ကဗျာ ကျော်ဟုန်း
ကျော်ဟုန်း – ကမ္ဘာ့အံ့ဖွယ် နိုင်ငံအကြောင်း
ကမ္ဘာ့အံ့ဖွယ် နိုင်ငံအကြောင်း
ကျော်ဟုန်း
ဇူလိုင် ၇၊ ၂၀၁၄
ဘိသိက်ခံပွဲအတွက် လက်မကို အပ်ထည့်ရိုက်တဲ့
ဘုရင့်နောင်ရဲ့ လူရွေးပွဲမှာ
ငုယင်ဗန်နွိုင်း ၀င်မရွေးဘူး၊
အရက်ဆီပြန်မျက်နှာနဲ့ စွမ်းအားရှင်တွေ ရှေ့ ထွက်လာတယ်။
ပါးစပ်ပိတ်စတေကာကပ်၊ ဆိုလိုဂရမ်တွေကိုင်ပြီး
သတင်းလွတ်လပ်ခွင့်တောင်းနေကြတဲ့ မီဒီယာသမားတွေဟာ
မင်းတုန်းမင်းကြီးရှေ့ မှာ ဆန္ဒမပြကြဘူး၊
သမတဦးသိန်းစိန်ကြားအောင်တော့ အော်နေကြတယ်။
ကြည် –  ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်
စာရေးအကြောင်းကြားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရှေ့ မှာ
အမျိုးသမီးအခွင့်အရေးအဖွဲ့ တွေ ဆန္ဒမပြဘူး၊
မှူးချုပ်ကြီးသန်းရွှေရဲ့ ကျည်ကွယ်မျက်ကွယ်မှာ ကုလကို စာတင်တယ်။
ကမ္ဘာပတ်ခဲ့တဲ့သူတွေကို
ကိုယ့်တံစမြိတ်အောက်မှာပဲနေသူတချို့  ကဲ့ရဲ့သံအကြားမှာ
လူစွန့် စား ကိုလံဘတ်က ဘဲဥပြုတ်ထောင်ခိုင်းခဲ့တယ်၊
ဒေါ်အောင်ဆန်းစုကြည်က အပြုံးမပျက် ပန်းပန်ပြတယ်။
ယောမင်းကြီးဦးဖိုးလှိုင်ရဲ့စာတွေကို ချီးကျူးတဲ့
စာမတတ်တဲ့ မြင်းထိန်း ငတာဟာ ပဒေသရာဇ်ရဲ့ ပြယုဂ်၊
လက်ညှိုးထောင် ခေါင်းညိမ့်၊ အထက်ဖား အောက်ဖိ ကျွန်
မြန်မာ့လွှတ်တော်ထဲက ကြံ့ဖွတ်ပါတီနဲ့  တမတ်သားစစ်ဗိုလ်တွေဟာ ငတာရဲ့မျိုးဆက်။
ဒေါက်တာ မာတင်လူသာကင်းဂျူနီယာဟာ
အာဖရိကန်တွေအားလုံးနဲ့  ဖိနှိပ်ခံတို့ ရဲ့ ဘုရားတဆူဖြစ်တယ်၊
အာဏာရှင်၊ အရင်းရှင်တွေနဲ့ 
တာလီဘန်၊ ဘိုဘိုဟာရမ်တို့ ရဲ့ ရန်သူ။
ဒုတိယကမ္ဘာစစ်မီးရှို့ ခဲ့တဲ့ အဒေါ့ဖ်ဟစ်တလာဟာ
အနောက်ကမ္ဘာကို သိမ်းတယ်၊
ဂျူးတွေကို သတ်တယ်၊ ဂျာမန်တွေကို မသတ်ဘူး၊
ဒီနေ့ ဗမာ့စစ်အုပ်စုကို ဟစ်တလာ ကြိုကန်တော့ပြီးမှ သေသွားတယ်။
ဒီမိုထွန်းကားတဲ့ အမေရိကားမှာ လွန်ခဲ့တဲ့ ၂၃၈ နှစ်ကတည်းက
သမတအစ၊ ပြည်သူအဆုံး ဥပဒေအောက်မှာ ရှိတယ်၊
စည်းကမ်းပြည့်ဝဒီမိုကရေစီနိုင်ငံ မြန်မာ့ဥပဒေအထက်မှာ
ဂျေရုဆလင်ဆိုတာ
လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုရဲ့ ကျော်စောရာမြေ၊
မန္တလေးဆိုတာ ဗမာ့ယဉ်ကျေးမှုမြို့ တော်၊
၂၀၁၄ မန္တလေးကို ဒုတိယဂျေရုဆလင်ဖြစ်အောင် တောကြောင်တွေဖန်တီးနေတယ်။
စစ်တလင်းပြင် မီခိုးငွေ့ ၊လူသေအလောင်းတွေ၊ အဆောက်အဦပျက်ကြားမှာ
နီရိုးဘုရင်က တယောထိုးတယ်၊
အသောကဘုရင်က ပြန်လည်တည်ဆောက် ဒါန ဘာဝနာပွားတယ်၊
အဲဒီအထဲမှာ ဒီနေ့ ဗမာ့စစ်အုပ်စု မပါဘူး၊ အဘတွေ မပါဘူး။
ဒီလိုနဲ့ 
မြန်မာပြည်ဆိုတာ
လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၆ နှစ်အကြာမှာ
ဘ၀ပျက်မလေးတွေပေါသလို အလှမယ်တွေပေါ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါသလို တိုက်ပွဲတွေလဲပေါ၊
စစ်ဘေးဒုက္ခသည်တွေပေါသလို တကြောင်းဆွဲ နိုင်ငံရေးလုပ်စားသူတွေလဲပေါ၊
လူမှုရေး ပရဟိတလုပ်သူတွေပေါသလို အဖျက်သမားစွမ်းအားရှင်တွေပေါ၊
စာနယ်ဇင်းသတင်းထောက်တွေပေါသလို FB ပေါ်မှာ ဖွသူတွေပေါ၊
ရောဂါကုဆေးဝါးရှားပါးမှုတွေပေါသလို မူးယစ်ဆေးတွေလဲပေါ၊
ပြဿနာတွေပေါသလို ဥပဒေမစိုးမှုတွေပေါ၊
ငွေကြေးဖောင်းပွမှုတွေပေါသလို ကုန်စည်အတုတွေလဲပေါ၊
သယံဇာတတွေပေါသလို စားစရာမရှိ အိမ်မဲ့ယာမဲ့တွေလဲပေါ၊
ခရိုနီတွေပေါသလို တပ်ပိုင်မြေတွေလဲပေါ၊
ကမ္ဘာ့ အံ့ဖွယ်ပြတိုက်နိုင်ငံ ဖြစ်နေလေရဲ့။    ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts