ရသဆောင်းပါးစုံ

ထူးထူး (တောင်ငူ) – မြတ်ဆရာ

မြတ်ဆရာ
ထူးထူး (တောင်ငူ)
ဇူလိုင် ၁၇၊ ၂၀၁၄
 
 
 

သက်ရှိလူသားတိုင်းဘ၀မှာကိုယ်မသိတာ၊ မတတ်တာ၊ နားမလည်တာ၊ လွဲမှားနေတာတွေကို သင်ကြားပြသ၊ သွန်သင်ဆုံးမ၊ ပြုပြင်ပေးမယ့်ဆရာသမားဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။ ဂေါတမမြတ်စွာဘုရားတောင်မှ ဘုရားဖြစ်မယ့်နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာမှဆရာမရှိတာပါ။ ဘုရားဖြစ်ဖို့ပါရမီဖြည့်ခဲ့တဲ့လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလပတ်လုံးဖြစ်လေရာဘ၀တွေမှာဆရာကို ရှာလည်းရှာခဲ့သလို၊ ရှိလည်းရှိခဲ့ပါတယ်။

စာရေးသူတို့လိုပုတုစဉ်လူသားတွေအဖို့မှာတော့ဆရာသမားဆိုတာပိုလို့တောင်လိုအပ်ပါသေးတယ်။ စကားပုံတောင်ရှိတယ်မဟုတ်လား-“ငါးပိဖုတ်တောင်၊ ဆရာမပြနည်းမကျ”တဲ့။ ဘာလေးပဲလုပ်လုပ်တကယ်ပီပီပြင်ပြင်ဖြစ်ဖို့ဆိုရင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆိုတဲ့ ကျေးဇူးရှင်ဆရာသမားတွေရဲ့ကူညီပံ့ပိုးမှုလိုကိုလိုအပ်ပါတယ်။

စာရေးသူရဲ့ဘ၀မှာကြုံခဲ့၊ ဆုံခဲ့ရတဲ့ကျေးဇူးရှင်ဆရာ၊ ဆရာမတွေများစွာရှိပေမယ့်၊ ယနေ့လိုအာဇာနည်နေ့နီးလာပြီဆိုရင် စာရေးသူရဲ့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မဆုံးဖြစ်နေပြီး၊ တမ်းတမ်းတတသတိရလွမ်းဆွတ်နေမိတဲ့ဆရာ့ကို စာရှုသူများနဲ့ မိတ်ဆက်ပေးပါရစေ…

ဆရာ့နာမည်က“ဦးတင့်ဝေ”လို့ခေါ်ပါတယ်။ မြန်မာပြည်မြေပြန့်တစ်နေရာက၊ အခြေခံပညာ မူလတန်းကျောင်းလေးက သမိုင်းနဲ့ မြန်မာစာသင်တဲ့ဆရာ… ဆရာ့အသက်က (၃၅) နှစ်ဝန်းကျင်၊ စာရေးသူရဲ့မျက်စေ့ထဲမှာတော့ ဆရာဟာ လူချော၊ လူဖြောင့် တစ်ယောက် … ကျောင်းမှာဆရာမတွေများပေမယ့်၊ တစ်ကျောင်းလုံးမှာဆရာဆိုလို့ ဆရာဦးတင့်ဝေ အပါအ၀င် (၂) ယောက်ပဲရှိပါတယ်။ ကျန်တဲ့ဆရာတစ်ယောက်ကတော့ကျောင်းအုပ်ဆရာကြီး။ ကျောင်းအုပ်ဆရာကြီး ကို ဆရာကြီးလို့ခေါ်ပြီး၊ ဆရာဦးတင့်ဝေကိုတော့ဆရာလေးလို့ကျောင်းသားတွေကော၊ ကျောင်းသား မိဘတွေကပါခေါ်ကြတယ်။

အမြဲတမ်းပြုံးနေတတ်တဲ့ဆရာလေးဟာ၊ ကျောင်းဘောလုံးအသင်းနည်းပြလည်းဖြစ်သလို၊  ကျောင်းရဲ့ မိဘဆရာ အသင်းမှာအတွင်းရေးမှူး၊ နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားတွေမှာ အခမ်းနားမှူး စတဲ့ တာဝန်တွေကျေပွန်အောင်ထမ်းဆောင်တဲ့သူပါ…
+++

စာရေးသူ သူငယ်တန်းကနေစတုတ္ထတန်းအထိ(၈၈ အရေးအခင်းမဖြစ်မီကာလအထိ) အခြေခံပညာ သင်ကြားခဲ့တဲ့ ကာလတစ်လျှောက်လုံး၊ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ရောက်ခါနီး တစ်ရက်- ကျောင်းရှိ ကျောင်းသားအကုန် ဘုရားရှိခိုးတဲ့အခန်းကိုတန်းစီပြီးသွားရတယ်။ ဘုရားခန်းထဲမှာ အားလုံးညီညီညာညာအတန်းလိုက်ထိုင်ပြီးတာနဲ့ ဆရာလေးက “ဒီနေ့ သားတို့၊ သမီးတို့ကို အာဇာနည်နေ့ကြောင်းပြောပြမယ်” လို့အစချီပြီးတာနဲ့ မြန်မာ့သမိုင်းကိုစပြောပြတယ် …
အဲ့နောက်- တက္ကသိုလ်ကျောင်းသားသခင်အောင်ဆန်းက အင်္ဂလိပ်ကိုတော်လှန်ဖို့ ရဲဘော်သုံးကျိတ်ကို ဦးဆောင်ကာ တပ်မတော်ဖွဲ့ဖို့၊ ဂျပန်နိုင်ငံကို ရုပ်ဖျက်ပြီးအဖွဲ့လိုက်တစ်သုတ်ပြီး၊ တစ်သုတ်ထွက်ခွာပုံ .. ဟိုင်နန်ကျွန်းမှာစစ်ပညာကိုခက်ခက်ခဲခဲ နဲ့ပင်ပန်းဆင်းရဲခံပြီးသင်ခဲ့ရပုံတွေကို ဆရာလေးက ဖြည်းဖြည်းနဲ့မှန်မှန်လေး ပြောပြပါတယ်…

စာရေးသူတို့ကျောင်းသားတွေကငြိမ်ပြီးတော့၊ ဆရာလေးရဲ့စကား၊ ဆရာလေးရဲ့အမူအရာတွေကို မျက်တောင်မခတ်စတမ်း သေသေချာချာကိုဂရုစိုက်ပြီးစိတ်ပါလက်ပါနဲ့နားထောင်ကြတယ် …
+++

ဆရာလေးကအပြောလည်းကောင်း၊ အမူအရာကလည်းပီပြင်… ဘယ်လောက်ထိအောင်ပီပြင်လည်းဆိုတော့- ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ် ကွ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နားထောင်နေတဲ့စာရေးသူရဲ့မျက်လုံးထဲမှာပေါ်လာတဲ့အထိကို အပြောကောင်း တာ …

အသံနေအသံထားနဲ့-“အဲ့နေ့က မိုးကောင်းကင်ကြီးကလည်း တစ်ခုခုကိုကြိုသိနေတဲ့အလားပဲ၊ အုံ့ဆိုင်းပြီး၊ ကောင်းကင်ကြီးက မကြည်လင် ဘူး… နံနက် ၁၀နာရီ ၁၀ မိနစ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းကအတွင်းဝန်များရုံးကိုရောက်လာပြီး၊ အစည်းအဝေးလုပ်တဲ့အပေါ်ထပ်ကိုတတ်လာတယ်… အစည်းအဝေးခန်းမထဲမှာ၊ ဗိုလ်ချုပ်အောင်ဆန်းက ထိပ်စားပွဲအလည်တည့်တည့်မှာထိုင်တယ်” ဆိုပြီး ဆရာလေးက ဘုရားစင်အောက်က ကျောက်သင်ပုန်းပေါ်မှာ “ဂ” စားပွဲပုံဆွဲပြပြီး၊ ဗိုလ်ချုပ်ထိုင်တာ ဒီနေရာလောက်မှာလို့ပြောပြတယ် …

“နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ စစ်ဝတ်စုံဝတ်ထားတဲ့ လူသတ်သမား (၄) ယောက်က သေနတ်ကိုယ်စီနဲ့ အစည်းဝေးခန်းမထဲကို ၀င်လာပြီး၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရက်ရက်စက်စက် ဟောဒီလို …. ဒိုင်း … ဒိုင်း … ဒိုင်း… ဆိုပြီး ပစ်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး (၈) ဦး၊ နောက်သူတို့ပြန်အထွက်မှာ ၀န်ကြီးဦးရာဇတ်ရဲ့သက်တော်စောင့် ကိုထွေးကိုပါထပ်ပစ်တော့ အားလုံးပေါင်း (၉) ဦးသေဆုံးသွားတယ် … ဗိုလ်ချုပ်အောင်ဆန်းကို ကျည်ဆန် (၁၃) တောင့်ထိမှန်ခဲ့တယ်” လို့ ဆရာလေးက မာန်ပါပါ ပြောပြတော့ စာရေးသူအပါအ၀င်ကျောင်းသားတွေအားလုံး ငြိမ်ပြီး၊ မျက်ရည်တွေဝဲလို့ …..

အဲ့ဒီ့လိုကျောင်းသားတွေရဲ့မျက်စေ့ထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်လာအောင်ပြောပြတဲ့ဆရာလေးက၊ “ဗိုလ်ချုပ်အောင်ဆန်းက သားတို့၊ သမီးတို့ရဲ့ အဖိုးပဲ။ သားတို့၊ သမီးတို့အဖိုးကရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ ဘယ်တော့မှ မလိမ်ဘူး၊ မညာဘူး၊ သတ္တိရှိတယ်၊ မဟုတ်ရင် မခံဘူး။ ဒါကြောင့် သားတို့၊ သမီးတို့က အဖိုးကိုချစ်တယ်ဆိုရင် အဖိုးလိုသူရဲကောင်းကြီးဖြစ်အောင် ကျင့်ကြံကြိုးစားပါ” လို့ နှစ်တိုင်း တိုက်တွန်းလေ့ရှိတယ်။

အခမ်းအနားနိဂုံးချုပ်အနေနဲ့ ဆရာလေးအပါအ၀င်၊ ဆရာကြီး၊ ဆရာမတွေနဲ့ကျောင်းသားကျောင်းသူ တွေအားလုံးက “အာရှသူရဲကောင်းဗိုလ်ချုပ်အောင်ဆန်းသီချင်း”ကို ညီညီညာညာ မာန်ပါပါနဲ့ အသံကုန် အော်ဆိုကြပါတော့တယ် …

စာရေးသူဆို စတုတ္ထတန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပေမယ့်ယနေ့အထိမှတ်မိနေသေးတယ်- သံပြိုင်ဆိုရတဲ့အပိုဒ်၊ “ရာဇ၀င် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တဲ့၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်” ဆိုတဲ့အပိုဒ်ရောက်ရင် နှစ်တိုင်း မျက်ရည်တွေဝဲ၊ ကြက်သီးတွေဖြန်းဖြန်းထပြီး အသံကုန်အော်ဆိုခဲ့တာ …

အားလုံးတန်းစီပြီး ဘုရားခန်းထဲကပြန်မထွက်ခင်၊ ဆရာလေးက စာရေးသူတို့ကျောင်းသားတွေကို မှာတယ် “ နက်ဖြန် အာဇာနည်နေ့၊ ကျောင်းပိတ်တယ်နော်။ ကျောင်းကိုလာစရာမလိုဘူး။ နံနက် ၁၀ နာရီ ၃၇ မိနစ်ကျရင် ဥသြဆွဲလိမ့်မယ် … သြဥဆွဲသံကြားတာတဲ့ရောက်တဲ့နေရာကနေ ကျဆုံးသွားတဲ့ အဖိုးနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ချစ်တယ်ဆိုရင် အလေးပြုဖို့မမေ့နဲ့” နော်တဲ့….။
ကျောင်းသားတွေကသံပြိုင်ပြန်ဖြေကြတယ် “ဟုတ်ကဲ့ပါ ဆရာလေး”။
+++

အာဇာနည်နေ့ကျောင်းပိတ်လို့ သူငယ်ချင်းတွေနဲ့ဆော့နေပေမယ့်၊ ခါတိုင်းကျောင်းပိတ်တာမျိုးနဲ့ မတူဘူး။ သူငယ်ချင်းတွေအားလုံးက လည်းအိမ်က နာရီကိုပဲပြေးပြေးကြည့်နေကြတယ်။ နံနက် ၁၀ နာရီ ၃၇ မိနစ်ရောက်ခါနီးပြီဆိုရင် နီးစပ်ရာအိမ်ကနေ၊ ဥသြဆွဲတော့မယ်လို့ လှမ်းအော်လိုက်တာပဲ။

ဥသြသံကြားတာနဲ့ ဆွမ်းခံတဲ့ကိုယ်တော်ကော၊ လမ်းမပေါ်မှာလမ်းလျှောက်နေတဲ့သူတွေကော၊ ခေါင်းရွက်ဈေးသည်၊ ကလေး၊ လူကြီး မကျန် အကုန်ရောက်တဲ့နေရာမှာရပ်ပြီးအလေးပြုကြတာ…

နောက်တစ်နေ့ကျောင်းတက်လို့၊ အားလုံးတန်းစီပြီးနံနက်နိုင်ငံတော်သီချင်းဆိုပြီးတာနဲ့ ဆရာလေးကမေးတယ်… “အာဇာနည်နေ့မှာ ဥသြဆွဲတာနဲ့အားလုံးအလေးပြုကြလား”…

အားလုံးတစ်ပြိုင်နက်တည်း – “အလေးပြုပါတယ် ဆရာလေး”။

ဆရာလေးကျေးဇူးကြောင့် အာဇာနည်နေ့နဲ့ပက်သက်လာရင် ရင်ထဲအသည်းထဲမှာပါ စွဲနစ်နေတဲ့ စာရေးသူဟာ (၈၈) အရေးအခင်းကြီးပြီး ကတည်းက ယနေ့အချိန်ထိ စာသင်ကျောင်းတွေနဲ့နေရာအနှံ့  မှာတိမ်မြှုပ်ပျောက်ကွယ်အောင်၊ တမင်အကွက်ချဖျက်ဆီးခံထားရတဲ့ အာဇာနည်နေ့အောက်မေ့ပွဲ အကြောင်းအရာတွေကို ဘယ်လိုမှ မေ့ပျောက်လို့ရတော့မှာမဟုတ်သလို၊ ယခုဆိုရင် ကိုယ့်ရဲ့ ရင်သွေးလေးကို အာဇာနည်နေ့အကြောင်းတစ်လုံးမကျန်အကုန်ပြန်ပြောပြပြီး၊ သားတော်မောင်နဲ့အတူ ရောက်တဲ့နေရာမှာ ကားဟွန်းအရှည်ကြီးတီးဖို့တိုင်ပင်ထားကြပါတယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts