရေစီအစိုးရဆိုတာနိုင်ငံတော်ရဲ့အာဏာကြီးသုံးရပ်ဖြစ်တဲ့အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ဥပဒေပြုရေးအာဏာတွေရဲ့မူလပိုင်ရှင်ဖြစ်တဲ့တိုင်းရင်းသားမိဘပြည်သူတွေရဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးရတဲ့ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတခုသာဖြစ်တယ်။

 

စစ်အာဏာရှင်အစိုးရဆိုတာက အထက်ကပြောခဲ့တဲ့ ဒီမိုကရေစီ ပြည်သူ့အစိုးရနဲ့ ဖီလာဆန့်ကျင်ဘက်ဖြစ်တယ်။ အမိန့်အာဏာနဲ့ အုပ်ချုပ်မယ်၊ သေနပ်လွယ်ပြီးအုပ်ချုပ်တယ်။ ဥပဒေတွေ၊ ပြဌာန်းရင်လဲ ပြည်သူ့အသံလဲနားမထောင်၊ ပြည်သူကကန့်ကွက်တော့လည်း ခြိမ်းခြောက်မယ်၊ အနိုင်ကျင့်မယ်၊ နှိပ်စက်မယ်၊ လိုအပ်ရင်ဖမ်းဆီးသတ်ဖြတ်မယ်။ တရားဥပ ဒေစိုးမိုးမှု လုံးဝမရှိဘူး။ သူတို့ကအုပ်ချုပ်သူ၊ ပြည်သူက အုပ်ချုပ်ခံလို့ ခံယူထားသူတွေဖြစ် တယ်။ ပြည်သူဆိုတာသူတို့ပေးမှရ၊ ကျွေးမှစားရမဲ့သူတွေလို့ အလွန်လွဲမှားစွာယုံကြည်နေတဲ့ စစ်ဂျပိုးစိတ်ဓါတ်ဖြစ်တယ်။

 

မိအို၊ ဖအို ပိုင်တဲ့အိမ်မှာနေ၊ မိအိုဖအိုရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေထိုင်သုံး ပြီး၊ မိအိုဖအိုနဲ့လူမမယ်နှမသားချင်းတွေကို နေ့စဉ် ရိုက်ပုပ်ညှင်းပမ်း၊ ရမ်းကားတတ်တဲ့ မွေးစား သားဆိုးတယောက်ထက်ဆိုးတဲ့စိတ်ဓါတ်ဖြစ်တယ်။

 

လက်ရှိအစိုးရအဖွဲ့ထဲမှာရော၊ လွှတ်တော်ထဲမှာပါ ဒီမိုကရေစီပြောင်းလဲရေးကို အမှန် တကယ်လိုလားသူတွေ တပ်မတော်သားကောင်းတွေ မြောက်များစွာရှိနေသလို မပြောင်းလဲလို တဲ့ အထက်မှာပြောခဲ့တဲ့ စရိုက်ဆိုး၊ အကျင့်ဆိုးရှိတဲ့ လူ့ဂျပိုး၊ စစ်ဂျပိုးတွေ အမြောက်အများ ကျန်နေဆဲ၊ လှုပ်ရှားနေဆဲဖြစ်တယ်။

 

အံသြစရာတော့မရှိပါဘူး နှစ်ပေါင်း(၅၀)ကျော် လက်နက်အားကိုးနဲ့ လူထုကိုအဖန်တ လဲလဲ ဗိုလ်ကျခဲ့တဲ့ဓလေ့စရိုက်ဟာ သူတို့ရဲ့သွေးထဲသားထဲ စီးဆင်းပြီး နှလုံးသားထဲ အမြစ် တွယ်သွားတော့မှာပေါ့။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးတာတို့ သတင်းနဲ့မီဒီယာလွတ်လပ်ခွင့်တွေ ပိတ်ပင်လိုက်တွေဟာ ပြည်သူတွေရဲ့အသံအိုးကို ရိုက်ချိုးပစ်လိုက်ခြင်းပါဘဲ။ မတရားတဲ့ဥပဒေ တွေပြဌာန်း သေနပ်ထမ်းအုပ်ချုပ်၊ ဗယုတ်သုတ်ခဆိုအကုန်လုပ်၊ စစ်လည်ပတ်ကြိုး အထပ် ထပ်ရစ်၊ ပြည်သူ့လည်မျိုညှစ်ခဲ့ကြတော့ ဘယ်မှာအသံထွက်ရဲကြမှာလဲ။ ဖွတ်တွေမိကျောင်း ဖြစ်၊ စစ်စုံထောက်တွေခြေခြင်းလိမ်၊ တို့တိုင်းပြည်ကံကြမ္မာ မှိန်ခဲ့တာဆန်းသလား။ ပြီးတော့ န၀တ၊ နအဖ ခေတ် ပိုဆိုးသေးတယ်။ စစ်သံဖနောက်အောက်မှာ တုံးအောက်ကဖားလို ငြိမ်ဝပ် ပိပြားနေအောင် ကျိတ်ချေဖိနင်းမှု့မျိုးစုံကို တို့ပြည်သူတွေခံခဲ့ရတာ လတ်လတ်ဆတ်ဆတ် ရှိပါသေးတယ်။ နိုင်ငံရေးလုပ်ရင်ဖမ်း ဘီဘီစီနားထောင်ရင်ဖမ်း၊ လက်ဖက်ရေဆိုင်မှာ နိုင်ငံရေး စကားပြောရင်ဖမ်း၊ အရပ်ထဲမှာ အစိုးရမကောင်းကြောင်းပြောရင်ဖမ်း၊ အသံမထွက်ရဲအောင် ပြန်မလှန်ရဲအောင်၊ လက်နက်အားကိုးနဲ့ထင်ရာစိုင်းတော့ တို့နိုင်ငံသမိုင်းလည်း ရိုင်းခဲ့ရတယ် မဟုတ်လား။

 

အခုတော့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်အတူတူလျှောက်လှမ်း နေပြီဆိုတော့ လူထုရဲ့အသံကိုနာခံလိုတဲ့ ယဉ်ကျေးမှု အလေ့အထကို ရဲရဲဝံ့ဝံ့ ပျိုးထောင်ကြ ဖို့လိုပြီ။

 

လတ်တလောမှာ တို့နိုင်ငံအတွက်သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စရပ်ကြီးသုံး ခုရှိတယ်။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့ဖြစ်တယ်။

 

အဲဒီကိစ္စရပ်တွေအားလုံးမှာ ပြည်သူလူထုအသံ၊ ပြည်သူသဘောထားတွေကို ကျယ် ကျယ်လောင်လောင်၊ ညီညီညာညာထုတ်ဖော်ဖို့ မဖြစ်မနေလိုအပ်နေပြီ။ ဒီတော့ဘယ်နည်း လမ်းတွေနဲ့ လူထုအသံ စစ်စစ်မှန်မှန်ရအောင် စုစည်းကြမလဲ၊ လူထုအသံကို ကေသရာဇာ ခြင်္သေ့မင်းဟိန်းဟောက်သံလို ကြားရသူတိုင်း ခန့်ငြားလေးစားရတဲ့ အသံသြဇာမျိုး ဖြစ်လာ အောင် ဘယ်လိုလုပ်ဆောင်ရမလဲ၊ ကိုယ်ဘယ်နေရာကပါဝင်နိုင်သလဲဆိုတာ နိုင်ငံသားတိုင်း အလေးအနက်စဉ်းစားဖို့လိုနေပြီ။

 

စာရေးသူတွေးမိတဲ့နည်းလမ်းတွေထဲက၊ပထမနည်းကတော့ လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုဖြစ်တယ်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေကိုယ်စား ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို တည်ဆဲဥပဒေဘောင်အတွင်းမှာ အကောင်ထည်ဖော်တဲ့နည်း ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ပြည်သူကို ကိုယ်စားပြုမပြု ဆိုတဲ့မေးခွန်းအတွက် နာမည်ပျက်နဲ့ ကျော်ကြားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက မပြေးသော်ကံရာရှိဖြစ်နေခဲ့တယ်မဟုတ်လား။

 

အဲဒီဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာဝင်ပြီး ပြင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့ အခြားပြည်သူ့ပါတီတွေ ၀င်ရောက်လှုပ်ရှားနေပေမဲ့ အဆုံးအဖြတ်ပြုနိုင် တဲ့ အရေအတွက်မှာမရှိဘူး။ လွှတ်တော်အမတ်အများစုဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်မဲ့၊ မပြင်လိုတဲ့၊ ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်မဲ့သူတွေဆိုတာ၊ လက်မှတ်ပေါင်း တစ်သိန်းကျော်နဲ့ မပြင်ဆင်ရေးကို ဦးတည်တဲ့ လွှတ်တော်ကော်မတီရဲ့အစီရင်ခံစာက သက်သေပြနေခဲ့ပြီမဟုတ်လား။ လူတစ်သိန်းရဲ့လက်မှတ်တွေဆိုတာ အစစ်လို့ယူဆလိုက်အုံး အဲဒီလူတွေဟာ အယင်စစ်အာဏာရှင်ဟောင်း အသိုင်းအ၀ိုင်းတွေနဲ့ သူတို့ကိုမှီတွယ်ပြီး အနေချောင်အစားချောင်နေတဲ့ လူနည်းစုသော ပြည်သူတချို့သာဖြစ်တယ်။ တို့ပြည်သူအများ စုကတော့အနေကျပ်၊ အသေကျပ်မို့ ဖွဲ့စည်းပုံပြင်ဖို့ မဲတင်းကြရလိမ့်မယ်။

 

