အရှင်စန္ဒိမာ (မွန်စိန်တောရ) – သေရာညောင်စောင်း လျောင်းစက်ရာဝယ်

သေရာညောင်စောင်း လျောင်းစက်ရာဝယ်

အရှင်စန္ဒိမာ (မွန်စိန်တောရ)  ၊ ဇူလိုင် ၇၊ ၂၀၁၄

    လူမျိုးဘာသာအခြေခံ သွေးသံရဲရဲသတင်းတွေ သွေးကြွနေတဲ့ လူအုပ်စုရဲ့ ရိုက်ချိုးဖျက်ဆီး အကြမ်းဖက်နေကြတဲ့ ရုပ်ပုံတွေကို မြင်ချင်ကြားချင်စိတ် မရှိတော့လောက်အောင် စိတ်ကုန်လာပါတယ်။ နိုင်ငံအတွက် ဂုဏ်ယူစရာရှားပါး ကုန်းကောက်စရာ ဂုဏ်သိက္ခာရှုာမရတဲ့ မြန်မာနိုင်ငံသားဖြစ်ရတဲ့ ဘဝမှာ ထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်လေးပဲ ရှားရှားပါးပါး ဂုဏ်ယူစရာ ကျန်တော့တာပါ။ သို့သော် တိုက်ဆိုင်မှုပဲလား တမင်ဖန်တီးမှုပဲလား မပြောတတ်တော့ပါ။ ထေရဝါဒဗုဒ္ဓသာသနာဆိုတဲ့ ဂုဏ်ယူစရာလေးဟာလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က စခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတာကြီးနဲ့ အလဲအလှယ် လုပ်လိုက်ရသလား အောက်မေ့မိပါတယ်။ လူမျိုးဘာသာအကြောင်းခံ အကြမ်းဖက်မှုတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာနဲ့ တစ်ချိန်တည်း ပေါ်ပေါက်လာတော့တာပါ။  

     ၂၀၁၁ ခုနှစ် အစောပိုင်းကာလလောက်က စခဲ့တဲ့ ကျားပျံနိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ ယခုတော့ အရသာမရှိတဲ့ ပေါ့ရွှတ်ရွှတ် ကြံဖျားနိုင်ငံရေးပြုပြင်ပြောင်းလဲမှုပါပဲလားဆိုတာ သိလာရပါပြီ။ နိုင်ငံဘာဖြစ်ဖြစ် ပြည်သူတွေ ဘယ်လို ဒုက္ခရောက်ရောက် ဒို့တာဝန်အရေးသုံးပါးဆိုတာကို နှုတ်တိုက်အာဂုံဆောင် ရွတ်ဖတ်နေကြသူတို့ရဲ့ ဝမ်းတွင်းမှာ အတ္တ ဝိသမလောဘ မာယာသာထေယျ ဒေါသအာဃာတနဲ့ သူခိုးကျင့်သူခိုးကြံတွေပဲ မှန်ဘီလူးအကူမပါဘဲ ထွင်းဖေါက်မြင်နေရသလိုပါ။  

     ဒီလူတွေ ဘယ်လိုကံနဲ့များ ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးမှ မွေးဖွားလာခဲ့ကြပါလိမ့်လို့ မတွေးတတ်တော့တာ အမှန်ပါ။

    တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ စိတ်ကောင်းရှိဖို့ ပထမ ဆိုတဲ့ သြဝါဒပဲ ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာပါ စွဲမြဲနေပါတယ်။ စိတ်ကောင်းမရှိတဲ့ အုပ်ချုပ်သူအစိုးရမင်းတွေနဲ့ စခန်းသွားနေသရွေ့တော့ ပြည်သူတွေ ဒုက္ခမရောက်သင့်ပါဘဲ၊ မဆင်းရဲသင့်ပါဘဲ ဒုက္ခဆင်းရဲနဲ့ လက်တွဲဖြုတ်နိုင်အုံးမယ် မထင်ပါ။

     လူမျိုးဘာသာနဲ့ ပတ်သက်လို့ ကိုယ်တွေ့ထဲကပဲ ကျေးဇူးပြုပြီး မျှဝေခွင့်ပြုပါ။

     မိမိရဲ့ ကျောင်းနေဖက်တွေထဲမှာ မူဆလင်အပါအဝင် ဘာသာခြား သူငယ်ချင်းတွေ ရှိခဲ့ပါတယ်။ ကျေးဇူးရှင် ဆရာဆရာမတွေထဲမှာလည်း မူဆလင်ဆရာဆရာမတွေ ပါဝင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ့်ဆရာဆရာမတွေကို မူဆလင်လား ဘာလားတောင် မသိခဲ့ပါဘူး။ သိတတ်လာတဲ့ အရွယ်ရောက်တော့လည်း သူတို့ ဘယ်ဘာသာဝင်ဖြစ်စေ သူတို့အပေါ်မှာ ထားတဲ့ ဆရာဆရာမဆိုတဲ့ အသိက ပြောင်းမသွားခဲ့ပါဘူး။ အဆက်အသွယ်မရှိတာ ကြာပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ သူတို့အပေါ်ထားတဲ့ ဆရာ့ဂုဏ်ကျေးဇူးကို ယနေ့တိုင် အမှတ်ရလျှက်ပါ။ ကလေးဘဝမှာ အိမ်နီးနားချင်း ခင်မင်ရင်းနှီးတဲ့ မူဆလင်ငယ်ပေါင်းတွေ ရှိခဲ့သလို တက္ကသိုလ်ရောက်ချိန်အထိ မူဆလင် ခရစ်ယာန် ဟိန္ဒူ အပါအဝင် သူငယ်ချင်းများနဲ့ အတန်းဖေါ်တွေအဖြစ် သိကျွမ်းခင်မင်ရင်းနှီးခဲ့ပါတယ်။ မိဘများနဲ့ မိသားစုချင်း ရင်းနှီးခင်မင်တဲ့ မူဆလင်မိသားစုတွေလည်း အဆက်အသွယ်မပျက် ရှိနေကြဆဲပါ။ 

    သူတို့တွေကို ဆော်ဒီအာရေဗီးယားလို  ပါကစ္စတန် အီရန်လို နိုင်ငံမျိုးမှာ နေထိုင်ခွင့်ပေးမယ် ဆိုဦးတော့ နေနိုင်ကြမယ် မထင်ပါ။ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက် အငွေ့အသက်တွေဟာ သူတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့သွားခဲ့ပါပြီ။ 

  

  ရဟန်းဖြစ်ပြီး ပြည်ပထွက်လာတဲ့အခါမှာ အာဖဂန်နစ္စတန် ဆီးရီးယား အီရန် အီရတ်နဲ့ အာဖရိကနိုင်ငံတချို့မှ မူဆလင်တွေနဲ့ ကြုံကြိုက်တိုက်ဆိုင်လို့ တွေ့ဆုံစကားပြောဖြစ်ခဲ့တာ ရှိပါတယ်။ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာအကြောင်းကို စိတ်ဝင်တစား မေးလာကြလို့ ဖြေခဲ့ရတာလည်း ရှိပါတယ်။ သူတို့တွေအားလုံးက အယ်လ်ကိုင်းဒါး တာလီဘန်စတဲ့ အစ္စလာမ်မစ် အစွန်းရောက်တွေကို လုံးဝ မကြိုက်ကြပါဘူး။ သူတို့တွေ အားလုံးဟာ အများသူငါလိုပဲ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း အေးအေးချမ်းချမ်း နေချင်ကြသူတွေပါ။

     လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ သီတင်းကျွတ်လပြည့်ညက အဖြစ်အပျက်လေးတစ်ခုကိုလည်း မျှဝေပေးချင်ပါသေးတယ်။

     ကင်ဆာရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားရင်း ခက်ခဲပင်ပန်းစွာ အသက်ရှူနေရတဲ့ အသက် ၇၅ နှစ်အရွယ် ဒကာမကြီးတစ်ယောက် ဆွီဒင်နိုင်ငံ ဆေးရုံတစ်ရုံရဲ့ ကုတင်ပေါ်မှာ ပက်လက်အနေအထား လဲလျောင်းနေခဲ့ပါတယ်။ ဒကာမကြီးကို ပြုစုစောင့်ရှောက်နေကြသူ လူလေးငါးယောက်ထဲမှာ ဒကာမကြီးနဲ့ သွေးသားတော်စပ်သူ တစ်ဦးတစ်ယောက်မျှ မပါဝင်ဘဲ သူတို့ဟာ မြန်မာမူဆလင်တစ်ယောက်နဲ့ ကရင်တိုင်းရင်းသား ခရစ်ယာန်တွေသာ ဖြစ်ကြပါတယ်။ 

    ပြင်းထန်တဲ့ ရောဂါဒဏ်ခံစားနေရတဲ့ ထိုဒကာမကြီးနဲ့ တစ်မြို့တည်းနေ အဆိုပါ တိုင်းရင်းသား ဘာသာခြားမိတ်ဆွေတွေက ဗုဒ္ဓရဲ့ ပရိတ်တရားတော် မေတ္တာတရားတော်ကို ဒကာမကြီးအတွက် ပို့သပွားများပေးနိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိတို့ ရဟန်းနှစ်ပါးကို ဆေးရုံအရောက် ပင့်ဆောင်လာခဲ့ကြတာပါ။ မိမိတို့လည်း သတိလည်တစ်ချက် မလည်တစ်ချက် ဖြစ်နေတဲ့ ဒကာမကြီးကို အာရုံစူးစိုက်ပြီး မေတ္တာပို့သ ဆုတောင်းပေးခဲ့ကာ ညတွင်းချင်းပဲ သီးတင်းသုံးရာ ကျောင်းကို ပြန်ခဲ့ကြပါတယ်။ 

    နောက်တစ်နေ့ နံနက်ပိုင်းမှာ ထိုဒကာမကြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒကာမကြီး ကွယ်လွန်ပြီး ၇ ရက်ပြည့်လို့ ရက်လည်ဆွမ်းကပ် ရေစက်ချအမျှဝေတဲ့ အလှူမှာ ချက်ပြုတ်ရေး၊ သံဃာတော်များကို ဆွမ်းကပ်ခြင်းနဲ့ ပရိသတ်တွေကို ဧည့်ခံကျွေးမွေးရေးတာဝန်ကို ယူနေကြသူတွေဟာလည်း ဒကာမကြီးရဲ့ အဆိုပါ တိုင်းရင်းသားဘာသာခြားမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ လူမျိုးဘာသာ ဘယ်လိုပင် ကွဲပြားစေကာမူ အားလုံးဟာ သူလို ကိုယ်လိုပဲ ချစ်တတ် ခင်တတ် လိုအပ်လာရင် ကူညီရိုင်းပင်းတတ်ကြတဲ့ လူတွေပါ။

     လူမျိုးဘာသာမရွေး ဤလောကကို ရောက်လာသူတိုင်းဟာလည်း တစ်နှေ့တစ်ချိန်မှာ ဤလောကမှ ထွက်ခွာသွားရစမြဲ ဓမ္မတာပါ။ အသက်ရှင်သန်နေစဉ်မှာ တရားသဖြင့်ရော မတရားသဖြင့်ရော ရယူပိုင်ဆိုင်ထားခဲ့သမျှ ရာထူး အာဏာ ဥစ္စာစည်းစိမ်တွေအားလုံးဟာ သေရာညောင်စောင်း လျောင်းစက်ချိန်မှာ ဘာတစ်ခုမျှ မက်မောတွယ်တာစရာ မဟုတ်တော့ပါ။ ထိုအချိန်အခါဟာ လူမျိုးဘာသာ အသားအရောင်မရွေး လူသားမှန်သမျှ ဆုံဆည်းကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။  

    ယခု အသက်ရှင်သန်နေကြဆဲ ရဟန်းရှင်လူမြန်မာပြည်သူပြည်သားများအားလုံး သတိသံဝေဂတရား ပွားများနိုင်ကြစေဖို့ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အောက်ပါ မေတ္တာပို့လင်္ကာကို နှလုံးသွင်း ပွားများရင်း ကိုယ်ချင်းစာနာစိတ်နဲ့ လူသားအချင်းချင်းအကြား မေတ္တာတရား ပွားများမွေးမြူနိုင်ကြပါစေ။ 

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။