မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၃၉)

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၃၉)
မာအေးဆိုနည်း ကကြီး ခကွေး…၎
မာမာအေး
ဇူလိုင် ၄၊ ၂၀၁၄
 
 
 

သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြာရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဂီတစာဆိုကျော် မြို့မငြိမ်းရေးသီခဲ့တဲ့ ‘သက်ဝေ’ သီချင်းရဲ့ စာသားကို စဉ်းစားတွေးခေါ်လာခဲ့တာ ဓါတ်ပြား ပထမ အခြမ်းပြီးသွားပြီ။ ‘သက်ဝေသီချင်းတီးလုံး’ လဲ မာအေး ရထားပါပြီရှင်။ အင်္ဂလန်နိုင်ငံရောက်နေတဲ့ ဂီတဝါသနာရှင် ဒေါက်တာလှဘူး စီစဉ် တီးခတ်ထားတဲ့ တီးလုံးဖြစ်ပါတယ်။

ခေတ်မီစက်ပစည်းတွေ တီထွင်တီးခတ်လာနေတဲ့ ဒီခေတ်ကြီးမှာ၊ စည်းဝါးတကျ ‘ ကီးဘုတ်’ မှာပါတဲ့ အသံအတု အမျိုးမျိုးနဲ့ ရှာဖွေထည့်သွင်း သီချင်းလုပ်ကြလေ့ရှိပါတယ်။ မြန်မာဂီတသံနဲ့ အလွန်တူအောင် ဖြည့်ဆီးတီးခတ်တာမျိုးကို ဆရာလေး ကိုလှဘူးရဲ့ ဒီတီးလုံးမှာကြား ခဲ့ရပါတယ်။ မာအေး အင်္ဂလန်ကို သာသနာပြုအသံလှူဖို့သွားတဲ့အခါတိုင်း လာကူတီးခတ်ပေးတဲ့ ဂီတမောင်ကလေးဖြစ်တာမို့ သူတို့မြို့ သူတို့အိမ်အထိ အလည်သွားခဲ့ဖူးပါတယ်။ ကိုယ်သိတာလောက်လဲ ဂီတအကြံပေးပါတယ်။ နာမည်ကျော်စန္ဒရားပညာရှင် ဦးလှထွတ်တို့ အင်္ဂလန်ကိုလာလည်ချိန်မှာလဲ မောင်လှဘူးကလေး ဂီတဆည်းပူးနိုင်အောင် သူ့အိမ်ကို အလည်လွှတ် တိုက်တွန်းပေး လုပ်ခဲ့တာပေါ့ရှင်။

အခုတော့တီးတာတင်မက သီချင်းပါဆိုနေခဲ့ပါပြီ။ ဖေ့ (စ) ဘွတ်မှာ စတားဖြစ်နေပြီလေ။ သူ့ရဲ့ ကြိုးစားမှုနဲ့ ဝါသနာကြီးမှုရဲ့ အကျိုးဆက်ပါဘဲ။ မြန်မာသံတို့ရဲ့ အတီးဖက်ကလျော့သွားနေခိုက်မှာ ဂီတသမားတယောက် ‘အွန်လိုင်း’ မှာပေါ်လာတာ ဝမ်းမြောက်စရာမဟုတ်ပါလားရှင်။ဒီနေ့ ဒေါက်တာလှဘူး တီးခတ်စီစဉ်ထားတဲ့ ‘သက်ဝေသီချင်းတီးလုံး’ နဲ့ မာအေးတို့တွေ လေ့ကျင့်လိုက်ဆိုလုပ်ကြတာပေါ့နော်။ မာအေး ရဲ့ဆိုနည်းကို ပေးမှာဖြစ်တဲ့အတွက် ဆိုပုံဆိုပေါက်တွေ ဘယ်စာ၊ ဘယ်နေရာမှာ၊ ထည့်ရမှာလဲဆိုတာ မှတ်သားကြဘို့ပြောပါမယ်။

ဂီတလောကမှာ ‘ဆိုပေါက်’ လို့ခေါ်နေကြတဲ့ ပိုပြီးနားထောင်ကောင်းအောင် ဖြည့်ဆည်းအသံတန်ဆာဆင်ရတဲ့ အသိပညာဟာ၊ များများ နားထောင်၊ များများလိုက်ဆို၊ များများကြေအောင်စာဖတ်မှ တဖြေးဖြေးနဲ့ နားယဉ်ပြီး တီထွင်တတ်လာတာမျိုးမို့ ‘သင်တိုင်းမတတ်တဲ့ သည် ပညာ’ လို့တောင် ပြောလေ့ရှိကြပါတယ်ရှင်။ စာတလုံးချင်း၊ တလုံးချင်းတိုင်းကို ဆိုပေါက်တွေလိုက်ထည့်တတ်တိုင်း ထည့်နေရင် သီချင်း ပျက်တတ်ပါတယ်။ မူရင်းတွေးသွားပျောက်ပြီး ဆိုပေါက်ချည်းဘဲ လွှမ်းမိုးသွားတတ်လို့ဖြစ်ပါတယ်ရှင်။ နားအရသာ မကောင်းတတ်ပါ ဘူး။ သီချင်းဆိုမယ့်သူဟာ လိုတဲ့နေရာ၊ ဖြည့်လို့ကောင်းမယ့်နေရာကို ရှာဖွေတတ်ဖို့လိုပါတယ်၊ သီချင်းပုံစံက ခန့်ငြားသလား၊ ပျော်စရာလား၊ မြူးရုံဘဲလား၊ ဆွေဖို့ရာလား၊ မေတာတွေချစ်တာတွေ ဖွဲ့တာလား၊ အဓိပ္ပါယ်နဲ့လိုက်ဖက်တဲ့ ဆိုပေါက်မျိုး ရွေးသုံးရပါတယ်။ တခါတရံ ဆိုပေါက်မလုပ်မှ လှတဲ့သီချင်းမျိုးလဲရှိတယ်။

သီချင်းအလှဆင်တာမျိုးကို ‘ဆိုပေါက်’ လုပ်တယ်လို့ သဘောပိုက်လိုက်ပါနော်။ ကိုယ်ဆိုခဲ့တဲ့ စာလုံးရဲ့ ကာရံအသံထွက်အတိုင်း၊ နောက်က ဆက်ထားတဲ့ စာမပါတဲ့ အသံသက်သက်ဆိုတာမျိုးဟာ ဆိုပေါက်ပါဘဲ။

အခုသက်ဝေ ပထမပိုဒ် စစချင်းမှာ “သစ္စာမဏ္ဍိုင်” ဆိုတဲ့ စာလုံး (၄) လုံးပါ။ ဂီတသံပါလာရင် ‘သစ္စာမဏ္ဍိုင်’ အဲဒီလိုဖြစ်သွားပါတယ်။ အဲဒါကိုဆိုပေါက်ထည့်ရင် ‘သစ္စာမဏ္ဍိုင်’ ‘ အိုင့်အိုင်အိုင်’၊ ဒါမျိုးကြားရပါလိမ့်မယ်။ ‘ အိုင့်အိုင်အိုင်’ ဆိုတဲ့ အသံသုံးသံမှာ စာလုံးမရှိပါဘူး။ ‘ အိုင့်အိုင်အိုင်’ ဆိုတဲ့အသံထွက်တာဟာ ဆိုပေါက်ဆက်မယ့်စာလုံးက ‘မဏ္ဍိုင်’ ဖြစ်နေလို့၊ ‘အိုင်’ ကာရံကို ယူရတာဖြစ်ပါတယ်။ ဆက် တွေးကြည့်လိုက်ပါ၊ ‘မိုး’ ဆိုရင် ‘ဝိုး’ ပေါ့၊ ‘ပြုံး’ ဆိုရင် ‘ဝုံး’ ပေါ့။ ‘အောင်’ ဆိုရင် ‘ဝေါင်’ ဆိုတာမျိုး ကာရံကိုလိုက်အသံထွက်ရမယ်လို့ မှတ်ကြ တာပေါ့။ နမူနာပြောပြပြီးပြီဆိုတော့၊ ဆိုပေါက်ဘယ်စာမှာ ဘယ်နှစ်သံထည့်ထားတယ်ဆိုတာ  စရအောင်ပါ။

သစ္စာမဏ္ဍိုင်ရဲ့နောက်မှာ အသံ (၃) သံထည့်ပြီး ဆိုပေါက်လုပ်ထားပါတယ်။ သစ္စာမဏ္ဍိုင် အိုင့်အိုင်အိုင်၊ ဒီလို တဆက်ထဲဆိုပါ။ မြဲ ဟဲ ခိုင် အိုင် ခဲ့ပေ၊ ကြားပါတယ်နော်၊ ‘ မြဲ နဲ့ ခိုင်’ ရဲ့ နောက်မှာ တသံစီထည့်ထားတယ်။ ‘မေတ္တာမိုးတွေ’ နေရာမှာ ဆိုပေါက်မရှိပါဘူး။ သွန်းဝန်းဖြိုး ရွာ အာ စွေ၊ ဒီစာပိုဒ်က ‘သွန်း’ နဲ့ ‘ရွာ’ စာလုံးတွေမှာ တသံစီထည့်ပါတယ်။ အသဲမှာစွဲမက် အက်အက်၊  အသက်ကိုပုံတယ် အယ့်အယ်အယ်၊ လေ… ‘မက်’ ဆိုတဲ့စာမှာ အသံ (၂) သံဆက်ပါတယ်။ ‘ပုံတယ်’ ရဲ့နောက်က ‘အယ့်အယ်အယ်’ လို့ သုံးသံတွဲဆိုပြီးမှ ‘လေ’ ဆိုတဲ့စာနဲ့ အသံကိုချလိုက်ရပါတယ်။ သီချင်းဆက်ဆိုသွားတဲ့အခါကျတော့ တကိုယ်လုံးသိမ်းကြုံး လိုရာသုံး ဝုံး သက် အက်ဝေ၊ အပြုံး ဝုံး မပျက်ပေါင်၊ စိတ်လက်ရှည်ရှည်.. ဒီနေရာမှာ ‘ သုံး၊ သက် နဲ့ ပြုံး’ တို့ကို တသံစီ ဆိုပေါက်လုပ်ထားပါတယ်။ အချစ်အတွက် အက်ဖြင့် အသက်ပင်သေသေ၊ ‘တွက်’ ဆိုတဲ့စာလုံးမှာ တသံပိုထားပါတယ်။
အသွေး အေး ယူ ဝူ၊ အသားအားကို ဝိုလှူ ဝူ လှူ၊ စိတ် ဟိတ် တူတယ်၊ ရီရီပြုံး ဝုံးဝုံးပြုံး၊ ဒီစာကြောင်းမှာ ဆိုပေါက်တွေ အများကြီးပါနေတယ်။ စာလုံးနောက်က ကာရံသံတွေကို ဂရုစိုက်ပါ။ အသွေး ဟေ ယူ ဝူ၊ အသား ဟား ကို ဝို၊ လှူ ဝူ လှူ၊ စိတ် အိတ်၊ အားလုံးမှာပါတယ်။ ‘ တူ တယ်’ ရဲ့ နောက်ကစာလုံး ‘ရီရီပြုံး ဝုံးဝုံးပြုံး၊ နေရာမှာ ပြုံးပြီးတော့ ‘ဝုံးဝုံး’ လို့ ဆိုရမယ့် နှစ်သံရှိပါတယ်။ မဒီဒေ ဟေ ဝီ အီ၊ ဝေ သ န် အန်အန်ဘုန်း လို၊ နေရာမှာ ‘ဒေနဲ့ဝီ’  မှာ တသံစီတိုးထားတယ်၊ ‘ဝေ သန်ရဲ့ နောက်က ‘အန်အန်’ ဆိုတဲ့ (၂) သံပါပါတယ်။

နှလုံး ‘ဝုံးဝုံး’ ပြုကာ၊ ကြည်ဖြူမှာ အာ့အာတွေ၊ ဒီမှာကတော့ ‘လုံးနဲ့မှာ’ အတွက် ၂ သံစီထည့်ရပါတယ်။

သက်ဝေဟေ၊ အလို ဝိုးဝိုး ကျဆိုသမျှ၊ ကိုယ်ရောစိတ်က၊ လိုက်လျောရပါမယ်။ အယ့်အယ်အယ်၊ လေ..၊ ‘ဝေ’ မှာ ‘ဟေ’ ‘အလိုမှာ ဝိုးဝိုး’ ၊ ‘ မယ်’ မှာကျတော့ အယ့်အယ်အယ် လို့သုံးသံတွဲပြီးမှ ‘လေ’လို့ ဆိုချလိုက်ရပါတယ်။

ဆိုပေါက်ကို စာနဲ့လိုက်ရေးရတာ အတော်ခေါင်းစားတယ် သောတရှင်တို့ရဲ့ မှတ်တမ်းလေး ကျန်ပါစေတော့လို့ပါ။ အခုအသေးစိပ် ပြောပြခဲ့ တဲ့အတိုင်း ဆိုပြလိုက်ပါတယ်။

(သက်ဝေသီချင်း) သစ္စာမဏ္ဍိုင် အိုင့်အိုင်အိုင်၊ မြဲဟဲခိုင်အိုင်ခဲ့ပေ၊ မေတာမိုးတွေ၊ သွန်းဝန်းဖြိုးရွာအာစွေ၊ အသဲမှာစွဲမက်အက်အက်၊ အသက် ပိုပုံတယ် အယ့်အယ်အယ် လေ…..

တကိုယ်လုံးသိမ်းကြုံး၊ လိုရာသုံးဝုံး သက်အက်ဝေ၊ အပြုံးဝုံး မပျက်ပေါင် စိတ်လက်ရှည်ရှည်၊ အချစ်အတွက် အက်ဖြင့်၊ အသက်ပင်သေသေ၊ အသွေးအေး ယူဝူ အသားအား ကိုဝို လှူဝူလှူ ၊ စိတ်အိတ် တူတယ်၊ ရီရီ ပြုံး ဝုံးဝုံး ပြုံး၊ မဒီဒေ ဟေဝီအီ၊ ဝေသ န် အန်အန်ဘုန်းလို၊ နှလုံးဝုံးဝုံးပြုကာ၊ ကြည်ဖြူမှာ အာအာတွေ၊ သက်ဝေဟေ အလို ဝိုးဝို ကျဆိုသမျှ၊ ကိုယ်ရောစိတ်ကလိုက်လျောရပါမယ်-အယ့်အယ်အယ် လေ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts