သတင်းဆောင်းပါး

ဝတ်မှုန် – မိုဘိုင်းဖုန်းဖြင့်ငွေလွှဲခြင်း၊ငွေပေးခြင်းလုပ်ငန်းများအကြောင်းနှင့် မြန်မာ

မိုဘိုင်းဖုန်းဖြင့်ငွေလွှဲခြင်း၊ငွေပေးခြင်းလုပ်ငန်းများအကြောင်းနှင့် မြန်မာ
ဝတ်မှုန်၊ ဇူလိုင် ၁၃၊ ၂၀၁၄
နိုင်ငံတကာမှာ ငွေလွှဲရတာလွယ်ကူပါတယ်။ မြန်မာနိုင်ငံကို ငွေလွှဲတဲ့လုပ်ငန်းလဲ တော်တော်အလုပ်ဖြစ်ပေမဲ့၊ ယုံကြည်စိတ်ချရမှုနဲ့ပဲလုပ်ရပါတယ်။ အခု မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံခြားက တိုက်ရိုက်ဘဏ်လွှဲနိုင်ပေမဲ့၊ သာမန်လူများအတွက် အသေးစား ငွေလွှဲလုပ်ငန်းများကိုသာ အားကိုးနေကြဆဲဖြစ်ပါတယ်။ ဆိုင်ကိုသွားပြီး၊ ဒေါ်လာပေးလိုက်၊ အရင်ကတော့ မြန်မာနိုင်ငံက ငွေလက်ခံသူဆီ ရောက်ဖို့တော်တော်ကြာပေမဲ့ အခုတော့ ချက်ချင်းရောက်နေပါပြီ။ Western Union, MoneyGram  တွေလို ကမ္ဘာ့ငွေလွှဲလုပ်ငန်းများက မြန်မာပြည်၊ မြို့ကြီးများစွာထိအောင် နာရီဝက်အတွင်းကို သွားထုတ်ယူနိုင်ပါတယ်။

မြန်မာပြည်တွင်းမှာလဲ ငွေလွှဲလုပ်ငန်းဟာ တော်တော်တွင်ကျယ်လာပါတယ်။ ဘဏ်တွေက အပြိုင်အဆိုင် ဈေးနှုန်းလျှော့တယ်၊ အမြန်ဆုံးအကြောင်းကြားပေးပါတယ်။ မြန်မာပြည်မှာ မိုဘိုင်းဖုန်း ၃သန်းရှိနေပြီး၊ ဆက်သွယ်ရေးအဆင်ပြေနေတဲ့အတွက် အခုပဲဘဏ်ကိုငွေသွားလွှဲတယ်။ ဘဏ်မှာ ၅မိနစ်အတွင်း လိုအပ်တဲ့အချက်လက်များနဲ့ငွေကိုလက်ခံလိုက်ပါတယ်။ ငွေလက်ခံသူက မှတ်ပုံတင်ပြပြီး၊ ထုတ်ရမယ်။ သက်ဆိုင်ရာမြို့ ဘဏ်ခွဲက တယ်လီဖုန်းနဲ့လာထုတ်ပါလို့ အကြောင်းကြားလေ့ရှိပါတယ်။ အဲ.. မြို့ကြီးများက ဘဏ်ခွဲတွေမှာ ငွေထုတ်ရတာတော့၊ စောင့်ရတယ်လို့ပြောပါတယ်။ ကိုယ့်အကောင့်က ငွေကိုပြန်ထုတ်တာတော့ မြန်မာနိုင်ငံမြို့ကြီးတိုင်းမှာ လွယ်ကူမြန်ဆန်ပေမဲ့၊ မှတ်ပုံတင်ပြပြီး လာထုတ်ရင်တော့၊ တန်းစီတဲ့လူအပေါ်မူတည်ပါတယ်။ နောက်ပိုင်း ပိုမြန်ဆန်လာပါလိမ့်မယ်။ ထုံးစံအတိုင်း လူကိုယ်တိုင်လာပြီး ငွေလွှဲ၊ လူကိုယ်တိုင်လာပြီး ငွေထုတ်တဲ့ အလေ့ကျင့်ပဲရှိနေပါတယ်။
ဘဏ်စာရင်းထဲ ငွေထည့်ပေးတဲ့ နည်းလမ်းကို မြန်မာတွေ အခုထိ ယုံကြည်မှုမရှိသေးပါဘူး။ ကုမ္ပဏီတွေကတော့ ယုံကြည်စွာ ဘဏ်အချင်းချင်း ငွေလွှဲစနစ်သုံးနေပါပြီ။ မြန်မာဘဏ်အကောင့်များက ATM စက်များ ၃နှစ်အတွင်း၊ တော်တော်တိုးတက်လာပါတယ်။ ရန်ကုန်မြို့တွင်းမှာ မြန်မာငွေ၊ နိုင်ငံခြား(US$)ဒေါ်လာ အကောင့်များ ခဏလေးနဲ့ဖွင့်ပေးပါတယ်။ ဘဏ်ကဒ်တွေလဲ စင်ကာပူလိုပဲ မြန်ဆန်ပြီး၊ ငွေအသွင်းထုတ်လုပ်တာလဲ ဘဏ်ဝန်ထမ်းတွေက မြန်ဆန်၊လွယ်ကူစွာ အကူညီပေးပါတယ်။ မြန်မာအစိုးရဘဏ်များကတော့ ထုံးစံအတိုင်း အပ်နှံသူမရှိ၊ မတတ်သာလို့ သုံးနေရသူချည်းပါပဲ။ ဒါပေမဲ့ ပုဂ္ဂလိကဘဏ်များကတော့ အံ့သြဘွယ် ၃နှစ်အတွင်း အကြီးကျယ်တိုးတက်လာပါတယ်။

နိုင်ငံခြားဘဏ်ကလွှဲပို့လိုက်တဲ့ငွေကို ဒေါ်လာအကောင့်ရှိရင် ၄ရက်လောက်ကြာရင် ရောက်ပါတယ်။ နိုင်ငံခြား ငွေလွှဲဆိုင်က လွှဲပို့လိုက်တဲ့ ဒေါ်လာငွေကတော့ ကိုယ့်ပို့မဲ့ ဘဏ်က  ကျပ်ငွေ၊ ဒေါ်လာငွေ အကောင့်များဆီကို တစ်ရက်အတွင်း ရောက်လာပါတယ်။ Bank to Bank Transfer ကတော့ ရက်ကြာပါတယ်။ အခကြေးငွေလဲ ပိုပေးရတော့၊ ခါတိုင်းလွှဲနေကျ ငွေလွှဲဆိုင်ကပဲ မြန်မာတွေ ငွေလွှဲနေဆဲဖြစ်ပါတယ်။
မြန်မာပြည်ကနေ နိုင်ငံခြားကိုပို့တဲ့ ဒေါ်လာငွေကတော့ ဘဏ်တွေကလွှဲရင် နဲနဲခက်ပါတယ်။ ပုဂ္ဂလိက ဘဏ်တော်တော်များများ အဲဒီလို ပြည်တွင်းဒေါ်လာများကို နိုင်ငံခြားထုတ်ယူခွင့် လိုင်စင်မရှိပါဘူး။ Western Union, Moneygram တွေတောင် လိုင်စင်မပေးထားသေးပါဘူး။

ငွေအမြောက်အများလွှဲမယ် ဥပမာ စင်ကာပူမှာ ကွန်ဒိုဝယ်ဖို့ ဒေါ်လာတစ်သန်း ပို့ချင်တယ်ဆိုရင်၊ ရန်ကုန်-စင်ကာပူမှာရှိတဲ့ Fund Manager လုပ်ငန်းများနဲ့ တွဲပြီးလုပ်ရပါတယ်။ Fund Manager များက ရန်ကုန်နဲ့စင်ကာပူမှာ ဖွင့်ထားတဲ့ ကုမ္ပဏီသုံး US$ ဒေါ်လာအကောင့်များကိုသုံးပြီး ငွေအမြောက်အများ လွှဲရပါတယ်။ ငွေကြေးခ၀ါချမှု စောင့်ကြည့်ရေးအဖွဲ့ (The Financial Action Task Force- FATF) ဆိုတာရှိပါတယ်။ မြန်မာပြည်လဲ အာစီယံအနေနဲ့ အဖွဲ့ဝင်ဖြစ်နေပေမဲ့ စံနှုန်းကိုမမှီတဲ့အတွက် နာမည်ပျက်စာရင်းထဲမျာပဲ ရှိနေပါသေးတယ်။

၂၀၁၂ မှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာတို့ ငွေခဝါချတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အခု ၂၀၁၄မှာ၊ အင်ဒိုနီးရှားနဲ့မြန်မာ ၂နိုင်ငံ၊ နာမည်ပျက်စာရင်း Black List ထဲကမထွက်နိုင်ပဲ ဖြစ်နေပါတယ်။

အခု မြန်မာပြည်မှာ မိုဘိုင်းဖုန်းတွေ ၃သန်းကျော်လာပြီလို့ ဇူလိုင် ၂၀၁၄ သတင်းထုတ်ပြန်ပါတယ်။
မကြာခင် မိုဘိုင်းဖုန်းတွေ ၃နှစ်အတွင်း လူတိုင်းဈေးချိုစွာ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ငွေလွှဲခြင်း၊ ငွေပေးသွင်းခြင်း၊ ပစ္စည်းဝယ်ခြင်းများကို မိုဘိုင်းဖုန်းတွေနဲ့ လုပ်မဲ့အချိန်ရောက်လာမှာပါ။ အဲဒီအချိန်မှာ မြန်မာမိုဘိုင်းဖုန်းတွေဟာ မြန်မာစာလုံးတွေနဲ့ပဲ မိုဘိုင်း Application တွေဖြစ်လာပါလိမ့်မယ်။ လာမယ်၊ မကြာတော့ပါဘူး။ မိုဘိုင်းငွေပေးခြင်းအကြောင်း ပိုသိလိုသူများ၊ အောက်ပါလင့်ကို ဆက်ဖတ်ပါ။

www.mingalaronline.net/mobilemoney.htm

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts