သူတို့အာဘော်

ဇင်လင်း – “ဖွဲ့စည်းပုံပြင်ဆင်ရေး” နဲ့ “လေးပွင့်ဆိုင်ဒိုင်ယာလော့”

Screen Shot 2014-07-12 at 8.45.55 PM

“ဖွဲ့စည်းပုံပြင်ဆင်ရေး” နဲ့ “လေးပွင့်ဆိုင်ဒိုင်ယာလော့”

ဇင်လင်း၊ ဇူလိုင် ၁၃၊ ၂၀၁၄ (ဒီလှိုင်းစာစောင်မှ ကူးယူဖော်ပြသည်)

 

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတောအတွင်း ပြည်သူလူထုရဲ့ အဓိကတောင်းဆိုချက်က လွတ်လပ်ရေး၊ တရား မျှတရေး၊ တန်းတူအခွင့်အရေးရရှိရေးတို့ဖြစ်ပါတယ်။ အရေးတော်ပုံ ဆင်နွှဲခဲ့တာ ဒီ ၂၀၁၄ မှာ(၂၆)နှစ် ကြာမြင့် ခဲ့ပါပြီ။ လူထုရဲ့ တောင်းဆိုချက်တွေ အပြည့်အ၀ မရသေးတာမှန်ပေမယ့် အရေးတော်ပုံရဲ့တွန်းဆော်မှုဟာ ဆက်လက် ရှင်သန်နေဆဲရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ လူထုပါတီ ဖြစ်တာ ကို မမေ့ကြဖို့လိုပါတယ်။ တပြိုင်နက် တည်းမှာ အရေးတော်ပုံက ယုံကြည်ချက်၊ ဇွဲ၊ လုံ့လ၊ ၀ိရိယ ခိုင်မာတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖန်တီး ပေးခဲ့တာလည်း မမေ့ကြဖို့ လိုပါတယ်။

 

ဒါကြောင့် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စုပေါင်းလက်မှတ်ရေးထိုးပွဲဟာ၊ လူထုအရေးတော်ပုံရဲ့ အဆက်လို့ဆိုနိုင်တယ်။ တနည်းအားဖြင့် လူထုပါတီရဲ့လူထုနဲ့ပြန်လည် ချိတ်ဆက်တဲ့ မဟာဗျူဟာလှုပ်ရှားမှုလို့လည်း ခေါ်နိုင်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စဟာ လွှတ်တော်အတွင်းမှာသာ ဆင်နွှဲကြရမယ့် အရေးအရာလို့ ဆိုနေကြသော်လည်း၊ လွှတ်တော်ပြင်ပ လူထုဆန္ဒ သဘောထား ဖေါ်ပြမှုတွေကိုလည်း ချန်လှပ်ထားခဲ့လို့ မရကြောင်း လူထုခေါင်းဆောင်က ဦးဆောင်ပြသနေတာ ဖြစ်တယ်။

 

လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို သတိထားကြည့်မယ်ဆိုရင် အစိုးရနဲ့ အာဏာရပါတီကလည်း လူထုရဲ့ တက်ကြွနိုးကြားမှု ကို ဂရုပြုမိပုံရပါတယ်။ ဒါကြောင့် ဖွဲစည်းပုံပြင်ဆင်ရေး လူထုဆန္ဒသဘောထား ဒီရေလှိုင်းမြင့်တက်လာတာကို ဆန့်ကျင်ဟန့်တား မရနိုင်ကြောင်း မြင်နေပုံပါပဲ။ ဒါကြောင့် လူထုသဘောထားနဲ့ရေလိုက်ငါးလိုက် ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ထောက်ခံပြောဆို နေတာ တွေ့နေရပါတယ်။ ဒါပေမယ့် လူထုလိုချင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတိုင်းအတာနဲ့ အာဏာရအသိုက်အ၀န်းက ပြင်ဆင် လိုတဲ့ အတိုင်းအတာ (၂)ခု ကြားမှာ ကွာဟမှုက အတော်ကြီးမားနိုင်ပါတယ်။ ဘာကြောင့် ကွာဟမှု ကြီးနိုင်သလဲ။ မေ(၃၁) သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းပါ သဘောထားကို ထောက်ရှုပြီး သိနိုင်ပါတယ်။

သမ္မတဦးသိန်းစိန်က

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက်များ ကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘော တူညီ ချက်များပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”

လို့ ဆိုပါတယ်။

 

သဘောကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ရေး ပြဿနာ အစ၊ နိုင်ငံရေးဆွေးနွေးပွဲများအဆုံး အဖြေထွက်လာမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြုလုပ် သင့်တယ်လို့ ဆိုလိုတာဖြစ်ပါ တယ်။ ဒါပေမယ့် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို ကြည့်ရင် ရှေ့မတိုး နောက် မဆုတ် ဖြစ်နေတာ မြင်နိုင်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကိစ္စအောင်မြင်ဖို့တောင် လမ်းစ မမြင်ရသေးပါဘူး။

 

သမ္မတဦးသိန်းစိန်ပြောသလို “နိုင်ငံရေးဆွေးနွေးပွဲ များမှ ပေါ်ပေါက်လာသော သဘောတူညီချက်များ” ပေါ်လာတဲ့ အထိ စောင့်ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်သင့်တယ်လို့ ဆိုခြင်းဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ချင်တဲ့အတွက် အချိန်ဆွဲခြင်း သာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲလို့ မေးမယ်ဆိုရင်၊ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတာတောင်၊ နိုင်ငံရေး ဆွေးနွေးပွဲကို ခနထား၊ အပစ်ရပ်ရေးသဘောတူဖို့တောင် အလှမ်းဝေးနေဆဲ ဖြစ်လို့ပါပဲ။ အလှမ်းဝေးအောင် အချိန်ဆွဲနေတာကလည်း အစိုးရကိုယ်တိုင်နဲ့ တပ်မတော်ကိုယ်စားလှယ်များဖြစ်နေတာကြောင့်ပါပဲ။

 

သမ္မတ ထပ်ပြောတာက-

“ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင်ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာမှန်ကန်မှုတို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။

လို့ဆိုပါတယ်။

 

အဲဒီလို နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးကို အမှန်တကယ်သာ ပါဝင်စေချင်ရိုး အမှန်ဆိုရင် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား နိုင်ငံရေးညီလာခံကြီး” တစ်ခု ခေါ်ယူကျင်းပဖို့လိုမှာဖြစ်ပါတယ်။ အဲဒီလို Nationwide Political Conference တစ်ခု ကျင်းပနိုင်ဖို့ဆိုရင် ပိုလို့တောင် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အစိုးရကိုယ်တိုင်က သဘောထား ကျယ်ကျယ် ပြန့်ပြန့်ထားပြီး၊ နိုင်ငံရေးဆိုင်ရာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) တစ်ရပ်ကျေညာပေးဖို့ လိုတဲ့အတွက် ဖြစ်ပါတယ်။ ချုပ်လိုက်ရင် သမ္မတဦးသိန်းစိန်အစိုးရဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို အချိန်ဆွဲချင်နေပုံရတာ အသေအချာပါပဲ။

 

“တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံ ကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေ လိုသည့် နိုင်ငံရေး စေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင် ထားရမှာ ဖြစ်ပါတယ်။”

 

လို့ ဦးသိန်းစိန်က ထပ်ဆင့် ပြောလိုက်တာကို ကြည့်ရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အချိန်အခါ အခြေအနေအရ သဟဇာတ မဖြစ်သေးကြောင်း အပျော့ဆွဲနဲ့ သဘောထား ပေးလိုက်တာဖြစ်ပါတယ်။

ဦးသိန်းစိန်က သူ့မိန့်ခွန်း နိဂုံးပိုင်းမှာ –  

 

“အထူးသဖြင့် ပဋိပက္ခဖြေရှင်းရေးတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့၊ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အဖြေရှာနိုင်ကြဖို့ လိုအပ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ ပြဿနာတွေကို အတူတကွ အဖြေရှာပြီး ရလာမယ့် အဖြေတွေကို စုပေါင်းအကောင်အထည်ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့ အတွက် အခုလို ပြုပြင်ပြောင်းလဲမှု ကာလမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

 

လို့ ဖြည့်စွက် ပြောကြားလိုက်ပါသေးတယ်။

ဦးသိန်းစိန်က-“ပဋိပက္ခဖြေရှင်းရေးတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့၊” – လို့ လက်ရှိမိန့်ခွန်းမှာ ပြောထားသော် လည်း၊ အရင်တုံးက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ကို ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းကိုဝင်ဖို့၊ အပစ်ရပ် လက်နက်စွန့် ပါတီထောင် ရွေးကောက်ပွဲဝင် လွှတ်တော်ထဲ ရောက်တော့မှ နိုင်ငံရေးဆွေးနွေးကြတာပေါ့လို့ ဥိးသိန်းစိန်ကိုယ်တိုင် ပြောထားခဲ့တာဟာ ဒီမိုကရေစီနည်းလမ်းကျရဲ့လား လို့ မေးစရာဖြစ်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဒီမိုကရေစီ နည်းမကျတာ ကမ္ဘာသိ ကိစ္စဖြစ်ပါတယ်။

 

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘောင်ခတ်ထားခြင်း ကြောင့် ကြိုတင်စည်းကမ်းသတ်မှတ်ထားရာရောက်နေပြီး၊ ဒီမိုကရေစီ ဒိုင်ယာလော့ မဟုတ်တာ ဦးသိန်းစိန်အနေနဲ့ ပြန်လည် ဆင်ခြင်သင့်ပါတယ်။ နိုင်ငံရေးကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲမှာ အဖြေရှာမယ်လို့ ရိုးရိုးသားသားစဉ်းစားထားရင်တော့ လွှတ်တော် ပြင်ပမှာ တိုင်းရင်းသားအားလုံးနဲ့ တန်းတူရည်တူ ဆွေးနွေးမှသာ တရားမျှတပါလိမ့်မယ်။ ၂၀၀၈ဖွဲ့စည်းပုံကို အသေဆုပ် မထားသင့်ပါ။ နိုင်ငံရေးပါတီအများစု၊ တိုင်းရင်းသားအများစု၊ ပြည်သူလူထုအများစုက ယေဘုယျအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလိုကြတော့ဘူးဆိုတဲ့ အရှိတရားတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ လက်တွေ့ကျကျ သုံးသပ် ဆင်ခြင်ကြည့်ဖို့လည်း လိုပါတယ်။ တိုင်းပြည်နဲ့လူထုဘ၀ ငြိမ်းချမ်းသာယာရေးကို ပဓါနထားရိုးမှန်ရင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်တွေ့ကျကျပြင်ဆင်ဖို့ လိုပါတယ်။

 

လက်ရှိပြည်သူလူထုရဲ့ လူနေမှု ဘ၀ကို မြှင့်တင်ဖို့ အတွက်၊ နိုင်ငံရဲ့ ဂုဏ်သက္ခာကို မြှင့်တင်ဖို့အတွက်၊ တိုင်းပြည်ရဲ့ လူမှုရေး စီးပွားရေးအခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတော့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေကို လူထုဆန္ဒနဲ့ အညီ ပြင်ဆင်ရေးမှာ ဦးသိန်းစိန်အစိုးရအနေနဲ့ အချိန်ဆွဲခြင်း ဟန့်တားခြင်းစသဖြင့် လုပ်ရမယ့် အချိန်မဟုတ်တော့ပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနဲ့ လူထုရဲ့ လေးစားချစ်ခင်မှုကို အမှန်တကယ် ရယူလိုရင်၊ ဖွဲ့စည်းပုံကို အဆင်ပြေ ချောမွေ့စွာ၊ ပဋိပက္ခနည်းပါးစွာ၊ ပြင်ဆင်ရန်၊ လေးပွင့်ဆိုင် ပဏာမ တွေ့ဆုံ ဆွေးနွေးရေးကို လမ်းဖွင့်စီစဉ်သင့်ပါတယ်။

 

ဒီကနေ့ အမှန်တကယ် လူထု ကျေနပ် အောင် အဖြေတစ်ခု ထုတ်ပေးနိုင်ဖို့ နိုင်ငံတော် သမ္မတ၊ တပ်မတော် အကြီးအကဲ၊ လွှတ်တော် ဥက္ကဋ္ဌ နဲ့ လူထုခေါင်းဆောင်တို့ ပဏာမ တွေ့ဆုံသင့်တာ အမှန်ပါပဲ။

 

တိုင်းပြည်အမှန်တကယ် ငြိမ်းချမ်းတည်ငြိမ်ဖို့အတွက် နိုင်ငံ့ထိပ်သီး (၄)ဦးတို့အနေနဲ့ မိမိတို့ရဲ့ တစ်ဦးချင်းအလိုက် မာန်မာနတွေ၊ အာဃာတတွေ၊ မယုံသင်္ကာစိတ်တွေ၊ တစ်ဖက်သတ် ထင်မြင်ယူဆမှုတွေ ကို ခေတ္တခန ခ၀ါချထားပြီး၊ လွတ်လပ် ပွင့်လင်းစွာ တိုင်းပြည်နဲ့လူထုအကျိုး ရှေ့ရှု စကားပြောကြည့်ကြစေချင်ပါတယ်။ တိုင်းပြည်အပေါ် ထားရှိတဲ့ စေတနာချင်းသာ တူခဲ့ရိုးမှန်ရင် ဒီ ခေါင်းဆောင်တွေ အချင်းချင်းအကြား စကား မပြောနိုင်စရာ၊ ဒိုင်ယာလော့ လုပ်မကြည့်နိုင်စရာ မရှိဘူးထင်ပါ တယ်။

 

ကိုယ်အာဏာမြဲရေး၊ ကိုယ့်ကိုယ်ကျိုးစီးပွားမပွန်းပဲ့ရေး၊ ကိုယ့်အုပ်စု အသာစီးရရေးဆိုတဲ့ လောဘစိတ်တွေသာ ခေါင်းဆောင်အသီးသီးမှာ ကိန်းဝပ်မနေခဲ့ရင်၊ ဒီ “လေးပွင့်ဆိုင်ဒိုင်ယာလော့”ဟာ တိုင်းပြည်အတွက် အကျိုးရှိမယ် ထင်ပါတယ်။ အချိန်ကုန် ငွေကုန် ရလဒ်မထွက် တိုင်းပြည်နစ်နာစေတဲ့ အခြားအစည်းအဝေးပေါင်း မြောက်မြားစွာထက် ဒီ လေးဦးစကားဝိုင်းက ပိုမို အကျိုးဖြစ်နိုင်စရာရှိပါတယ်။ ဒီ စကားဝိုင်းက ပဏာမသာ ဖြစ်တဲ့အလျောက် မတူတာတွေ ဖယ်ထားပြီး၊ တူတာ အကျိုးရှိတာ တွေကို အကောင်အထည်ဖေါ်နိုင်မှာဖြစ်လို့၊  ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပဓါနထား တွေ့ဆုံစကားပြောဆိုကြည့်ကြဖို့ တိုက်တွန်းလို ကြောင်းပါ။။။။။။

အတွဲ(၃)၊ အမှတ်(၂၅)၊ တနင်္လာနေ့၊ ၃၀ – ၆ – ၂၀၁၄။ ဒီလှိုင်း။ မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

(သရုပ်ဖော်ပုံ – ရနံ့သစ် (ခေတ်ရနံ့ မဂ္ဂဇင်း မျက်နှာဖုံးကို ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – “ဖွဲ့စည်းပုံပြင်ဆင်ရေး” နဲ့ “လေးပွင့်ဆိုင်ဒိုင်ယာလော့”
  1. ဗိုလ်သိန်းစိန်မိန့်ခွန်း တတိယအချက်ထဲက “တစ်ဖက်တွင်လည်း မိမိတို့အမျိုးသားအကျိုးစီးပွါးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို မထိပါးစေမဲ့ …..”ဆိုတဲ့ စကားလုံးဟာ သူတို့စစ်အုပ်စုရဲ့ အချု ပ်အခြာအာဏာကို အထိပါးမခံနိုင်ကြောင်းကို သည်းခြေကြိုက်စကားလုံးတွေနဲ့ ပြောနေတာပါ။ တို့တာဝန်အရေးသုံးပါးဟာ စစ်အုပ်စုရဲ့ သရဏဂုဏ်သုံးပါးပါပဲ။ ဒါကို လုံးဝမမေ့ကြပါနဲ့။ သတိရှိကြပါ။

Comments are closed.