ကဗျာ အောင်ဒင်

အောင်ဒင် – အမုန်းတရားများနှင့် တိုင်းပြည်

hate-is-hard-on-the-heart-anti-hate-campaign_design

အမုန်းတရားများနှင့် တိုင်းပြည်

အောင်ဒင်၊ ဇူလိုင် ၇၊ ၂၀၁၄

(၁)
တစ်ချိန်ကတော့
ဒီမြေမှာ ပန်းတွေဝေခဲ့တာပေါ့…။

အပြာဖွေးဖွေး
ငြိမ်းချမ်းရေးပန်းတွေ၊
ရွှေရောင်ရဲရင့်
နွေကို ငံ့လင့်တဲ့ ပန်းတွေ၊
နီနီရဲရဲ
ညီညွတ်လက်တွဲပန်းတွေ…။

အခုတော့
ပန်းတွေဝေခဲ့တဲ့ မြေဟာ
အမုန်းတွေနဲ့၊ ကြေကွဲမွန်းကြပ်ေ
အမှောင်ထုထဲမှာ ရပ်တန့်နေရ…။

(၂)
ဒီမြေမှာ
တရားဥပဒေကို
ငွေနဲ့ အာဏာကစိုးမိုးတယေ်…။

မကောင်းဆိုးဝါးကိုရင်ဆိုင်ဖို့ ကြောက်တတ်တဲ့
ဥပဒေဘက်တော်သားတွေရှိတယ်…။

အာဏာရှင်ဆန့်ကျင်ရေးထက်
အာဏာရရေးက ပိုအရေးကြီးနေတဲ့
နိုင်ငံရေးသမားတွေရှိတယ်…။

လစာနည်းလို့ဆိုပြီး
အစည်းအဝေးမှန်မှန်မတက်တဲ့
လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်…။

 

မေတ္တာ၊ ဂရုဏာ၊ အကြင်နာနဲ့
သည်းခံစာနာခြင်းတွေကို သင်ပေးရမည့်အစား
ဘာသာခြားကို မုန်းတီးကြဖို့
လူမျိုးခြားကိုဆန့်ကျင်ကြဖို့
အားပါးတရ၊ လှုံ့ဆော်ကြတဲ့
တရားဟောဆရာတွေရှိတယ်…။

ကွန်ပြူတာရှေ့က လူသတ်သမားနဲ့
လမ်းမပေါ်က လူသတ်သမားကို
အောင်မြင်စွာ ချိတ်ဆက်ပေးတဲ့
ခေတ်မီနည်းပညာတွေရှိတယ်…။

မတူကွဲပြားမှုတွေအပေါ်
သည်းခံနိုင်စွမ်းကင်းမဲ့တဲ့
ကိုယ့်အမျိုး၊ ကိုယ့်ဘာသာသာ
အကောင်းဆုံးလို့ ယုံကြည်တဲ့
အစွန်းရောက် မျက်ကန်းမျိုးချစ်တွေရှိတယ်…။

ကောလာဟလကို
ရေနဲ့ လေလို ငတ်မွတ်တောင့်တကြတဲ့
နိုင်ငံကြီးသားတွေရှိတယ်…။

အကြမ်းဖက်မှုတွေဖြစ်ပြီးသွားရင်
“မြို့ခံတွေမပါဘူး” လို့
အလွယ်တကူ ငြင်းဆိုတတ်တဲ့
မြို့မိမြို့ဖတွေ၊ အာဏာပိုင်တွေရှိတယ်…။

ပြီးတော့
တစ်မြို့လုံး ကြေမွပျက်စီးပြီးမှ
ကြင်နာမှုတွေ အစုလိုက်အပြုံလိုက် လာရောက်ပေးကမ်းတတ်တဲ့
လူထုခေါင်းဆောင်တွေလည်း ရှိတယ်
ကယ်ဆယ်ရေးပစ္စည်းနည်းနည်းတော့ ပါလာတာပေါ့…။

 

 

 

(၃)
ရှိသေးတယ်
အမုန်းတရားတွေ ထပ်ခါထပ်ခါဟောပြောပြီး
အကြမ်းဖက်မှုတွေကို လှုံ့ဆော်ခဲ့သူက
ဒီမျက်နှာကြီးနဲ့ပဲ
ငြိမ်းချမ်းရေးသမား ဖြစ်နေပြန်ရဲ့…။

“ကမ္ဘာမကြေ” နိုင်ငံတော်သီချင်းကလည်း
အာဃာတတရား မြင့်မားရေးဖြစ်၊
ကိုယ့်အမျိုးကိုယ်ချစ်ရမယ်ဆိုပြီး
မိန်းမတွေကို ပြစ်တင်ကန့်သတ်၊
နိုင်ငံတော်သမ္မတကတော့
“မိဘပြည်သူများခင်ဗျား” ဆိုပြီး
တစ်လတစ်ခါ၊ ကောင်းတာလေးတွေ ရွေးပြော…။

ဒီလိုနဲ့၊ ငါချစ်တဲ့မြေ
အမုန်းတွေနဲ့၊ ကြေကွဲမွန်းကြပ်
အမှောင်ထုထဲမှာ ရပ်တန့်နေရ…။

 

(၄)
တစ်ချိန်ကတော့
နိုင်ငံတကာပြည်သူတွေ ကြည်ညိုလေးစားရတဲ့
အာဇာနည်တွေနေတဲ့ တိုင်းပြည်၊
အခုတော့
အမုန်းတရားတွေနဲ့၊ အရှုံးများနေတဲ့မြေ… ။ ။ ။

 

(ဇူလိုင် ၆၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts