ရသဆောင်းပါးစုံ

စံပယ်ဖြူ – ကျွန်မတို့ရွာကို သက်သေတည်

ကျွန်မတို့ရွာကို သက်သေတည်
စံပယ်ဖြူ
ဇူလိုင် ၁၂၊ ၂၀၁၄

မလေးရှားမှာ ပြသနာတွေဖြစ်တယ်ဆိုတော့ ရွာကအကိုတွေ အမျိုးတွေက စိတ်ပူကြတယ်။ သူငယ်ချင်းတွေက သတင်းမေးကြတယ်။ ဘေးရန် ကင်းလျှက် ရှိကြောင်းပါ၊ ကိစ္စရှိလို့ အပြင်ထွက်ချင်ရင်တော့ နည်းနည်းသတိထားရတာပေါ့လို့ စိတ်မပူအောင် ဖြေလိုက်ပါတယ်။ မလေးရှားရောက်နေကြတဲ့ မြန်မာတွေအတွက် အသက်ဘေးအန္တရာယ် လုံခြုံမှုမရှိတာ ဟိုအရင်ကတည်းပါ။ မလေးရှာရောက် မြန်မာတွေ အကြောင်းထိမိ ပြောင်မြောက်စွာရေးထားတဲ့ စာ၊ ကဗျာတွေကို ဖတ်ဖူးကြပါလိမ့်မယ်။

မလေးရှားကို ကျွန်မရောက်တာခြောက်နှစ်ကျော်ခဲ့ ပါပြီ။ ပျော်လားမေးရင် မပျော်ဘူးလို့ ဖြေချင်ပါတယ်။ အဆင်ပြေလားမေးရင် ဒီလိုပါပဲလို့ ဖြေပါမယ်။ မလေးရှားရောက် မြန်မာငါးဆယ်ရာခိုင်နှုန်းကျော်က ကျွန်မလိုပဲဖြေကြမှာသေချာပါတယ်။ ဒီလိုဆို ပြန်လာကြလေလို့ ပြောရင်တော့ ရွှေပြည်တော် ပြန်နိုင်ဖို့ ဝေးနေပါကြောင်း ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိကြပါတယ်။ အပြင်မထွက်ပဲ အခန်းထဲမှာ ကုတ်နေရင်း အင်တာနက်က စာတွေဖတ်နေလိုက်ပါတယ်။ အထူးသဖြင့် သာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်တာတွေ ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းစာတစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်လာပါတယ်။ စာရေးရင် ကိုယ်တိုင်သိသောအကြောင်းအရာကိုရေးပါလို့ စာရေးဆရာမ မစန္ဒာက မလေးရှားစာပေဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဆရာမစကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်မသိတဲ့ ရွာကအကြောင်းတွေကို ရေးလိုက်ပါတယ်။

ကျွန်မတို့ရွာက ကျုံပျော်မြို့နယ် မိုးကြိုးပစ်ရွာ ဖြစ်ပါတယ်။ ကျွန်မတို့ရွာက အခြားဘေးရွာလေးတွေနဲ့ ယှဉ်ရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာအနည်းငယ် ပိုဖွံ့ဖြိုးတယ်လိုဆိုနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆန်စပါးကုန်ပစ္စည်း အရောင်းအ၀ယ်လုပ်ပြီး အသက် မွေးကြပါတယ်။ကျွန်မအဖေကတော့ အကြွေးပတ်လည် ၀ိုင်းနေတဲ့ ကရင်အမျိုသား လယ်သမားတစ်ယောက်ပါ။ (အဖေကွယ်လွန်ခဲ့တာငါး နှစ်ရှိပါပြီ။) ရွာမှာဗမာ လူဦးရေပိုများပါတယ်။ ကျွန်မတို့ ကရင်တွေက လယ်တီစုလို့ခေါ်တဲ့ ရွာအရှေ့ပိုင်းမှာနေပါတယ်။ အများစုက ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် စုစုပေါင်းဆယ်အိမ်ပြည့်မယ် မထင်ဘူး၊ ရွာမြောက်ပိုင်းမှာ မွတ်စလင်တွေ ရှိပါတယ်။ အိမ်ခြေ နှစ်ဆယ်လောက် ရှိပါလိမ့်မယ်။ ရွာကမွတ်စလင်တွေ ပတ်ဝန်းကျင်က ကရင်ဗမာတွေနဲ့ ချစ်ချစ်ခင်ခင် မဟုတ်သော်လည်း သင့်သင့်မြတ်မြတ် ရှိကြပါတယ်။

ရွာမှာမွတ်စလင်တွေနေတဲ့အစုကိုကုလားစုလို့ခေါ်ကြ ပါတယ်။ ကျွန်မ သုံးတန်းလေးတန်းတုန်းက သင်္ချာသင်တဲ့ ဆရာဦးဝင်းလှိုင်က မွတ် စလင်တစ်ယောက်ပါ။ ဆရာကသင်္ချာသိပ်တော်ပါတယ်။ ဆရာကအသင်အပြ ကောင်းသလို အရိုက်လည်း ကြမ်းပါတယ်။ ဆရာရိုက် တာသိပ်နာပါတယ်။ ဒါပေမဲ့ ဆရာ့ကိုအနန္ဒဂိုဏ်းဝင် ဆရာတစ်ယောက်အဖြစ် ချစ်ခင်လေးစားခဲ့ပါတယ်။ ဆရာ့ကျေးဇူးကြောင့် ကျွန်မတို့ သင်္ချာကောင်းကောင်းတတ်ခဲ့ပါတယ်။ အလယ်တန်းနဲ့ အထက်တန်းမှာဆုံခဲ့တဲ့ မွတ်စလင် ဆရာ၊ဆရာမတွေဟာလည်း ဆရာစိတ်ရှိကြ ပါတယ်။

ကျွန်မတို့ ရွာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီး၊ ရန်မစောင်ပဲနေကြတာမို့ ပြသနာ ကြီးကြီးမား မားမရှိခဲ့ပါ။ လူငယ်ကိစ္စ လေးတွေတော့ ရှိကြပါတယ်။ ငယ်သူတို့ သဘာဝ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင်တွေချစ်ကြိုက်ကြရင် မိဘတွေကသဘောမတူလို့ ခွဲကြ၊ အသဲကွဲ ကြတာမျိုးတွေ ရှိပါတယ်။ ပြသနာမရှိခဲ့ဘူးဆိုပေမဲ့ ကြီးကျယ်တဲ့ ကိစ္စလေးတစ်ခုတော့ ရှိခဲ့ပါတယ်။ မွတ်စလင်ကျောင်းဆရာနဲ့ ကရင်ခရစ်ယာန် ကျောင်းဆရာမတစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ သူတို့နှစ်ယောက် ဂရက်ရှည်ရွာက မူလတန်းကျောင်းမှာ အတူတာဝန်ကျရာက ရည်းစားဖြစ်ပြီး၊ အချစ်နယ်ကျွံခဲ့ ကြတယ်။ ဆရာမက ကိုယ်ဝန်ရလာတဲ့အချိန်ရောက်တော့ ကျောင်းဆရာဘက် ကဘာသာမတူလို့ မပေးစားနိုင်ဘူး ဖြစ်လာပါတယ်။ ကျောင်းဆရာမဘက် ကတရားစွဲတာကို ကျောင်းဆရာမိသားစုက ငွေအင်အားနဲ့ အနိုင်ယူခဲ့ပါတယ်။ ကျောင်းဆရာအရေးယူ မခံရပဲအလုပ်ထုတ်ခံရ တာလောက်နဲ့ ပြီးသွားခဲ့ပါတယ်။

ကျွန်မတို့ မိန်းမသားတွေ ယုံလွယ်မိရင် ဒုက္ခကိုကိုယ်တိုင်ရင်စီးခံ ကြရမယ်ဆိုတာမို့ သတိရှိကြဖို့လိုပါတယ်။ အပြောကောင်းရုပ်ချောတဲ့ ကျောင်းဆရာကို ယုံလို့ပုံအပ်ခဲ့တဲ့ ရပ်လဒ်က လက်မထပ်ပဲကလေးမွေးရတဲ့ ဘ၀ကိုရောက်ခဲ့ပါတယ်။ ကျောင်းဆရာမဘက်ကနေပြီး တနယ်လုံးကမကျေနပ်ကြပါဘူး။ အမှိုက်ဖွမဲ့သူ မရှိလေတော့ အဓိကရုဏ်းလည်း မဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းကအင်တာနက်တွေ ခေတ်မစားသေး တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်း မကျေနပ်ဖြစ်ကြမယ်ဆိုရင် ကျောင်းဆရာမိသားစုနဲ့ တရားရုံးကိုပါ မကျေနပ်ဖြစ်ရပါ။ ငွေပေးရင်တရားနိုင်တဲ့ ဥပဒေစနစ်ကြောင့် မြန်မာအမျိုးကောင်းသမီးတွေကို သူတစ်ပါးစော်ကားခွင့် ရနေတယ်လို့ သုံးသပ်ရမှာပါ။ စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာရှိနေရင် ဒီလိုစော်ကားရဲ ကြမှာမဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။

အမှုပြီးသွားတဲ့နောက်ပိုင်း ကျောင်းဆရာ အိမ်ထောင်ကျသွားတယ်လို့ သိရပါတယ်။ သားသမီးချင်း ကိုယ်ချင်းမစာနာတဲ့ ကျောင်းဆရာ မိသားစုကို တနယ်လုံးက အရိုသေတန် သွားကြပါတယ်။ ယဉ်ကျေးသော အသိုင်းအ၀ိုင်းကပေးတဲ့ လူမှုရေးအပြစ်ဒါဏ်ကို သူတို့ထိုက်ထိုက် တန်တန် ရလိုက်ပါတယ်။ ကျွန်မတို့နယ်မှာ မိုးရာသီရောက်ရင် တရွာနဲ့တရွာဘောလုံးပြိုင်ပွဲတွေ ရှိပါတယ်။ ဘောလုံးပြိုင်ပွဲတစ်ခုမှာ အမှုဖြစ်ခဲ့တဲ့ ကျောင်းဆရာလူထွက် ပါဝင်ကစား ခဲ့ပါတယ်။ ပြိုင်ပွဲမှာကစားရင်း ကျောင်းဆရာမရဲ့ တပည့်ဟောင်းတွေက ချက်ကောင်း ကိုစောင့်ပြီး ကျောင်းဆရာလူထွက်ရဲ့ခြေထောက်ကို ကန်ချိုးလိုက်ကြပါတယ်။ အမြင်ကပ်လို့ တမင်ရိုက်ချိုးမှန်းသိလို့ ခြေထောက်ကျိုး သွားတာကို သူတို့ဖာသာ ဆေးကုလိုက်ကြပါတယ်။ ကျွန်မအပါအ၀င် တနယ်လုံးကကောင်းတယ်လို့ ကောင်းချီးထောပနာ ပြုကြပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျောင်းဆရာမဖက်ကနေ ကျွန်မနာကျင်ခဲ့ပါတယ်။ နှမချင်းမစာနာတဲ့ ကျောင်းဆရာကိုလည်း ရွံမုန်းမိခဲ့ပါတယ်။ မွတ်စလင်ဘာသာဝင်တွေကို မုန်းတီးတဲ့အထိတော့ ခံစားချက်မပြင်းထန်ပါဘူး။ အဲဒီလောက်ထိ မဖြစ်သင့်ဘူးလို့လည်း ထင်ပါတယ်။

ဒီအဖြစ်မှန်ကိုရေးရတဲ့ အဓိကအကြောင်းရင်းက ငွေများတရားနိုင်တဲ့ မြန်မာပြည် တရားစီရင်ရေးစနစ်ကို မြင်သာစေချင်လို့ ဖြစ်ပါတယ်။ ငွေပေးရင်ရတယ်ဆိုတော့ လူတွေက ဥပဒေကိုလေးစားလိုက်နာစရာလို့ မထင်မှတ်တော့ပါ။ လူ့ကျင့်ဝတ် စည်းကမ်းတွေကိုလိုက်နာတဲ့ အကျင့်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ကြတယ်။ ငွေရှိရင် အာဏာရှိရင် ဘာမဆိုဖြစ်တယ်လို့ ခံယူလာကြပြီး၊ ကိုယ်ချင်းစာတရားတွေ ကင်းမဲ့လာကြတယ်။ စာနာစိတ် မေတ္တာစိတ်တွေ ခေါင်းပါးလာတာနဲ့အမျှ အမုန်းတရားတွေကို အလွယ်တကူ လက်ခံလာကြတယ်။ အမုန်းပွားအောင် အမှိုက်ဖွတဲ့သူက ဖွတယ်။ မုန်းကြတယ်။ ရန်ပွဲတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာကြတယ်။ ဒီလိုပဲမုန်းနေကြတော့ မှာလား။
အစဉ်အလာအရယဉ်ကျေးခဲ့ကြတဲ့ မြန်မာတွေရဲ့ နှလုံးသားမှာ အမုန်းဓာတ်ခံ အားကောင်းအောင် မြေဆီကျွေး ရေလောင်းနေကြတာတွေကို ရပ်တန့်စေချင်ပါတယ်။ အမျိုးဘာသာကို ချစ်လွန်းလို့ပါဆိုသူတွေ ဆိုင်ရာဘာသာတရား အဆုံးအမကို တကယ်လိုက်နာ ကြသလားဆိုတာ ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။ ကျွန်မတို့ ရွာမှာတော့ ခုချိန်ထိအဓိကရုဏ်းတွေ မဖြစ်သေးလို့ တော်ပါသေးတယ်။ မြို့တိုင်းရွာတိုင်းမှာအဓိကရုဏ်းတွေ ကင်းရှင်းပါစေ။ ရန်လိုမုန်းတီးမှုတွေ ကင်းရှင်းကြပါစေ။

စံပယ်ဖြူ
၁၆၊၀၆၊၂၀၁၃။

မှတ်ချက်။  ။ မနှစ်က လားရှိုးမှာ အဓိကရုဏ်း ဖြစ်ပြီး၊ မလေးရှားမှာ ပြဿနာဖြစ်တုန်းက ရေးခဲ့တဲ့စာဖြစ်ပါတယ်။ မန္တလေးမှာထပ်ဖြစ်လို့ စိတ်ပူနေတုန်း မလေးရှားမှာ ကိုတိုနီနဲ့ ဦးရန်ပိုင်တို့ အသတ်ခံလိုက်လိုက်ရတာ သိရလို့ စိတ်နှလုံးကြေကွဲ ရပါတယ်။ သူတို့နှစ်ယောက်လုံးကို လူချင်းမရင်းနှီးပေမဲ့ စာပေဟောပြောပွဲတွေ တရားပွဲတွေမှာ အမြဲတွေ့နေကျမို့ စိတ်ထဲမှာ ရင်းနှီးနေပါတယ်။

ကျွန်မတို့ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်တယ် ဆိုရင် အကြောင်းအကျိုးတွေကို နှလုံးသွင်း ဆင်ခြင်နိုင်ရမှာပါ။ မေတ္တာလက်နက်နဲ့ လူမျိုးဘာသာမရွေး ရန်သူမိတ်ဆွေ အားလုံးအပေါ် မေတ္တာထားနိုင်ရမှာပါ။ တုန့်ပြန်လှည့်စားချေလိုတဲ့ အကြိတ်အခဲ တွေကို သီးခံခြင်း ခန္တီလက်နက်နဲ့ ခွင့်လွှတ်ကျေအေးနိင်မှသာ ရန်ပွဲတွေ လူသတ်ပွဲတွေ ငြိမ်းသွားမှာပါ။ ဗုဒ္ဓသာသနာကို တကယ်ချစ်မြတ် နိုးတယ်ဆိုရင် မြတ်စွာဘုရားဆုံးမတဲ့အတိုင်း ကြိုးစားနေထိုင်သင့်ပါတယ်။ မသေခင် အချန်တိုလေးမှာ လူတွေအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင် ပါရစေလို့  ရွှေပြည်အေးတရား ဟောလိုက်မိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စံပယ်ဖြူ – ကျွန်မတို့ရွာကို သက်သေတည်
  1. ဟုတ်ပါတယ်… အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာတရားဥပဒေစိုးမိုးမှုလုံးဝမရှိပါဘူး။ တရားဥပဒေစိုးမိုးမှုသာရှိနေရင်၊ ဘယ်သူမှအခုလိုလုပ်ရပ်မျိုး လုပ်လို့မရနိုင်ပါဘူး။ အခုဟာက အနာတခြား၊ ဆေးတခြားဆိုသလိုဖြစ်နေပြီလို့ထင်ပါတယ်။ သူတို့တစ်တွေကပြည်တွင်းမှာလိုရင်လိုသလို၊ မလိုရင်မလိုသလို လုပ်နေတာ… အကျိုးဆက်အနေနဲ့ ပြည်ပက(အထူးသဖြင့် မလေးရှားက) ရွှေတွေ ကျောကော့အောင်ခံကြရတာ….

    ထူးထူး

Comments are closed.