ဒုတိယနည်းလမ်းက လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုဖြစ်တယ်။ လွှတ်တော်ပြင် ပဆိုလို့ ဆူဖို့၊ ပူဖို့လမ်းပေါ်တက် အကြမ်းဖက်ဖို့လို့မမှတ်ယူလိုက်ပါနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့လွှတ်တော်တွင်း နိုင်ငံရေးကိုအားကောင်းမောင်းသန်ဖြစ်အောင် အထောက်ကူပြုအောင်၊ ဟန်ချက်ညီညီငြိမ်းချမ်းစွာ လူထုရဲ့အသံနဲ့ တခဲနက်ဝန်းရံဖို့ဖြစ်တယ်။

 

လွှတ်တော်ပြင်ပနိုင်ငံရေးကို အပိုင်း(၃) ပိုင်းခွဲကြည့်လိုရနိုင်ပါတယ်။ ပထမပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲတောင်းဆိုမှုဖြစ်တယ်။ ဒီနည်းလမ်းဟာလဲ တစုံတရာထိ ခရီးပေါက်နိုင်တယ်။ ဖွဲ့စည်းပုံကိုမပြင်လိုတဲ့ အကြောင်းအရင်းက အယင်အာဏာ ရှင်ဟောင်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးလိုတာကြောင့်ဖြစ်တယ်။ ညှိနှိုင်းယူလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလဲဖိတ်ခေါ်ထားပြီသားပါ။ လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းနဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ရှင်းရှင်းလင်းလင်းသဘောပေါက်ကြရမှာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှသာ အယင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ ဘ၀ ဟာ ပိုပြီးလုံခြုံမှုရှိမယ်ဆိုတာပါဘဲ။ ပြည်သူကိုသြဇာညောင်းတဲ့ ခေါင်းဆောင်၊ နိုင်ငံတကာက ခန့်ညား လေးစားရတဲ့ခေါင်းဆောင်၊ ဂတိတည်မဲ့ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲသာလျှင်ဖြစ်တယ်ဆိုတာ မြင်နိုင်ဖို့လိုပါတယ်။

 

ဒုတိယပိုင်းက နိုင်ငံရေးပါတီမဟုတ်တဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ လယ်သ မားကွန်ယက်၊ အလုပ်သမားကွန်ယက်၊ ကျောင်းသားကွန်ယက်၊သံဃာကွန်ယက်၊ လူငယ်ကွန် ယက်၊ ရှေ့နေကွန်ယက်၊ အင်ဂျင်နီယာကွန်ယက်၊ စာရေးဆရာကွန်ယက်၊ သတင်းမီဒီယာ ကွန်ယက်၊ ရှိရှိသမျှကွန်ယက်တွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ စုစည်းပြီး ပြည်သူ့မဟာကွန် ယက်ကြီတစ်ခုဖော်ဆောင်ပြီးအသံထွက်အောင် လုပ်ရမဲ့အပိုင်းဖြစ်တယ်။ တို့နိုင်ငံသမိုင်းမှာ အင်္ဂလိပ်ကျွန်သဘောက်ဘ၀ကလွတ်မြောက်အောင် ၀ိုင်အမ်ဘီအေအသင်းပေါင်း တစ်ထောင် ကျော်စုစည်းပြီး ဂျီစီဘီအေအသင်းကြီးဖွဲ့ခဲ့သလို၊ စစ်ကျွန်သဘောက်ဘ၀ကလွတ်မြောက်ဖို့ အားလုံးစုစည်းကြဖို့လိုတယ်။

 

တတိယပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်ပရောက် နိုင်ငံရေးအင်အားစတွေအားလုံး စုစည်းပြီး ပြည်တွင်းပြည်ပအချိတ်အဆက်မိမိလှုပ်ရှားလို့ ဧရာမပြည်သူ့အသံကြီးတခုဖန်တီးဖို့ပါဘဲ။

 

ကိုယ်အားသန်ရာနည်းလမ်းမှာအုပ်တစ်ချပ်၊သဲတစ်ပွင့် လိုပါဝင်ကြရမှာနိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ်။ဘယ်နည်းလမ်းကမှန်တယ်၊ဘယ်နည်းလမ်းကပိုထိရောက်တယ်လို့ ငြင်းခုံနေစရာအကြောင်းမရှိဘူး။

 

ကိုင်း- ခေတ်အဆက်ဆက်သမိုင်းဝန်ထမ်းရွက်ခဲ့တဲ့ မိဘပြည်သူတို့ရေ- ၁၉၉၀ ရွေး ကောက်ပွဲကာလအောင်ပွဲမျိုးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်အောင် ပြည်သူ့အ သံ မိုးထက်ယံ၊ ပျံနိုင်စေဖို့၊ ညံစေဖို့ သမိုင်းသစ်ကိုဖွင့်လှစ်ကြပါစို့။      ။

လေးစားဦးညွှတ်လျှက်
မင်းကောင်းချစ်(မန္တလေး)
၀၄ မတ်လ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts