SaLai Shwe Lin ရသဆောင်းပါးစုံ

ဆလိုင်းရွှေလင်း – သြစတြေးလျရဟန်းတော် အက်စ်ဓမ္မိကကို ဖူးမြော်ခဲ့ခြင်းနှင့် GQGA စီမံကိန်း

သြစတြေးလျရဟန်းတော် အက်စ်ဓမ္မိကကို ဖူးမြော်ခဲ့ခြင်းနှင့် GQGA စီမံကိန်း
ဆလိုင်းရွှေလင်း
ဇူလိုင် ၁၀၊ ၂၀၁၄
 

၂၀၀၀ – ပြည့်နှစ်ကာလများ၌ စာရေးသူသည် စကာင်္ပူ၌ ရောက်ရှိကာ အလုပ်လုပ်နေသည်။ တစ်ခုသော ပိတ်ရက်တွင် တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိဖူးမြော်ရာ အခမဲ့ပေးလှူထားသော အင်္ဂလိပ်လိုရေးသားထားသည့် စာအုပ်တစ်အုပ်ကို အလှူခံယူဆောင်လာခဲ့၏။ စာအုပ်စင်တန်း၌ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်မျိုးစုံကို တင်ထားသည်။ Free Distribution ဟုစာရေးထားရာ ဖတ်ချင်တာ ယူသွားလို့ရသည်။

ထိုစာအုပ်ကို ဖတ်ကြည့်ရာ ရိုးရှင်းသောအင်္ဂလိပ်စာ အရေးအသားဖြစ်ကြောင်း၊ လေးနက်သော ဗုဒ္ဓဓမ္မဆိုင်ရာ မေးခွန်းများနှင့် အဖြေများဖြစ်ကြောင်း တွေ့ရ၏။ အလွန်သဘောကျသွားပါသည်။ အမည်က Good Question, Good Answer . ရေးသူက သြစတြေးလျရဟန်းတော် အရှင် ဓမ္မိက။

စာရေးသူသည် ၂၀၁၂, ၂၀၁၃ နှစ်များတွင် စကာင်္ပူ၌ ဒုတိယအကြိမ် ရောက်ရှိနေထိုင်ရပြန်သည်။ ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များ၊ လုပ်ဆောင်ချက်များကို စကာင်္ပူမှ တဆင့် နိုင်ငံတကာသို့ အသိပေးခွင့် ကြုံခဲ့သည်။ အပြုသဘောဖြင့် ဝေဖန်သုံးသပ်ပေးသူများ၊ လူအား, ငွေအား, အကြံဥာဏ်အား ထိုအား ၃ ခု ဖြင့် ပံ့ပိုးအားပေးသူများကြောင့် သာဓုခေါ်ဝမ်းမြောက်ရသည်။ ထိုသို့  အားပေးသူများအနက် အောက်စ်ဖို့ဓမ္မ၀ိဟာရကျောင်းတိုက်မှ အရှင်ဝါယမိန္ဒ (သီပေါ) လည်း အပါအ၀င်ဖြစ်သည်။ စာရေးသူတို့နေ ထိုင်ရာ Bedok အနီးရှိ ပလလဲ (ထိုင်း) ကျောင်းသို့ သွားရောက်ဖူးမြော်ရာ Good Question, Good Answer မြန်မာပြန်ကို စင်ပေါ်သို့ပေး လှူထားကြောင်း တွေ့ရပြန်သည်။ ထိုစာအုပ်ငယ်၏ နောက်ပိုင်း၌ ထိုစာအုပ်အလှူခံ ရရှိနိုင်သော လိပ်စာများကို ဖော်ပြထားရာ၊ အောက်စ်ဖို့ ဓမ္မ၀ိဟာရကျောင်းလဲ ပါဝင်သည်။ ထိုကျောင်းသို့ ဖုန်းဆက်ရာ ရဟန်းတော် အရှင်ဓမ္မိကလည်း စကာင်္ပူနှင့် သြစတြေးလျတို့တွင် တလှည့်စီ သီတင်းသုံး နေထိုင်ကြောင်းသိရပါသည်။ ထိုသို့ ဖုန်းဆက်ရာမှ အစပြု၍ အရှင်ဝါယမိန္ဒတို့နှင့် သိကျွမ်းရင်းနှီးခဲ့ရခြင်းဖြစ်သည်။

ထိုစာအုပ်ကို စာရေးသူလိုပင် အထူးနှစ်သက်သူတို့က ပြန်ဆိုထုတ်ဝေခဲ့ကြရာ၊ ဘာသာပေါင်း ၃၅ ဘာသာသို့ပင် ပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်သည်။ မြန်မာပြန်သူ ၅ ဦးက ၅-အုပ်ပင် ပြန်ဆိုခဲ့ပြီးပြီဟု သိရပေသည်။

၂၀၁၄ ဧပြီလ ၁၉- တွင် (၁) စာရေးသူ (၂) စာရေးသူ၏ဇနီး ဒေါ်တင်တင်ဝင်း (၃) သမီးကြီး ဆုမွန်ရွှေလင်း (၄) ဓမ္မမိတ်ဆွေ ကိုမျိုးသန့် (၅) ဗုဒ္ဓဓမ္မမန္တလအဖွဲ့ ဥက္ကဌ မစ္စတာ ရေမွန်တန် (၆) ဓမ္မမိတ်ဆွေ မသီသီခိုင် စုစုပေါင်း ၆ ဦးသည် ဆရာတော် အက်စ်ဓမ္မိကထံသို့ ရောက်ရှိဖူးမြော်ခဲ့ကြသည်။ စာရေးသူက လွန်ခဲ့သော ၁၀ နှစ်ကပင် Good Question, Good Answer စာအုပ်ကို သဘောကျကြောင်း လျှောက်ထားရာ၊ ဘာကြောင့် ဘယ်ဟာကို သဘောကျသနည်းဟု အသေအချာပြန်မေးနေသည်။ စာရေးသူ သဘောကျသောစာပိုဒ်ကို စာမျက်နှာ လှန်ပြခဲ့ရ၏။ အင်္ဂလိပ်လို ပြောနိုင်သလောက်လဲ ပြောဆိုလျှောက်ထားခဲ့ရ၏။ ဆရာတော်က ချင်းတောင်သာသနာကို အတော်စိတ်ဝင်စား၏။

ထိုစာအုပ်နှင့် ပတ်သက်၍ The GQGA Project ဟူ၍ရှိကြောင်း၊ GQGA ဆိုသည်မှာ Good Question, Good Answer ကို အတိုကောက်ဆိုလိုကြောင်း သိရပါသည်။  ၂၅ နှစ်မြောက်၊ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ထိုစာအုပ်ထုတ်ဝေခဲ့ရာ၊ ဆရာတော်အရှင်ဓမ္မိက ကိုယ်တိုင်က ထိုစာအုပ် ၁၀ အုပ်ကို စာရေးသူအား ၂၀၁၄ ဧပြီလလယ်ပိုင်းတွင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထိုစာအုပ်တွင် The GQGA Project အကြောင်းပါရှိရာ၊ စာရေးသူ ဘာသာပြန်ပေးလိုက်ပါသည်။

● ဂျီကျူဂျီအေ စီမံကိန်း၊ GQGA သမိုင်းကြောင်း
၁၉၈၇ သြဂုတ်လတွင် စကာင်္ပူအမျိုးသားတက္ကသိုလ် NUS ၏ ဗုဒ္ဓဘာသာအသင်းမှ ကျောင်းသားတစ်စုသည် ပြဿနာတစ်ခုနှင့်အတူ ရဟန်းတော် အရှင်ဓမ္မိကထံ ရောက်ရှိလာခဲ့သည်။သူတို့က အရှင်မြတ်အား လျှောက်ထားကြသည်။ အသင်းဝင် ကျောင်းသားများက သူတို့အား မေးခွန်းများ မေးမြန်းခဲ့ကြရာ၊ ကျေနပ်လောက်ဖွယ် အဖြေများကို မပေးနိုင်ခဲ့သည်မှာ အခါများစွာ ဖြစ်နေကြောင်း လျှောက်ထားခြင်းဖြစ်၏။အရှင်မြတ်က ကျောင်းသာားများ ဖြေရှင်းရခက်ခဲသော မေးခွန်းများအနက် အချို့သော သာဓက မေးခွန်းများကို ပြောပြစေခဲ့သည်။ ရိုးစင်းသောမေးခွန်းများကိုပင် မဖြေဆိုနိုင်ခြင်းသည် ဓမ္မအသိနှင့် ယုံကြည်မှုဆိုင်ရာတွင် ချို့တဲ့မှုပင် ဖြစ်သည်။ ငယ်ရွယ်သူ၊ ထက်မြက်သူ တက္ကသိုလ်ကျောင်းသား ဗုဒ္ဓဘာသာဝင် များ၏ ထိုအခြေအနေသည် စိတ်ပျက်ဖွယ် ဖြစ်နေ၏။

အရှင်မြတ်သည် ကျောင်းသားများ ကြုံတွေ့နေရသော ပြဿနာမေးခွန်းများအားလုံးကို မှတ်သားထားလေသည်။ အရှင်မြတ်ကို အခြားသူ တို့က မကြာခဏမေးမြန်းလေ့ ရှိသော မေးခွန်းများကို ပါ ထည့်သွင်းသည်။ ထို့နောက် မေးခွန်းများကို ဖြေကြားရေးသားလေ တော့သည်။ နောက်နေ့တွင် Good Question, Good Answer စာအုပ်ကို ရေးသားပြီးစီးလေတော့သည်။

လပိုင်းမျှ အကြာတွင် ပထမအကြိမ် တည်းဖြတ်ထုတ်ဝေသော ထိုစာအုပ်ကို ပုံနှိပ်ပြီးစီးကာ၊ ချက်ချင်းပင် လူသိများ ထင်ရှားလာလေတော့သည်။ ပထမအကြိမ် ဖြန့်ဝေခြင်းမပြုမီ ကာလ၌ပင် လူပုဂ္ဂိုလ် ၂ ဦးသည် ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်ရန် ကမ်းလှမ်းလာကြသည်။ တစ်နှစ်တာကာလ၌ပင် မလေးရှားဘာသာ၊ တရုတ်ဘာသာတို့ဖြင့် ဘာသာပြန် စာအုပ်များကို အကြိမ်များစွာ ပြန်လည် ပုံနှိပ်ခဲ့ရပေသည်။ မူရင်းအင်္ဂလိပ် ဘာသာဖြင့်ကား အကြိမ် ၂၃၀ ထက်မနည်း ပုံနှိပ်ထုတ်ဝေခဲ့ရပေသည်။ ဘာသာစကား ၃၀ ထက်မနည်း ပြန်ဆို ထုတ်ဝေခဲ့ရလေပြီ။

အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ အခြားသော ဘာသာဖြင့်ဖြစ်စေ ပုံနှိပ်ထုတ်ဝေခဲ့ရသော အုပ်ရေအတိအကျကိုမူ မသိနိုင်ပေ။ အကြောင်းမှာ အရှင်မြတ်ကို အသိပေးခြင်းမပြုပဲ တစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ မကြာခဏ ပုံနှိပ်ဖြန့်ဝေခြင်းများရှိနေ၍ ဖြစ်ပါသည်။ သို့ရာတွင် အုပ်ရေ သန်းဂဏန်းထက်ဝက် (အုပ်ရေ ငါးသိန်း) ထိ ပုံနှိုပ်ခဲ့သည်ကိုမူ အလွယ်တကူ သိနိုင်ပါသည်။

နှစ်အတန်ကြာသောအခါ အရှင်မြတ် ဓမ္မိကသည် မေးခွန်းနှင့် အဖြေအချို့ကို ထပ်မံ ထည့်သွင်းခဲ့၏။ စာဖတ်သူများထံမှ မေးမြန်းချက်၊ ဖြေကြားချက်များ ရခဲ့သောကြောင့် ဖြစ်သည်။ ယခု သင့်လက်ထဲ၌ ရောက်နေသောစာအုပ်မှာ နောက်ဆုံးနှင့် အပြည့်စုံဆုံး ဖြစ်ပေသည်။
ဘာကြောင့် အလွန် ကျော်ကြားရသလဲ

GAGA သည် ဘာကြောင့် အလွန်ကျော်ကြားခဲ့ရသည် ထင်ပါသလဲဟု အရှင် ဓမ္မိက သည် မကြာသေးမီက အမေးခံခဲ့ရသည်။ အရှင်မြတ်က ဤသို့ ဖြေ၏။ “ ပထမအချက်ကတော့ စာအုပ်က သိပ်မထူလွန်းတာကြောင့်ပါ။ ဒုတိယအချက်ကတော့ ဘာသာရေးဆိုင်ရာ ဝေါဟာရတွေ ( ပါဠိ သို့မဟုတ် သင်္သကရိုက် ) အနည်းအကျဉ်းပဲ သုံးနှုံးထားတာကြောင့်ပါ။ ဒီဝေါဟာရတွေက အချို့လူတွေကို ထိတ်လန့်ကြောက်ရွံ့စရာ ဖြစ်စေခဲ့ပါတယ်။ အခြားအကြောင်းပြချက်တစ်ခုကတော့ ဗုဒ္ဓဓမ္မကို စတင်လေ့လာသူတွေအတွက်ပဲ ရည်ရွယ်ပြီး ရေးသားခဲ့လို့ပါ။ ဗုဒ္ဓဓမ္မကို စတင်စိတ်ဝင်စားသူများစွာ ရှိနေတာကို သိနေခဲ့လို့ပါ။ နောက်တစ်ခုက စာအုပ်ရဲ့ ပုံသဏ္ဌာန်နဲ့ အရွယ်အစားက ဆွဲဆောင်မှုရှိတယ်၊ ဖတ်လို့လွယ်တယ်လို့ ထင်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဗုဒ္ဓ၀ါဒနဲ့ပတ်သက်လို့ လူတွေ မကြာခဏ မေးတတ်ကြတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်က ဖြေရှင်းပေးထားခြင်းကြောင့်လို့ ထင်ပါတယ်။ ကြွားဝါချင်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျူပ်ဖြေတဲ့အခါမှာ ရှင်းရှင်းလင်းလင်း ရှိတယ်၊ လိုရင်းရောက်တယ်၊ ခိုင်ခိုင်မာမာ ရှိတယ်၊ ဒါတွေကြောင့်လဲ အလွန်ထင်ရှားကျော်ကြားရခြင်းဖြစ်တယ်လို့ ထင်ပါတယ်။

● GQGA စီမံချက်
၁၉၈၇ ခုနှစ်တွင် စတင်ခဲ့သော GQGA သည် ၂၀၁၇ ခုနှစ်တွင် အနှစ် ၃၀ မြောက် ဖြစ်ပေလိမ့်မည်။ ထိုအထိမ်းအမှတ် အဖြစ် အရှင် ဓမ္မိက နှင့် ဗုဒ္ဓဓမ္မမန္တလအဖွဲ့တို့သည် GQGA စီမံချက်ကို ချမှတ်ခဲ့သည်။ ထို စီမံချက်တွင် ရည်ရွယ်ချက် ၂ ခု ရှိသည်။

(၁) Good Question, Good Answer စာအုပ်ကို ခါတိုင်းထက် အုပ်ရေ ပိုမိုများပြားစွာ ပုံနှိပ်ရန်နှင့် ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စွာ ဖြန့်ဝေ လှူဒါန်းရန်
(၂) ၂၀၁၇ တွင် ဘာသာစာပေ ၅၀ ထိ ပြန်ဆိုထုတ်ဝေပြီးစီးရန်

● စီမံချက်အတွက် သင်ဘယ်လို ပါဝင်နိုင်သလဲ
စီမံချက်အတွက် အဖိုးတန်ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် သင်ပါဝင် ကူညီနိုင်သော နည်းလမ်းပေါင်း များစွာ ရှိပါသည်။

ကျွန်ုပ်တို့နှင့် လက်ပွန်းတတီး ဆက်သွယ်စေလိုပါသည်။ GQGA နှင့် ပတ်သက်၍ သင် ထင်မြင်ယူဆချက်ကို ကျွန်ုပ်တို့အား အသိပေးစေလိုပါသည်။ GQGA စာအုပ် သင်တွေ့သောနေရာကို ပြောပြပါ။ တိုးတက်ပြန့်ပွားစေနိုင်မည့် သင်၏အကြံဥာဏ်ကို ပေးပါ။ GQGA စာအုပ်ကြောင့် အကျိုးကျေးဇူး ရှိနိုင်ရာသော ဗုဒ္ဓဘာသာ အသင်းအဖွဲ့လိပ်စာကို ကျွန်ုပ်တို့ထံ ပေးပို့စေလိုပါသည်။

သင့်ထံမှ ကြားနာရသမျှ ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ ထိုကြားနာရမှုများက ကျွန်ုပ်တို့ကို ရဲ့ရင့်စေပြီး၊ ခံစားမှုဖြင့် အသက်ဝင်စေမည် ဖြစ်သည်။

GQGA ကို ဘာသာပြန်ပေးကြစေလိုပါသည်။ ဘာသာစာပေမျိုးစုံဖြင့် GQGA စာအုပ်များ ပိုမိုထွက်ရှိခြင်းသည် အများပြည်သူတို့ထံ ဓမ္မကို ပိုမိုဖြန့်ဖြူးခြင်းပင် ဖြစ်ပါသည်။ ဘာသာပြန်စာမူများကို စာအုပ်ပုံစံဖြင့် ပုံနှိပ်ထုတ်လုပ်ခြင်းမပြုရလျှင် အွန်လိုင်း၌ လွှင့်တင်ဖြန့်ဖြူးနိုင်ပါသည်။ ဂျာနယ် သို့မဟုတ် မဂ္ဂဇင်းများ၌လည်း ဆောင်းပါးများအသွင်ဖြင့် ဖော်ပြနိုင်ပါသည်။

လှူဒါန်းမှုကိုလည်း ပြုကြစေလိုပါသည်။ သင်၏လှူဒါန်းမှုအားလုံးကို ဓမ္မထွန်းကားပြန့်ပွားရေး ကိစ္စများ၌သာ အသုံးပြုသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တွင် လုပ်ငန်း၏ နေ့စဉ်အုပ်ချုပ်မှု နှင့် ထိန်းသိမ်းစရိတ်များ လုံးဝမရှိသောကြောင့် ဖြစ်သည်။ GQGA ကို ထပ်မံပုံနှိပ်ခြင်း သို့မဟုတ် ကမ္ဘာအရပ်ရပ်သို့ ထိုစာအုပ်တင်ပို့ခြင်းအတွက် လှူဒါန်းငွေကို သုံးသွားမည်ဖြစ်သည်။ ကွယ်လွန်သူတစ်ဦးဦးကို ရည်စူး၍ ထိုသူ၏အမည်ဖြင့် ထပ်မံပုံနှိပ်လှူဒါန်းခြင်းကို သင်ပြုနိုင်ပါသည်။ စာအုပ်၏နောက်ပိုင်းရှိ အလှူရှင်စာရင်းတွင် (အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ သို့မဟုတ် ထိုပမာဏနှင့် ညီမျှသောငွေ လှူဒါန်းလျှင်) လှူဒါန်းသူ၏ အမည်ကို ဖော်ပြပေးပါသည်။

GQGA စာအုပ်ကို ဖြန့်ဝေပေးကြစေလိုပါသည်။ (ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဝေနိုင်ပါသည်။) တက္ကစီကားသမားတစ်ဦးက သူသည် ကား၏နောက်ဖက်၌ GQGA စာအုပ်တစ်အုပ်ကို အမြဲတစေ ထားရှိကြောင်း၊ ခရီးသွားများသည် ထိုစာအုပ်ကို မကြာခဏမြည်းကြည့် တတ်ကြောင်း၊ ယူဆောင်သွားသူ လည်းရှိကြောင်း ပြောပြသည်။ သြစတေးလျ နိုင်ငံတွင် ဟော်တယ်မန်နေဂျာတစ်ယောက်သည် အခန်းတိုင်း၌ GQGA စာအုပ်တစ်အုပ်စီ ထားရှိပေးသည်။ အခြားသော ဓမ္မမိတ်ဆွေတစ်ဦးသည် နိုင်ငံရပ်ခြားသို့ ခရီးသွားလာသောအခါတိုင်း GQGA စာအုပ်တစ်ချို့ကို အစဉ်အမြဲ ယူဆောင်သွားပြီးလျှင် သူနှင့် တွေ့ဆုံသူတို့အား ပေးဝေလေ့ ရှိသည်။လွန်ခဲ့သော နှစ်များစွာက အရှင် ဓမ္မိကသည် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးထံမှ စာတစ်စောင် ရရှိခဲ့ရာ၊ သူမ ရရှိခဲ့သော ထိုစာအုပ်ကို ပို၍ ပို၍ နှစ်သက်သဘောကျလာကြောင်း ဖော်ပြထား၏။

GQGA စာအုပ် တွင်ကျယ်ခြင်းသည် ပိုမိုပျံ့နှံ့ခြင်းပင် ဖြစ်သည်။ ထိုပျံ့နှံ့မှုတစုံတရာသည် ဓမ္မထွန်းကားရေးအတွက် လူတိုင်း ပါဝင်ခွင့်ရစေသည်။ အင်တာနက် ၀က်ဘ်ဆိုက်များ၌ GQGA စာအုပ်ကို လွှင့်တင်ကြစေလိုပါသည်။ သင်၏ blog တွင် GQGA ၀က်ဘ်ဆိုက်ကို link ချိတ်ပေးစေလိုပါသည်။ သင်၏သူငယ်ချင်းများကို အသိပေးဖော်ပြပါလော့။ သင်၏ ဗုဒ္ဓဘာသာအဖွဲ့အစည်းရှိ Notice Board တွင် GQGA ကိုအသိပေးဖော်ပြပါလော့။ သင်၏ အစုအဖွဲ့သတင်းလွှာများတွင်လဲ ဖော်ပြပါလော့။

GQGA ၀က်ဘ်ဆိုက်မှာ www.goodquestiongoodanswer.net ဖြစ်၏။ အီးမေးလ် info@bdms.org.sg သို့လဲ ဆက်သွယ်နိုင်ပါသည်။ စာပေးပို့လိုသူများ The Buddha Dhamma Mandala Society, 567A Balestier Rd, Singapore 329884 သို့ပေးပို့နိုင်ပါသည်။

စာရေးသူတို့ ချင်းဗုဒ္ဓသာသနပါလကအဖွဲ့က စီစဉ်၍ GQGA စာအုပ်ကို ချိုးချင်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် အုပ်ရေ ၃၀၀၀ ထုတ်ဝေဒါနပြုရန် စီစဉ်နေပါ၏။ ဆရာတော် အက်စ်ဓမ္မိက၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်ကိုလည်း စာရေးသူ ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။

● ရဟန်းတော် အက်စ်ဓမ္မိက
အရှင်မြတ် Shravasti ဓမ္မိကကို သြစတြေးလျနိုင်ငံ၌ ၁၉၅၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက် ၁၈ နှစ်တွင် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရဟန်းမြတ်ဖြစ်လာရန် ရည်မှန်းချက်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ထို့နောက် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် နောက်ဆုံးတွင် အိန္ဒိယနိုင်ငံသို့လည်း ရောက်ရှိခဲ့သည်။ ထိုမှ နောက် ၃ နှစ်အကြာတွင် သူသည် အိန္ဒိယနိုင်ငံတ၀ှမ်းသို့ လှည့်လည်ခဲ့ကာ ယောဂကျင့်စဉ်နှင့် သမထကျင့်စဉ်များကို လေ့လာဆည်းပူးခဲ့သည်။ အိန္ဒိယနိုင်ငံ၌ပင် အနာဂါရိက ဓမ္မပါလ၏ နောက်ဆုံးတပည့်ဖြစ်သူ ရဟန်းတော် Matiwella Sangharatna ထံ၌ ရဟန်းဝတ်ခဲ့သည်။

အရှင်သည် ၁၉၇၆ တွင် သီရိလကာင်္နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ထိုနိုင်ငံ၌ Sri Lanka Vidyalaya တွင် ပါဠိစာပေများကို လေ့လာခဲ့သည်။ ထို့နောက် ကန္ဒီရှိ Nilambe Meditation Centre ကိုတွဲဖက်တည်ထောက်သူနှင့် ကမ္မဌာန်းဆရာ ဖြစ်ခဲ့သည်။ ထိုကာလမှစ၍ အရှင်မြတ်သည် သီရိလကာင်္နှင့် စကာင်္ပူနိုင်ငံများတွင် သူ၏ အချိန်အများစုကို ကုန်လွန်စေခဲ့သည်။

အရှင် S. ဓမ္မိကသည် ဗုဒ္ဓဓမ္မဆိုင်ရာ ဆောင်းပါးများနှင့် စာအုပ် ၂၅ အုပ်ကျော် ရေးသားပြုစုခဲ့သည်။ အရှင်မြတ်၏ အအောင်မြင် အကျော်ကြားဆုံးသော စာအုပ်မှာ Good Question, Good Answer ဟူသောစာအုပ် ဖြစ်၍ ဘာသာပေါင်း ၃၅ ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသော ဥရောပ ဗုဒ္ဓဘာသာ ထောင်စုနှစ် ညီလာခံ ( The European Buddhist Millennium Conference ) ကြီးသို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ အများပြည်သူတို့အား ဟောပြောပို့ချချက်များကြောင့် အရှင်မြတ်မှာ အထူးပင် ထင်ရှားလှပါသည်။ ဗုဒ္ဓဓမ္မဆိုင်ရာ တွေးခေါ်ယူဆမှုများနှင့် ကမ္မဌာန်းအားထုတ်ခြင်းများအပြင် အရှင်မြတ်သည် ဗုဒ္ဓဓမ္မဆိုင်ရာ သမိုင်းဝင်ဘုရားဖူးလေ့လာရေး ခရီးစဉ်များနှင့် ဗုဒ္ဓသာသနပထ၀ီဆိုင်ရာ အချက်အလက်များကိုလည်း နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားမှုရှိပေသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံဒေသအနှံ့အပြားနှင့် အခြားသော ဗုဒ္ဓသာသန့ာ သမိုင်းဝင် နေရာများသို့ လှည့်လည်သွားလာခဲ့ပေသည်။ အရှင်မြတ်၏ အခြားသော စိတ်ဝင်စားမှုများတွင် အိန္ဒိယသမိုင်း၊ အိန္ဒိယအနှပညာ နှင့် အိန္ဒိယရှိ ရုက္ခဗေဒတို့ ပါဝင်သည်။

အရှင် အက်စ်ဓမ္မိက သည် ယခုအခါ စကာင်္ပူနိုင်ငံရှိ ဗုဒ္ဓဓမ္မမန္တလအဖွဲ့ ( The Buddha Dhamma Mandala Society ) ၌ သာသနာပြု ဆရာတော်အဖြစ် သာသနာ့ဝန်ကို ထမ်းဆောင်နေပါသည်။

ဆလိုင်းရွှေလင်း
၃-၇-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts