ကမ္ဘာ့ဖလား အတွေးများ
ဖိုးထက်၊ ဇူလိုင် ၇၊ ၂၀၁၄
ကမ္ဘာ့ဖလား ဘောလုံးပွဲရာသီရောက်လျှင် ကျွန်တော်တို့ အိပ်ရေး ပျက်ရသည်။ အလုပ် အကိုင် ပျက်ရသည်။ လေးနှစ် တစ်ကြိမ်မို့လို့သာ တော် တော့သည်။ ကမ္ဘာကြီးသည်လည်း လေးနှစ်တစ်ကြိမ် ကမ္ဘာ့ဖလားနှင့် အတူတူ အစဉ်ပြောင်းလဲနေသည်။ လွန်ခဲ့သော လေးနှစ်၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ စစ်ပွဲများ၊ မုန်တိုင်းများ၊ ကပ်ဆိုးကြီးများကို ကမ္ဘာ့ဖလား ပွဲနှင့် အတူတူ လည်ပြန်ကြည့်နိုင်သည်။ တည်ငြိမ် အေးချမ်းသော ဂြိုဟ်ကြီး တစ်ခု မဟုတ်တာတော့ သေချာသည်။ မည်သို့ပင် ဖြစ်စေ လေးနှစ်တစ်ကြိမ် ကျင်းပလို့ ရနေသေးသော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကြီးက ကမ္ဘာစစ်ကြီးတွေ မရှိတာကို ညွှန်ပြနေသောကြောင့် ကြံဖန်ပြီး ကျေးဇူး တင်မည်ဆို တင်လို့ ရပေမည်။
ပြီးခဲ့သော တောင်အာဖရိက ကမ္ဘာ့ဖလားပွဲတုံးက တောင်အာဖရိက နိုင်ငံကို အားကျရသည်။ ဘောလုံးပွဲကြီး လက်ခံ ကျင်းပနိုင်တာကို အားကျတာ မဟုတ်။ လူတန်းစား ခွဲခြားမှု စနစ်ဆိုးကြီး အောက်ကနေ ရုန်းထွက်လိုက်ပြီဆိုတဲ့ ကမ္ဘာကို အချက်ပေးလိုက်နိုင်တာကို အားကျရတာ။ နယ်လ်ဆင် မင်ဒယ်လ်လားကြီးကို တောင်အာဖရိက ပြည်သူ မဟုတ်တဲ့ ကျွန်တော်က မဆီမဆိုင် ကြားဝင် ကျေးဇူးတင်မိသည်။
အခု ဘရာဇီးလ်မှာ ကျင်းပနေသော ကမ္ဘာ့ဖလားပွဲကတော့ ကျွန်တော့်အတွက် ပိုပြီးတော့တောင် ထူးခြား နေသေးသည်။ Christ the Redeemer ရုပ်တုကြီးကို ကာတွန်းကား အလွန်ကြိုက်သော ကျွန်တော်က Rio ကာတွန်းကားလေးတွေထဲမှာ စတွေ့ကတည်းက သတိထားမိသည်။ ရီယိုဒီဂျနေယိုး မြို့ကြီး တစ်ခုလုံးကို အပေါ်မှ စီးမိုးကြည့်ပြီး မေတ္တာဓာတ်တွေ ပေးဝေနေသည့် ယေရှူသခင်၏ ရုပ်တုကြီးသည် မြို့တစ်ခုရဲ့ အထိမ်းအမှတ်သာ မဟုတ်။ ပျော်ရွှင် ချမ်းမြေ့မှု ရှိသော နိုင်ငံသားတွေရှိသော နိုင်ငံတစ်ခု၏ အမှတ်အသား။
ဘောလုံးပွဲတွေကို ကျွန်တော်တို့ ဘာကြောင့် ကြိုက်နှစ်သက်ကြပါသလဲ။ လူသားတွေရဲ့ စိတ်အား၊ ကိုယ်အား၊ စည်းလုံးညီညွှတ်မှု၊ နည်းစနစ်၊ ကျွမ်းကျင်လိမ္မာမှု တို့ကို ဖော်ပြနိုင်သော အားကစားနည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ တရားမျှတမှုအများကြီး ရှိနေသေးသောကြောင့် လဲ ဖြစ်နိုင်သည်။ လူဦးရေ သန်းထောင်ချီရှိတိုင်း ကမ္ဘာ့ဖလား ဘောလုံးပွဲ မှာ ၀င်ပြိုင်ဖို့ ကွာလီဖိုင်း ဖြစ်တာမဟုတ်။ စီးပွားရေး နံပါတ်တစ်၊ စစ်ရေးမှာ နိုးတူး ဆိုတိုင်း “ကွာတားဖိုင်နယ်လ်က စကန်မယ်ဟေ့” လို့ လုပ်လို့ရတာ မဟုတ်။ ဆင်းရဲနုံချာသော ပြည်သူ ပြည်သားတွေ အများကြီး ရှိသည့် နိုင်ငံငယ်လေးတွေက ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေကို နောက်ကောက်ကျစေနိုင်သည်။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဘူးသော ဆီနီဂေါလ်သည် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ပြင်သစ်ကို အုပ်စုအဆင့်မှာ ချန်ထားခဲ့သည်။ ဘောလုံးမှာ ချမ်းသာ၊ ဆင်းရဲ၊ အားကြီး၊ အားနည်း မရှိ။ အထူးသဖြင့် ကမ္ဘာ့ဖလားမှာ။
လက်ရှိ ကမ္ဘာ့ဘောလုံး မင်းသားတွေ ဖြစ်သည့် လီယွန်နယ်လ်မက်ဆီ၊ ရောလ်နယ်ဒို တို့၏ ၀င်ငွေသည် သူတို့ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် အသုံးစရိတ်ထက် များမှာ သေချာသည်။ သို့သော် နိုင်ငံအတွက် ကိုယ်စားပြုပေးရသော အခါ မီလျှံနာ ဘောလုံး မင်းသားများလဲ အောင်မြင်မှု ရချင်သည်။ ကိုယ်ရေး ကိုယ်တာ အောင်မြင်မှုထက် နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်တွေက ပိုကဲမည်ထင်သည်။
ဘောလုံးမှာလဲ သူ့နိုင်ငံနှင့် သူ ဘောလုံးကစားပုံ ပုံစံလေးတွေ မတူ။ စပိန်က အသေးစိတ် အကွက်ဖော်ပြီး ပွဲကြည့် ပရိတ်သတ် ကို ဖျော်ဖြေမှုပေးနိုင်အောင် ကြိုးစားသည်။ ဂျာမဏီကတော့ စနစ်တကျ၊ လေးလေးမှန်မှန်။ သိုင်းသိုင်း ၀ိုင်းဝိုင်း စည်းစည်းလုံးလုံး ရှိသည်။ အာရှအသင်းတွေ ကျတော့ အားသွန်ခွန်စိုက် ရှိသမျှ အားအင်တွေ ပုံအော ကစားသည်။ (အာရှမစစ်သော သြစတြေးလျ အသင်းကို မဆိုလို) တောင်အမေရိက အသင်းတွေကျတော့ ဘောလုံး အထိမ်းအသိမ်း နိုင်နိုင်နင်းနင်းနဲ့ ကစားကြသည်။ အလှအပ Skill ကောင်းကောင်းရှိကြသည်။
သီးသီးသန့်သန့် ကိုယ့်စည်းလေးနဲ့ ကိုယ် သပ်သပ်ရပ်ရပ် နေလိုသော အင်္ဂလန်နိုင်ငံသားများ၏ အင်္ဂလန် အသင်းကျတော့ “ဆန်မရှိဘဲ အစားကြီးချင်” စကားကို သတိရစေသည်။ ဘောလုံးပွဲကြီးတွေ နီးလာတိုင်း အင်္ဂလန်ကို အခုဘဲ ဗိုလ်စွဲတော့မလိုလို သူတို့ မီဒီယာတွေက ချီးမြှောက်ကြသည်။ ဘောလုံးပွဲ အကြည့်နာသော ပရိတ်သတ်ကတော့ ဖျက်မြင်း အဆင့်ထက် ပိုမတွက်ကြ။ ကစားကွက် ကောင်းကောင်းမရှိ၊ ကန်တင်ပြေး၊ ကာယအားကိုးသော သူတို့အသင်း နိုင်ပွဲရလဲ ပရိတ်သတ်ကို ကျေနပ်စေသော ပွဲတွေ မဟုတ်တာ များသည်။
ပြီးတော့ ကမ္ဘာ့ဖလားမှာ ဘောလုံးသမားတစ်ယောက် ပါဝင်ဆင်နွှဲဖို့ ခြေစွမ်းကောင်းရမည်။ နောက်ပြီး ကုသိုလ်ကံလဲ ကောင်းရသည်။ ပြိုင်ပွဲကြီး စခါနီးမှ ဒဏ်ရာ ကပ်ရလိုက်ပြီး လွဲချော်သွားသော ဘောလုံး သမားတွေအတွက် စောင့်ပေအုံးတော့ နောက်ထပ် လေးနှစ်။ ဒါကလဲ နောက်ထပ်လေးနှစ်အတွင်း ကိုယ့်ခြေစွမ်းက တည်ငြိမ်ပါမှ။ နောက်ပြီး အသက် အရွယ်။ ဘောလုံး သမားတစ်ယောက် စပြီး တန်းဝင်လာတာက အသက် ၂၄၊ ၂၅ ၀န်းကျင်။ အဲဒီအသက်အရွယ်မှာ ကိုယ့်ရှေ့မှာ စီနီယာကြီးတွေ ရှိနေတတ်သေးသည်။ ၂၇၊ ၂၈ ဆိုတဲ့ အသက်ကျမှ ခြေစွမ်းကော၊ စိတ်ဓာတ်ပါ ရင့်ကျက် တည်ငြိမ်လာပြီး ခြေစွမ်း အကောင်းဆုံး အရွယ်။ အဲဒီအရွယ်မှာ ကမ္ဘာ့ဖလား လွဲချော်ခဲ့သော သူများ နောက်ထပ် သုံးနှစ်ထည့်ပေါင်းရင် အသက် သုံးဆယ် ကျော်။ အသက် သုံးဆယ်ကျော် ဘောလုံး သမားဆိုလျှင် နည်းပြတွေက နည်းနည်း စဉ်းစားပြီ။ အသက်သုံးဆယ်ကျော်လျှင် ဘောလုံး သမားနှင့် အမျိုးသမီးတွေ အတူတူဖြစ်သည်။ လူတိုင်းက နည်းနည်းတွန့်ချင်ပြီ။ (အပျိုကြီးများ ဖိုးထက်ကို မဆဲရ။ ဘောလုံး နည်းပြများကိုသာ ဆဲပါရန်။)
အခု လက်ရှိ ကမ္ဘာ့ဖလားပွဲမှာ ၀င်ရောက်ပါဝင် ဆင်နွှဲသော ဂျာရတ်၊ ပီယာလို၊ ဖရင့် လင်းဘတ်၊ ရော်ဘင်၊ ဘင်ပါဆီ တို့ ၂၀၁၈ ရုရှားကျရင် ပါဝင်ဖို့ မဖြစ်နိုင်သလောက် သေချာနေပြီ။ အချိန်သည် အလွန် အရေးကြီးသည် ဆိုသည့် စကားက သူတို့ ဘောလုံး သမားတွေအတွက် အလွန်မှန်သည်။ ဘောလုံးကန်လို့ ကောင်းသော ဆယ်နှစ်ခန့် အချိန် အတွင်းမှာ ဘ၀တစ်သက်စာ ဖူလုံဖို့ ငွေရှာကြသည် ထင်သည်။ လစာများများပေးသော အသင်းတွေကို ခုန်ခုန်ကူးနေကြတာ သိပ်တော့လဲ မဆန်း။
နိုင်ငံ ပရိသတ်တွေကလဲ သူ့ဗီဇနဲ့သူ ရှိသည်လို့ ကျွန်တော် ထင်သည်။ အင်္ဂလန်ပရိတ်သတ်များက သူတို့နိုင်ငံ ပရီးမီးယားလိဂ်တွေမှာ ဘောလုံးသမားနဲ့ ပရိတ်သတ် ၀ါးတစ်ပြန်ပင် မဝေး။ ဘာပြဿနာမှ ကြီးကြီးမားမား မရှိ။ သူတို့ပရိတ်သတ် သူများနိုင်ငံလိုက်ပြီး အားပေးလျှင် ပြဿနာတွေ ကြားရပြီ။ နည်းနည်းကြီးကျယ်သော ပကာဿနများသည့် လူများကို အလိုလို အမြင်ကတ်တတ်ကြသော လူ့သဘာဝအရ ရန်စကြရင်း ပြဿနာတွေ ဖြစ်ကြရလေသလား မသိ။
တောင်အမေရိက ပရိတ်သတ်တွေကျတော့ ချစ်ချစ်ခင်ခင် ခင်ခင်မင်မင် ရှေးကထက်ပိုချစ် နေကြပုံ ရှိသည်။ လက်ရှိ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ အိမ်ရှင် ဘရာဇီး နဲ့ တစ်နယ်တည်းသား ချီလီတို့ ထိပ်တိုက်တွေ့ခဲ့သည်။ ချီလီက အိမ်ရှင်ထက် ခြေစွမ်း ကောင်းနေသည်။ ဘရာဇီးလ် ကံကောင်းလို့မရှုံးတာလို့ ပြောရမည်။ သို့သော် အိမ်ရှင် ပရိတ်သတ်ကတော့ အပြုံးမပျက်။ အပြုံးတွေ တဝေေ၀နှင့် သူတို့ အသင်းကို အားပေးနိုင်တာ ကြည်နူးစရာ။ နောက်ပြီး ချီလီပရိတ်သတ်က ဘရာဇီးလ်ပရိတ်သတ်ကြားထဲမှာ ရောက်နေသည်။ အ၀ါရောင်တွေကြားထဲမှာ အနီရောင်တွေက ဟိုတစ်ကွက်၊ ဒီတစ်ကွက်။ နောက်ပြီး ဂျပန် အသင်းက သူတို့ အသင်း ကန်တဲ့ ပွဲအပြီးမှာ အမှိုက်တွေ စနစ်တကျ လိုက်ကောက်ပြီး သိမ်းပေးခဲ့သတဲ့။ ဒါတောင် အဲဒီပွဲမှာ ရှုံးသွားလို့။ နိုင်များ နိုင်ရင် ခုံတွေပါ ရေဆေးပေးနိုင်သည်။
လက်ရှိ ကမ္ဘာ့ဖလားမှာ ကျွန်တော် စိတ်အ၀င်စားဆုံးက နောက်ဆုံးပေါ် နည်းပညာတွေကို မြက်ခင်းစိမ်းတွေဆီသို့ ယူလာနိုင်ခြင်း ဖြစ်သည်။ Goalline Technology တဲ့။ ဂိုးစည်းပေါ်ကို ဘောလုံးကျော်ဝင်သွားသလား၊ မ၀င်သွားဘူးလား အရင်က အရမ်းငြင်းရသည်။ ရန်ဖြစ်ရသည်။ နစ်နာသူများ အလွန် နစ်နာသည်။ ပြီးခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်နှင့် ဂျာမဏီပွဲမှာ ဖရင့်လင်းဘတ် ကန်သော ဘောလုံး ဂိုးလားတန်းကို ထိ၊ ဂိုးစည်းကို ကျော်၊ မြေကြီးကို ထောက်ပြီး ဘောလုံးက ပြန်ခုန်ထွက်လာသည်။ ကွင်းလယ် ဒိုင်လူကြီး နှင့် ဘောလုံးထက် ပိုမြန်အောင် ပြေးလို့ မရသော စည်းကြပ်ဒိုင်လဲ မမြင်။ တကယ်ဆိုရင် အဲဒီဂိုးသာ အသိအမှတ်ပြုခံရရင် နှစ်ဂိုး နှစ်ဂိုး သရေ။
အခုတော့ ဘာမှ ငြင်းစရာ မလိုတော့။ ဘောလုံးက ဂိုးစည်းကျော်တာနဲ့ ဒိုင်လူကြီး လက်မှာ ပါတ်ထားသော လက်ပါတ်ကို နည်းပညာက သတင်းပို့သည်။ ဂိုး……..ဒိုင်လဲ မျက်နှာ ပျက်စရာ မလိုတော့။ အနှေးပြန်ပြ။ ပရိတ်သတ်ကြီးလဲပျော်။ အားလုံးစိတ်တိုင်းကျစေသော နည်းပညာ တစ်ခု။
လူကျွံ၊ မကျွံ ကိစ္စကလဲ အခုထက်ထိ ပြဿနာကြီး အဖြစ်ရှိနေသေးသည်။ နစ်နာသူများ အလွန်နစ်နာသည်။ စည်းကြပ်ဒိုင် တစ်ယောက်တည်းရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်အရ လက်မြှောက်ခြင်း၊ မမြှောက်ခြင်းက လူပေါင်း သန်းထောင်ချီကို စိတ်ပျက်စေနိုင်သည်။ ဒေါသထွက်စေနိုင်သည်။ နောင်မှာ ဒါလဲ နည်းပညာအရ ကျော်လွှား လာနိုင်သည်။ ဘောလုံးသမားတွေရဲ့ ဘောလုံးကန် ဖိနပ်မှာ မိုက်ခရိုချပ်စ်လေးများ ထည့်ပြီး ကွန်ပြူတာ စနစ်တစ်ခုနှင့် ကင်မရာများပါ ပေါင်းစပ်လိုက်လျှင် နောင်ဆိုလျှင် ကွင်းလယ်ဒိုင် တစ်ယောက်သာ လိုနိုင်တော့သည်။ ပျင်းစရာတော့ အတော်ကောင်းသွားလိမ့်မည်။ အခုတော့ လူကျွံတယ်၊ မကျွံဘူး ငြင်းနေရတာကိုက ဘောလုံးပွဲကြည့်ရတဲ့ အရသာတစ်ခု ဖြစ်သည်။
ဘောလုံးသမားတွေရဲ့ အပြုအမူကို ထိမ်းသိမ်းဖို့ FIFA က နည်းပညာ ယူအုံးမည်လား မသိ။ ဥပမာအားဖြင့် ဥရုဂွေး ဘောလုံး စတား ဆွာရက်စ် အီတလီ နောက်တန်းလူ ပုခုံးကို ကိုက်တာ ဒိုင်က မမြင်လိုက်လို့ အရေးမယူလိုက်ရ။ နောင်မှ ပြန်ကြည့်ပြီး အရေးယူလိုက်ရသည်။ နောင်မှာ ဘောလုံးသမားတွေရဲ့ ၀တ်စုံတွေမှာ Sensor chips များ တပ်ပြီး စိတ်အခြေအနေ ပုံမှန် ဟုတ်၊ မဟုတ်။ ဒေါသထွက်နေသလား။ ရန်လိုနေသလား။ တမင်ရည်ရွယ်ပြီး ခြေထိုးသလား။ သူပြေးလာတဲ့ ပြေးအား၊ ပြိုင်ဘက်ရဲ့ ပြေးအား တွက်ချက်ပြီး ဘယ်သူက ဟန်ဆောင်သလဲ။ ဘယ်နေရာကို ထိသွားသလဲ။ ကွန်ပြူတာ စနစ်ကတွက်ချက်ပြီး ဒိုင်ကို သတင်းပို့။
ကျွန်တော်တွေးတာ များကုန်ပြီထင်သည်။ တကယ်သာ အဲဒီနည်းပညာတွေ ပေါ်ခဲ့တယ်ဆိုရင်လဲ ဘောလုံးပွဲတွေကို အခုလောက် လူတွေ ကြိုက်ကြပါတော့မလား သံသယ၀င်သည်။ လူ့လောကကြီးက မှန်လွန်းတော့လဲ မကောင်း။ ပျင်းဖို့ ကောင်းတယ် မဟုတ်ဘူးလား။ ငြင်းရ ခုန်ရ၊ ဒေါသထွက်ရတာကိုက လူဖြစ်ရတဲ့ အရသာ တစ်ခုလို့ ယူဆလို့ မရဘူးလား။
နောင် နှစ်သုံးဆယ်လောက်ကြာရင် မြန်မာနိုင်ငံမှာရော ကမ္ဘာ့ဖလား လက်ခံ ကျင်းပခွင့် မရနိုင်ဘူးလား။ သွေးမတော် ၊ သားမစပ်လူတွေဖြစ်သည့် လူဖြူ၊ လူမဲ အသားအရောင် ခွဲခြားခဲ့သော တောင်အာဖရိကမှာပင် လက်ခံ ကျင်းပနိုင်ခဲ့သေးတာဘဲ။ ကျွန်တော်တို့က တစ်မြေတည်းနေ၊ တစ်ရေတည်း အတူတူ သောက်ခဲ့ကြတာ၊ သွေးစည်းပေါင်းဆုံခဲ့ကြတာ နှစ်တွေ ကြာ….ကြာ…လှပြီဘဲလေ။
အဲဒီအခါ ကျရင်သာ ဥရုဂွေး ဘောလုံး စတားဟောင်းကြီး အဘိုးကြီး ဆွာရက်စ်ကို ဖိတ်ရမည်။ ဒါပေမယ့် သူ့ကို သတိပေးဖို့ သံမဏိ ကျည်တောက် တစ်ခုလိုသည်။ ကောက်နေသော သူ့စိတ်ကို အမြဲဖြောင့်နေစေဖို့ အဲဒီ သံမဏိ ကျည်တောက်က သတိပေးနေနိုင်မှာမို့လား။ နောက်ထပ် သံမဏိကျည်တောက် လေးသိန်းခန့်လဲ လိုသည်။ ဘောလုံးပွဲ ပရိတ်သတ် လူအုပ်နဲ့ ဆူဆူညံညံအသံကြားလျှင် အခွင့်အရေးယူနိုင်သော မြန်မာ့တပ်မတော်ကို အဲသည်ကျည်တောက်ကို ပေးထားချင်သည်။ သတိထားပါ ဆရာတို့။ ဒါဟာ ဘောလုံးပွဲပါ။ တိုင်းပြည်ကြီး ချောက်ထဲကျခါနီး လက်တစ်လုံးဘဲ လိုတာ မဟုတ်ဘူးနော် ဆရာသမားတို့လို့ သတိရစေနိုင်သည်။
အခုတော့ မန္တလေး……ကျွန်တော်တို့ ရွှေမန္တလေးမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အတူတူ မကြည့်ရဘူးတဲ့လေ။ ဘောလုံးပွဲတွေကို နောက်ဆံတငင်ငင် စိတ်ဖြောင့်ဖြောင့်တန်းတန်း မရှိဘဲ တစ်ယောက်ထဲ ကြည့်ရတာ စိတ်ညစ်ဖို့ လွှတ်ကောင်းတယ်ဆိုတာ ကျွန်တော်တို့ ဘောပွဲ ပရိတ်သတ် အားလုံး သဘောတူ နိုင်ကြမှာပါ။
ဖိုးထက်
ဘောလုံးဝါသနာရှင်၊ မိုးမခစာဖတ်ပရိတ်သတ်အတွက် ရသအတွေး များစွာပေးပါတယ်။ ကျေးဇူးတင်ပါတယ်..။
ကမ္ဘာ့ဖလား မြန်မာနဲ့ထိုင်း ၂နိုင်ငံပေါင်းပြီး ကျင်းပနိုင်တာပဲ၊ အာစီယံနိုင်ငံများညီညွတ်ရင် ကျင်းပလို့ရပဲ။ ၂၀၀၂တုံးက ဂျပန်နဲ့ကိုးရီးယား ပူးတွဲကျင်းပပြီး၊ ၂သင်းစလုံး အုပ်စုဗိုလ်စွဲ၊ ဒုတိယအဆင့် တက်သွားတယ်။ တောင်ကိုးရီးယားက ဆီးမီးထိ၊ တက်နိုင်ခဲ့တဲ့ ရာဇဝင်ရှိတယ်ဗျ..။