Cartoon Box သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ကာတွန်းဘောက်စ်၏ နောက်ဆုံးနေ့များ

 

ကာတွန်းဘောက်စ်၏ နောက်ဆုံးနေ့များ
မောင်ရစ်၊ ဇူလိုင်၊ ၁၀၊ ၂၀၁၄

တလောက မိုးမခစာအုပ်စင်မှာ အာရ်အိုင်တီကာတွန်းများဆိုတဲ့စာအုပ်ကို ညွှန်းထားတာတွေ့တယ်။  ၁၉၆၀ ခုနှစ်နှောင်းပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်စင်ဝင်အောက်က တယ်လီဖုန်းရုံအဟောင်းလေးဟာ အပျော်တန်းကာတွန်းဆရာ ကျောင်းသားတွေရဲ့ နံရံကပ်စာစောင်လေးဖြစ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ကျောင်းတော်ကြီးရဲ့ ဂုဏ်ဆောင် အနုပညာမှတ်တိုင်မော်ကွန်းလေး ဖြစ်တဲ့အကြောင်းနဲ့ အဲသည်တုန်းက ကာတွန်းလက်ရာတွေ စုစည်း တင်ပြထားတာပါ။ အဲသည်မှာ ခေတ်အဆက်ဆက်က ကာတွန်းဆရာ ကျောင်းသားတွေ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြပုံတွေကို မှတ်တမ်းတင်ထားပါတယ်။ မပျောက်မပျက်သိမ်းဆည်းထားသင့်တဲ့ မှတ်တမ်းလေးပါပဲ။ ကာတွန်းဘောက်စ်မှတ်တိုင်ကို စာပေမော်ကွန်းထိုးလိုက်တာပဲလို့ ဆိုရပါမယ်။

ကာတွန်းဘောက်စ်မှာ ၁၉၈၅ – ၁၉၈၈ ကာလအတွင်း ကာတွန်းဆွဲခဲ့ဖူးသူတဦးအနေနဲ့လည်း သည်စာအုပ်လေးဟာ အမှတ်တရဖြစ်ရပါတယ်။ ၂၀၁၃ နိုဝင်ဘာမှာ ဆရာကိုသီဟလတ်နဲ့ ဆုံတော့ ကိုသီဟလတ်က လက်ဆောင်ပေးပါတယ်။ အဲသည်ထဲစာအုပ်ထဲက ကိုသီဟလတ်အမှာစာထဲမှာ ကာတွန်းဘောက်စ်နောက်ဆုံးမျိုးဆက်တွေထဲမှာ ရန်နိုင်၊ ဗလနဲ့အတူ မောင်ရစ်ကိုလည်း ထည့်ရေးထားတော့ ၀မ်းသာမိတယ် ဆိုရမှာပေါ့။

ကာတွန်းဘောက်စ်က မိတ်ဆွေတွေနဲ့လည်း ၂၀၁၃ နိုဝင်ဘာလထဲမှာ ဆုံတွေ့ခွင့်ရခဲ့ပါသေးတယ်။ ကိုသီလဟတ်၊ အဘညွန့်ဝင်း၊ ရန်နိုင်နဲ့ ဗလတို့တတွေနဲ့ စကားလက်ဆုံပြောဖြစ်ခဲ့ကြတယ်။ ကျောင်းတုန်းက ကာတွန်းဆရာတွေ ပန်းချီဆရာတွေဟာ အင်ဂျင်နီယာဘွဲ့တွေရပြီးတော့ ကာတွန်းတွေ မဆွဲကြတော့ဘူး။ အပျော်တမ်းတော့ ဆွဲမှာပေါ့လေ။ အတည်မဆွဲကြတော့တာ ပြောတာပါ။ ကိုသီလလတ်နဲ့ ရန်နိုင်က စာပေနဲ့ စာအုပ်လုပ်ငန်းရှင်၊ ဗလနဲ့ အဘညွန့်ဝင်းတို့ကတော့ အာခီတက်ကြီးတွေ ဖြစ်နေကြပြီ။ တောက်တိုမယ်ရ (TTMY) ဆိုလို့ မောင်ရစ်တကောင်ပဲ ပါတယ်။ အားငယ်လိုက်တာ။ (ဟဲဟဲ)။

၈၈အရေးတော်ပုံ နောက် ၁၉၉၁ တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်တော့ ကာတွန်းဘောက်စ် ပြန်ဖွင့်နိုင်ဖို့ နောက်ဆုံးမျိုးဆက်တွေ ပြန်ကြိုးစားခဲ့ကြပါသေးတယ်။ နိုင်ငံရေးနဲ့ ပညာရေးပိတ်ဆို့ထားတဲ့ကာလမှာမို့လို့ ကျောင်းအာဏာပိုင်တွေနဲ့ ကျောင်းဆရာတွေက မောင်ရစ်တို့ ကျောင်းသားဆိုးတွေကို အချိုသတ် အချိန်ဆွဲပြီး ကာတွန်းဘောက်စ်၊ ကျောင်းနှစ်လည်မဂ္ဂဇင်းနဲ့ စွယ်တော်ရိပ်နံရံကပ်စာစောင်တွေကို ပြန်မပေးခဲ့ကြပါဘူး။ ကာတွန်းဘောက်စ်ကြီးက building one အောက်ထပ်က အမျိုးသမီးအိမ်သာ လှေကားအောက်မှာပါ။ အစတုန်းကတော့ Building two ကနေ building three အသွားက လမ်းမြှောင်လေးမှာ ပစ်ထားတာ မှတ်မိတယ်။ ကာတွန်းဘောက်စ်ပြန်ရဖို့ ပါချုပ်နဲ့ တွေ့ရ၊ သူလွှဲထားတဲ့ ဆရာတွေနဲ့ တွေ့ရ၊ လိုအပ်ချက်များတွေ ပြင်ဆင်ဖြည့်ဆည်းရနဲ့ မပြီးဆုံးသော အချိန်ဆွဲဇာတ်ကြီးထဲ ကခဲ့ရပါသေးတယ်။ စာသင်နှစ် ၁နှစ်စာကို ၃၊၄ လနဲ့ အပြတ်သင်ပြီး အတန်းသာ အအောင်ပေးလိုက်မယ်၊ ကာတွန်းဘောက်စ်တော့ ပြန်မပေးဘူးနဲ့ တူပါရဲ့။ နောက်ဆုံးတော့ ၁၉၉၁ ဒီဇင်ဘာမှာ ကျောင်းသားအရေးအခင်းနဲ့ ဇာတ်သိမ်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတဲ့အချိန်မှာ ကျောင်းသားတွေက တက္ကသိုလ်တွေအားလုံးမှာ ဆန္ဒပြပြီး ဒီမိုကရေစီအရေး တောင်းဆိုပြီး စစ်အစိုးရကို ကန့်ကွက်ခဲ့ကြတယ်။ ကျောင်းတွေလည်းပိတ်၊ ကျောင်းသားတွေလည်း ဖမ်းဆီးခံရတာပေါ့။ အဲသည်ကတည်းက ကာတွန်းဘောက်ကြီး လက်စပျောက်သွားတာ ကျောင်းပြန်ဖွင့်တော့လည်း ပြန်မတွေ့တော့ဘူး။ သူ့ကိုလည်း ဘယ်လိုမျိုး လက်စတုံးလိုက်ကြတယ် မသိတော့ပါဘူး။

ဒါကတော့ ကာတွန်းဘောက်စ်ရဲ့ နောက်ဆုံးနေ့ကို မောင်ရစ်က ဖြည့်စွက်ရေးသားခြင်း ဖြစ်ပါတယ်။ အဲသည်တုန်းက (ရန်နိုင်လား ဗလလား မသိတော့ဘူး)ဆွဲပေးတဲ့ ကာတွန်းလေးကို သတိရမိတယ်။ ခရုလေးက တဖြေးဖြေးနဲ့ ခြံစည်းရိုးခြေရင်းကနေ တိုင်ထိပ်ကို တရွေ့ရွေ့တက်လာလိုက်တာ ထိပ်ကိုလည်း ရောက်လို့ ခရုလေးက ၀မ်းသာမယ်ရှိသေး၊ အဲသည်က ဥယျာဉ်မှူးကြီးက ‘တယ်ရှုပ်တဲ့ ခရု’ ဆိုပြီး ထိပ်ခေါက်ချလိုက်လို့ ဒလိန့်ကောက်ကွေး ကျသွားရှာပါလေရော။ အဲဒီကာတွန်းကို ကျောင်းဆရာတွေက ဆင်ဆာလုပ်ပါတယ်။ အင်း … ဟုတ်နေတော့လည်း နာကြတာပေါလေ။ ဒါနဲ့လည်း ကာတွန်းဘောက်စ်ကြီးလည်း ဒလိမ့်ကောက်ကွေးပေါ့။

ဒါပေမယ့် ၁၉၉၅ ခုနှစ် စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးမှာ နောင်မျိုးဆက်တွေက စာပေဟောပြောပွဲတွေ နှစ်လည်မဂ္ဂဇင်းတွေ ထုတ်ဖြစ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ မောင်ရစ်တို့တော့ မရှိတော့ဘူး။ ဂုဏ်ယူမိပါကြောင်း ခင်ဗျား။ ကိုအော်ပီကျယ်၊ ဂျူးနဲ့ တင်မောင်သန်းတို့ရဲ့ ဟောပြောပွဲဟာ ခုချိန်ထိ တသသ ပြောနေကြတုန်းပေါ့။ ဂျုးရဲ့ ကျမညံ့ခဲ့သမျှဟာ အဲသည်မှာ ပြောခဲ့တာ။

သည်လိုနဲ့ နှစ်ပေါင်းများစွာကြခဲ့တာ ကာတွန်းဘောက်စ်ဆိုတာ ကျနော့်ရင်ထဲမှာ မပျောက်မပျက် ရှိနေဆဲပါ။ ၁၉၈၈ ကနေ ၁၅ နှစ်  ကျော်ကြာတဲ့အခါ တခုသော ၂၀၀၄ ခုနှစ်မှာတော့ ကာတွန်းဘောက်စ်ကို ကဏ္ဍတခုအနေနဲ့ မိုးမခအွန်လိုင်းမှာ အလွမ်းပြေအမှတ်တရ ပြန်လည်အသက်သွင်းခဲ့ပါတယ်။ ကာတွန်းကဏ္ဍကို ကာတွန်းဘောက်စ်လို့ အမည်ပေး၊ ကာတွန်းတွေ အဲသည်မှာ ပြန်စုစည်းပြီး တင်ဆက်လို့ အွန်လိုင်းကာတွန်းဘောက်စ်တခု တည်ဆောက်နိုင်ခဲ့တယ် ဆိုကြပါစို့။ အာရ်အိုင်တီကျောင်းပရ၀ုဏ်ကနေ အပြင်လောကဓာတ်ထဲ ရွှေ့ပြောင်းထူထောင်ခဲ့ရတာမို့ ကာတွန်းဆရာတွေ၊ အပျော်တမ်းကာတွန်းဆရာတွေကလည်း နယ်စုံလူစုံရခဲ့တာပေါ့လေ။ မိုးမခဆီက ကာတွန်းဘောက်စ်အတုကတော့ ၁၀နှစ်ကြာ ပြန်လည် ရှင်သန်နေခဲ့ပါပြီလို့ ဆိုရပါမယ်။

အခုဆိုရင် ရန်ကုန်စက်မှုတက္ကသိုလ်ကြီးမှာ မူလလက်ဟောင်းကာတွန်းဘောက်စ် ပြန်လည် အသက်သွင်း ထူထောင်ဖို့ အချိန်ရောက်နေပါပြီ။ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးကလည်း မန္တလေး၊ ပြည်၊ သံလျင် စသည်ဖြင့် မြို့ရွာအသီးသီးအနှံ့ စက်မှုတက္ကသိုလ်ကျောင်းခွဲတွေ အများအပြား ရှိလို့နေပါပြီ။ အဲသည် ကျောင်းတွေအားလုံးမှာလည်း ကာတွန်းဘောက်စ်တွေ အများကြီး အသက်သွင်းဖို့ လိုအပ်နေပြီလို့ ယုံကြည်မိပါတယ်။ ကာတွန်းဘောက်စ်သာမက စွယ်တော်ရိပ်နံရံကပ်စာစောင်တွေ၊ နှစ်လည်ကျောင်းမဂ္ဂဇင်းတွေ အသီးသီး ဖူးပွင့်ကြဖို့ မျှော်လင့်မိပါတယ်။ ရန်ကုန်တက္ကသိုလ်က စခဲ့တဲ့ ‘ပန်းချီခန်း’၊ ယုဒဿန်နဲ့ စီးပွားရေးတက္ကသိုလ်မှာ လုပ်နေကြ ပန်းချီကာတွန်းပြပွဲတွေလည်း မြန်မာတပြည်လုံးက ကောလိပ် တက္ကသိုလ်အသီးသီးမှာ ၀တ်မှုံတွေ ထုံကူးလို့ မျိုးဆက်တို့ ဖြန့်ကျက်ကြဖို့ ပြင်ဆင်နေကြပြီလို့ ယုံကြည်မိပါတယ်။

ကျောင်းသားသမဂ္ဂ အလံတော်ကို အမြင့်မားဆုံး လွှင့်ထူကြလို့ ကြွေးကြော်နေကြချိန်မှာ ကာတွန်းဘောက်စ်ကြီးကိုလည်း ကျောင်းပရ၀ုဏ်တိုင်းမှာလည်း ၀ိုင်းဝန်းထူမတ် ကြပါဦးခင်ဗျား။ ကာတွန်းဘောက်စ်ဆိုတော့ နည်းနည်းတော့ လေးတယ်ဗျာ။ ပေါ့သေးသေးတော့ မဟုတ်ဘူး။ (ဟဲဟဲ)။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts